သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး အစီရင်ခံစာ ကိုယ်စားလှယ်တွေတုံ့ပြန်


ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် Yanghee Lee ရဲ့ အထွေထွေညီလာခံမှာ တင်ပြသွားတာနဲ့ ပတ်သက်ပြီးတော့ အဲဒီညီလာခံကို တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ် အပါအဝင် တခြားနိုင်ငံတွေက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ် Yanghee Lee အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဇန်နဝါရီလနဲ့ သြဂုတ်လက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့် က အစီရင်ခံစာကို အခုလို ဝေဖန်ခဲ့ပါတယ်။

“လွပ်လပ်တဲ့ သီးခြား စုံစမ်းစစ်ဆေးရေးမှူး တဦးအနေနဲ့ ဘက်မလိုက်တဲ့ မျှတတဲ့ အစီရင်ခံစာတွေကို အမြဲ ထုတ်ပြန်လိမ့်မယ်လို့ အလေးအနက် မျှော်လင့်ခဲ့ပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီနှစ် အစီရင်ခံစာဟာ အဲဒီလို မဖြစ်တဲ့အတွက် ဝမ်းနည်းမိပါတယ်။ အစီရင်ခံစာမှာ မမှန်ကန်မှုတွေ၊ လုပ်ကြံမှုတွေ၊ အထင်လွဲမှားစေတဲ့ စွပ်စွဲချက် အများအပြား ပါနေတာ တွေ့ရပါတယ်။ အပြုသဘော မဆောင်တဲ့ ရှုထောင့်ကနေ ရေးသားထားတာ တွေ့ရပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ အစီရင်ခံစာကို အချိန်ကိုက် ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့်လည်း နေပြည်တော်ကို ပြန်ညွှန်းဖို့နဲ့ သေသေချာချာ လေ့လာဖို့ အချိန်ကောင်းကောင်း မရတဲ့အတွက်လည်း မြန်မာသံအမတ်ကြီးက တရားဝင် မကျေနပ်ချက်ကို တင်သွင်းခဲ့ပြီး မစ် Yanghee Lee ရဲ့ အစီရင်ခံစာမှာ ချို့ယွင်းချက်တွေကို အခုလို ထောက်ပြခဲ့ပါတယ်။

“လူ့အခွင့်အရေးကို အကဲဖြတ်ရာမှာ ဒီနေ့ မြန်မာနိုင်ငံအခြေအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်က အခြေအနေကို နှိုင်းယှဉ် ကြည့်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းမှု ကာလအတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပက်သက်လို့ ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ် ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများလို လွတ်လပ်ခွင့်ရှိတဲ့အပြင်၊ လူ့အဖွဲ့အစည်းများလည်း လွပ်လပ်ခွင့် နယ်ပယ်ကျယ်ပြန့်လာသလို၊ မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်တွေ ရှိလာပါပြီ။ စီးပွားရေးလည်း ပိုတံခါး ပွင့်လာပြီး၊ ပေါ်လစီလည်း ပိုမို ပွင့်လင်းလာတဲ့အပြင် နိုင်ငံရေး စုဝေးပွဲကြီးတွေ ကျင်းပနိုင်တဲ့ အတိုင်းအတာဟာလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ရရှိလာတယ် ဆိုတဲ့ အရိပ်လက္ခဏာပါပဲ။ ဒီအချက်အလက်တွေကို အစီရင်ခံစာမှာ ဖော်ပြထားခြင်း မရှိပါဘူး။”

မစ် Yanghee Lee ရဲ့ အစီရင်ခံစာကို တုံ့ပြန်ခဲ့ကြတဲ့ ညီလာခံတက်ရောက်တဲ့ ကိုယ်စားလှယ်များနဲ့ ဗြိတိန်သံအမတ်ကြီးကတော့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြခဲ့ပါတယ်။

“ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ အခြေခံလူမှုအဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့် နယ်မြေကျဉ်းမြောင်းလာပြီး၊ မီဒီယာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် ပိုမို အခက်အခဲ ကြုံလာတာ တွေ့ရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ စုရုံးခွင့်တို့နဲ့ ပတ်သက်ပြီးတော့လည်း ကန့်သတ်ချုပ်ချယ်မှုတွေ တိုးလာတာ တွေ့ရသလို၊ ဖမ်းဆီးမှုတွေရှိပြီး စွဲချက်တင်ခံထားရသူတွေ ရှိနေပါတယ်။ ရခိုင်မှာ ရိုဟင်ဂျာလူ့အဖွဲ့အစည်းရဲ့ အခြေအနေဟာလည်း မြန်မာနိုင်ငံအတွက် အရေးတကြီး လုပ်ဆောင်ပေးရမယ့် ကိစ္စရပ်တခု ဖြစ်နေပါတယ်။ ဒီလို အကဲစမ်းမှုတွေ ရှိနေပေမဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှု စတင်ခဲ့ချိန်နောက်ပိုင်း ခရီးပေါက်ခဲ့တယ်လို့ ဆိုရမှာပါ။”

တရုတ်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာကို ချီးကျူးလိုက်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အစဉ်တစိုက် ထောက်ခံအားပေးလာတာဖြစ်ပြီး၊ မြန်မာအစိုးရအနေနှင့် လူမှုရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်တဲ့ ကြိုးပမ်းမှုတွေကို ချီးကျူးပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာမှာ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရေး ကိစ္စရပ်ဖြစ်ပြီး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို နိုင်ငံတကာက လေးစားဖို့နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုကို ဝိုင်းဝန်း ကူညီကြဖို့ တိုက်တွန်းပါတယ်။”

အမေရိကန်အမျိုးသမီး ကိုယ်စားလှယ်က ရိုဟင်ဂျာမူဆလင်တွေ ခွဲခြားဆက်ဆံမှု ခံနေရတဲ့အကြောင်း စိုးရိမ်မကင်း ဖြစ်မှုကို အခုလို ထပ်လောင်းပြောခဲ့ပါတယ်။

“ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံတခွင် မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထပ်လောင်း ပြောလိုပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ရိုဟင်ဂျာတွေနဲ့ မူဆလင်တွေဟာ ဆက်လက်ပြီး ခွဲခြားဆက်ဆံခံနေရပါတယ်။ ခရီးသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းခွင့်နဲ့ ပညာရေးနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ခွင့် ခံစားခွင့်တွေမှာ ကန့်သတ်ခွင့်တွေ ရင်ဆိုင်နေရပြီး၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရလည်း နှိပ်ကွပ်ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ် တခြားနိုင်ငံတွေကို အခြေချဖို့ ထွက်ပြေးကြသူတွေအရေးလည်း ကျမတို့ စိုးရိမ်ပါတယ်။” - လို့ အမေရိကန်ကိုယ်စားလှယ်က ပြောသွားတာဖြစ်ပါတယ်။

EU ဥရောပသမဂ္ဂကိုယ်စား ချက်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေကို ကြိုဆိုလိုက်ပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အခုလို တောင်းဆိုလိုက်ပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အကျဉ်းကျနေကြသူအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြုဖို့အပြင် ဘေးအန္တရာယ်ကင်းရှင်းစွာ လှုပ်ရှားလုပ်ဆောင်ခွင့် ပြုဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် အထူးကိုယ်စားလှယ်ကိုလည်း သူ သွားလိုတဲ့နေရာကို သွားခွင့်ပြုဖို့နဲ့ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးခွဲ ဖွင့်လှစ်နိုင်မယ့်အချိန် ချမှတ်ပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။”

အီရန်၊ ကျူးဘား၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ လောနိုင်ငံက ကိုယ်စားလှယ်တွေကတော့ မြန်မာနိုင်ငံအပေါ် အခုလို လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ခန့်အပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ အထွေထွေညီလာခံ တတိယကော်မတီမှာ တင်ပြဆွေးနွေးတာထက် ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပတဲ့ UPR ခေါ် နိုင်ငံတကာ ပုံမှန် ပြန်လည် လေ့လာသုံးသပ်တဲ့ စနစ်အရ ဆွေးနွေးဖို့ လိုလားတဲ့အကြောင်း တိုက်တွန်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ လူ့အခွင့်အရေးကောင်စီရဲ့ UPR မှာ တင်ပြဆွေးနွေးဖို့လည်း ရှိပါတယ်ရှင်။

XS
SM
MD
LG