သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ခရီးစဉ် ဥရောပရောက် မြန်မာတွေ တုံ့ပြန်


ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီး ထွက်ခွာသွားတဲ့ သမ္မတဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးအဖွဲ့
ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီး ထွက်ခွာသွားတဲ့ သမ္မတဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးအဖွဲ့

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အမှန်တကယ်ဖော်ဆောင်နိုင်ခြင်းမရှိဘဲ အပြောသက်သက်ပဲဖြစ်နေတဲ့သမ္မတဦးသိန်းစိန်ရဲ့ ဥရောပ ခရီးစဉ်ကို မကြိုဆိုတဲ့ အကြောင်း ဥရောပရောက် မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှား သူတွေက ပြောလိုက်ပါတယ်။မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ကို စတင်လိုက်တဲ့အချိန်မှာ ပဲ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်တွေ အ တွင်းမှာလည်း ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေတယ်လို့လည်း ပြောလိုက်ပါတယ်။ အခြေအနေအပြည့်အစုံကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်ဟာ ၁၀ ရက်ကြာ ဥရောပ ၃ နိုင်ငံခရီးစဉ်ကို တနင်္လာနေ့က စတင်လိုက်ပြီး ဒီကနေ့ အင်္ဂါနေ့မှာတော့ ဂျာမနီနိုင်ငံကို အရင်ဆုံး ရောက်မှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ဂျာမနီသမ္မတရဲ့ ဖိတ်ကြားချက်အရ ၂ နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်တာဖြစ်ပြီး ဂျာမန် ဝန်ကြီးချုပ် အန်ဂလာမာကယ်နဲ့ရော သမ္မတ Joachim Gauck နဲ့ ပါတွေ့ဆုံမှာဖြစ်တယ်လို့ တယ်လို့ မြန်မာသမ္မတရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်အတွက်တော့ သမ္မတအဖြစ်နဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံကို သွားရောက်မဲ့ခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာသမ္မတရဲ့ ခရီးစဉ်အပေါ် ဂျာမနီနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ဦးနွယ်အောင်က သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“သမ္မတဦးသိန်းစိန်အစိုးရဟာ Reform တွေ ဘာတွေ လုပ်နေတယ်ဆိုပေမယ့် တိုင်းပြည်မှာ ပြည်သူလူထုကတော့ ငတ်ပြတ်ပြီးတော့ ဆင်းရဲနေတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူလာတာကို ကျနော်တို့ကတော့ မကြိုဆိုနိုင်ဘူး။ ကျနော်တို့က သူ့ကို ဆန္ဒပြမှာပဲ။ Reform ဆိုတာကတော့ ဘာမှ Reform မရှိဘူး။ Lip Service ပဲ ရှိတယ်။ ပါးစပ်က ပြောချင်တာ ပြောနေတာပဲ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က မကြိုဆိုတာ။”

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း မြန်မာနိုင်ငံသားတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဦးနွယ်အောင်က အခုလို ထောက်ပြပါတယ်။

“တိုင်းပြည်မှာက အခြေခံဥပဒေက အရေးကြီးတယ်။ ဒါပေမယ့် သူတို့က ဘာမှ ဒီကိစ္စကို လုပ်ပေးနိုင်တဲ့ဟာမျိုး မရှိဘူး၊ စစ်တပ်ကသာ သူတို့က လက်ကိုင်ထားတယ်။ တရားဥပဒေကိစ္စမှာဆိုလို့ရှိရင်လည်းပဲ ထိရောက်တဲ့တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာမှ သူတို့ မလုပ်နေဘူး။ --လယ်ယာမြေတွေ သိမ်းတာတွေ ဘာတွေ၊ နောက်ပြီးတော့ ကြေးနီစီမံကိန်းမှာလည်းပဲ တိုင်းသူပြည်သားတွေဟာ နစ်နာနေရတယ်၊ ခံစားနေရတယ်၊ မီဒီယာကိစ္စတွေ၊ နောက်ပြီးတော့ ပုဒ်မ (၁၈) လုံးဝကို လက်ခံလို့ မရတဲ့ကိစ္စတွေ၊ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်သူလူထုပဲ နစ်နာတယ်ဆိုတာကတော့ ဒီဥစ္စာက လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။”

သမ္မတဦးသိန်းစိန်ဟာ ဂျာမနီနိုင်ငံကနေ တဆင့် ဆွစ်ဇာလန် နဲ့ နယ်သာလန် နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ၊ နယ်သာလန်နိုင်ငံမှာတော့ မြန်မာ့အရေး လှုပ်ရှားသူတွေက သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နယ်သာလန်ရုံးတာဝန်ခံ ဦးလှမြင့်နိုင်က ပြောပါတယ်။

“ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ တိုင်းသူပြည်သားတွေရဲ့ ပြဿနာတွေကို ယနေ့အချိန်အထိ ဦးသိန်းစိန်က ဖြေရှင်းပေးနိုင်တာလည်း မရှိဘူးဗျာ။ ဒါကို ခင်ဗျားတို့က ပြုပြင်ပြောင်းလဲမှု ဆိုတာကို စိတ်ကောင်း စေတနာကောင်းနဲ့ ပြုပြင်ပေးပါဆိုတာကိုပဲ ပြောချင်တာပါ။ ကျနော်တို့ ဆန္ဒပြတယ်ဆိုတာကလည်း သူတို့ မကြိုက်ဘူးဆိုတာကို ပုံစံမျိုး ပုဂ္ဂိုလ်ရေးအရ ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းထားတဲ့ Constitution ရဲ့အပေါ်မှာ ကျနော်တို့က ပြောမှာ ဖြစ်ပါတယ်။”

၂၀၁၁ ခုနှစ်က အရပ်သားအစိုးရသစ်အဖြစ် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်လာခဲ့ပြီးတဲ့နောက် မြန်မာအစိုးရဟာ ဥရောပအပါအဝင် အနောက် နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာခဲ့ပြီး၊ အမေရိကန် နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို လျှော့ချလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဂျာမနီသမ္မတ Joachim Gauck ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်လာခဲ့တာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဂျာမနီနိုင်ငံကို ပေးရမယ့်အကြွေး ယူရို ၁ ဘီလီယံထဲက တစ်ဝက်ကို လျော်ပစ်ခဲ့ပြီး ကျန်တဲ့တဝက်ကိုတော့ အတိုး ၃ % နဲ့ ၁၅ နှစ်အတွင်း အရစ်ကျပေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

ဂျာမနီနဲ့ မြန်မာနိုင်ငံကြား ၂ နိုင်ငံကုန်သွယ်မှုဟာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၇ သန်း တန်ဖိုးရှိခဲ့ပြီး မြန်မာနိုင်ငံကနေ ဂျာမနီကို တင်ပို့တဲ့ ပြည်ပပို့ကုန်တန်ဖိုးဟာ ၄၂ သန်းကျော်နဲ့ ဂျာမနီကနေ မြန်မာနိုင်ငံကို တင်သွင်းတဲ့ကုန်ပစ္စည်းတန်ဖိုးဟာ ၁၄၄ သန်းကျော်ရှိခဲ့ပါတယ်။ ၂၀၁၃-၁၄ ပထမ ၆ လမှာတော့ ၂ နိုင်ငံကြား ကုန်သွယ်မှုဟာ ၄၈.၁၄ သန်းရှိပြီး ၂၀၁၃ ဇူလိုင်လအထိ ဂျာမနီကနေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုကတော့ ၁၇.၅ သန်း ရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့ ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရထား ပို့ဆောင်ရေး၊ လျှပ်စစ်ထုတ်လုပ်မှု လူသုံးကုန်နဲ့ ကားထုတ်လုပ်မှု စတာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့စိတ်ဝင်စားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျာမနီနိုင်ငံဟာ အာရှတိုက်က ဂျပန်နိုင်ငံပြီးရင် မြန်မာနိုင်ငံအပေါ် အလှူငွေ အများဆုံးပေးတဲ့နိုင်ငံလည်းဖြစ်ပြီး မြန်မာနိုင်ငံက ကျောင်းသားတွေ အတွက်လည်း ပညာသင်ဆုတွေကို အတော်များများပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျာမနီနိုင်ငံကို သုံးရက်ကြာသွားရောက်ခဲ့ပြီး အဲဒီမှာ ဝန်ကြီးချုပ် အန်ဂလာ မာကယ်လ်၊ သမ္မတ Joachim Gauck တို့နဲ့ ဘာလင်မှာ တွေ့ဆုံပြီး အဲဒီမှာ နိုင်ငံတကာ Willy Brandt ဆုကိုလည်း လက်ခံရယူခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG