သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ကာချုပ် ပြောဆိုချက် စစ်တပ်သဘောထား မပြောင်းသေးကြောင်းပြသ


တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။ (၃-၂၇-၁၄)
တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။ (၃-၂၇-၁၄)
၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှု ဖြစ်ရပ်တွေမှာ တပ်မတော်ဟာ နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ် စောင့်ရှောက်ပေးခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို သွားတာကိုကြည့်ရင် အရင်စစ်အစိုးရ လက်ထက်ကလိုပဲ စစ်တပ်ရဲ့ အခြေခံ သဘောတရား မပြောင်းလဲဘူးဆိုတာ ထင်ရှားနေတယ်လို့ နိုင်ငံရေး သမားတချို့က သုံးသပ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုကို အကြောင်းပြချက်ပေးတာ သက်သက်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက စုစည်းတင်ပြပေးမှာပါ။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၉၆၂ နဲ့ ၁၉၈၈ ခုနှစ်တွေက စစ်တပ်က လူထုအာဏာသိမ်းခဲ့တဲ့ အပေါ်မှာ ဒါဟာ တပ်မတော်က နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ် စောင့်ရှောက်ပေးခဲ့ တာဖြစ်တယ်လို့ သူ့ရဲ့ တပ်မတော်နေ့ မိန့်ခွန်းတွင်း ထည့်သွင်း ပြောသွားခဲ့တာပါ။

" ၁၉၈၈ခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အန္တရာယ်ကြီးမားလှတဲ့ အရေးကိစ္စတွေမှာ တပ်မတော်ဟာ နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီပြောဆိုမှုကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါတယ်လို့ စစ်တပ်ဦးဆောင်တဲ့ အစိုးရက ဘယ်လိုပဲ ပြောနေပြောနေ တကယ်တမ်းမှာတော့ စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ချင်တဲ့ အခြေခံသဘောထား မပြောင်းလဲသေးဘူးဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

"၆၂မှာ အာဏာသိမ်းတဲ့ကိစ္စ တိုင်းပြည် ချောက်ထဲကျလို့လို့၊ နောက် ၈၈မှာ လူထုလှုပ်ရှားမှုဖြစ်တာက တိုင်းပြည်ချောက်ထဲ ကျမှာမို့လို့ဆိုတဲ့ အဲ့ဒီ့အယူအဆတွေက တကယ်တမ်းကျတော့ နဂို စစ်အာဏာရှင်စနစ် ကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ သဘောထားတွေပဲဖြစ်တယ်လေ။ အဲ့တာကို ထင်ဟပ်ပြီးတော့ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်ပြောသွားတယ်ဆိုတော့ အခုသူတို့ အပြောင်းအလဲလိုချင်တယ်။ အပြောင်းအလဲလုပ်ချင်တယ်ဆိုတဲ့ သဘောထားက သံသယရှိဖို့ကောင်းတယ် လို့ ကျနော်မြင်တယ်။

အခြေခံသဘောထားက မပြောင်းသေးဘူးဆိုတာ ထင်ထင်ရှားရှားပြလိုက်တာပဲ။ စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ချင်တဲ့ အခြေခံသဘောထားက မပြောင်းလဲသေးဘူးလို့ ယူဆလို့ရတယ်။ အဲဒီ့လို အခြေခံ သဘောတရား ရှိနေတယ်ဆိုတော့ ယုံဖို့ ခက်သွားတာပေါ့။ အဲ့တော့ အပြည့်အဝ အများပြည်သူ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုချင်တယ်ဆိုရင် တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တကယ်လိုချင်တယ်ဆိုရင် အဲဒီ့အခြေခံသဘောတရားက ပြောင်းကိုပြောင်းရမှာပဲ။ အခုတော့ သူ့ရဲ့ သဘောထားက ပြောင်းလဲပုံမရဘူးဆိုတာ သေချာပါတယ်။ "

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ စစ်တပ် အာဏာသိမ်းတာကို နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ပေးခဲ့တာာပါလို့ ဆိုပြီး ကာကွယ်ပြောဆိုတာကို လက်မခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

" ဒါက ကျနော်တို့အနေနဲ့ဆိုရင် လက်မခံဘူးလေ။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာက အဲ့ဒီ့တုန်းက စစ်ခေါင်းဆောင်တွေ၊ စစ်အာဏာရှင်တွေက အာဏာလိုချင်လို့ သိမ်းတာပဲ။ သူတို့ဘက်ကတော့ အကြောင်းပြချက်တွေပါ။ သူတို့ အာဏာသိမ်းဖို့ အကြောင်းမရှိပါဘူး။ တိုင်းပြည်ကို ကောင်းဖို့ဆိုရင် ကောင်းအောင်လုပ်ဖို့ဆိုရင် အဲ့ဒီ့ကတည်းက ဝင်ပါလို့ရတယ်။ ဝင်ဆွေးနွေး၊ ညှိနှိုင်းပြီးတော့ အဖြေတခု ရှာပေးလို့ရပါတယ်။ အာဏာသိမ်းတယ် ဆိုတာက အကြောင်းပြချက်တခုပါပဲ။

အဲ့သူတို့ကတော့ သူတို့လုပ်ခဲ့တာတွေနဲ့ပတ်သက်လို့ ဒီကနေ့ အချိန်အထိ ဘာမှ မှားတယ်ဆိုတဲ့ဟာမျိုးတွေ၊ ပြန်ပြီးတော့ စနစ်တကျ ဝေဖန်သုံးသပ်တာမျိုးတွေ၊ အဲ့တာမျိုးတွေကတော့ ဘယ်စစ်ခေါင်းဆောင်တွေ၊ နောက်ပြီးတော့မှ ဘယ်စစ်ခေါင်းဆောင် အဟောင်းတွေမှာမှ ကျနော်တို့ မတွေ့ရသေးဘူး။"

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုဟာ ဒီမိုကရေစီစနစ်ကို သွားနေပါတယ်လို့ အစိုးရက ဆိုပေမဲ့လည်း တကယ်တမ်းမှာတော့ စစ်တပ် လွှမ်းမိုးမှု အရိပ်အာဝါသအောက်မှာ ရှိနေတဲ့ ပြုပြင်ပြောင်းလဲမှု သက်သက်သာ ဖြစ်တယ်လို့လည်း ဦးစည်သူအောင်မြင့်က ဝေဖန် ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG