သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံမှုအပေါ်အမြင်တချို့


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် မှာ တွေ့ဆုံ (သတင်းဓါတ်ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရားဝင် ဖေ့စ်ဘုတ်)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် မှာ တွေ့ဆုံ (သတင်းဓါတ်ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရားဝင် ဖေ့စ်ဘုတ်)

မကြာခင်အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမယ့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကြား စေ့စပ်ညှိုနှိုင်းပေးရေးဟာ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်လာလိမ့်မယ်လို့ မြန်မာ့အရေးလေ့လာသူတချို့ကသုံးသပ်ကြပါတယ်။ မနေ့က နေပြည်တော်မှာကျင်းပတဲ့ ဆွေးနွေးပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ်မှာ အရေးပါဆုံးနဲ့ တာဝန်အရှိဆုံးဖြစ်လာမယ့် ပုဂ္ဂိုလ်တွေနဲ့ တပ်မတော်ထိပ်ပိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့လည်း မြင်ကြပါတယ်။ ဒီဆွေးနွေးအပေါ် မြန်မာအရေးအကဲခပ်တချို့ ဘယ်လိုသုံးသပ်ကြသလဲဆိုတာ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

၂၀၁၅ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့မနေ့က ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲထူးခြားချက်ကတော့ အရင်ပထမအကြိမ်ကလို သူတို့နှစ်ဦးတည်းမဟုတ်တော့ပဲ သူတို့ရဲ့အနီးကပ်ဆုံး အရေးပါတဲ့ အခြားတာဝန်ရှိသူတွေပါဝင်လာတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့နိုင်ငံရေးအကဲခပ် ဒေါက်တာတင့်ဆွေကအခုလိုသုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဘက်ကိုကြည့်လိုက်မယ်ဆိုရင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၄) ဦးပါလာတော့ ဒီပုဂ္ဂိုလ်တွေဟာလက်ရှိအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် တာဝန်အရှိဆုံး ခေါင်းဆောင်တွေဖြစ်လာတယ်လို့ ကျနော်တို့မြင်ရပါတယ်။ တနည်းအားဖြင့် တချိန်တုန်းက NLDမှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ဘယ်သူမှမရှိဘူးလို့ အပြစ်ပြောခဲ့တဲ့သူတွေ ဒီကနေ့မျက်ဝါးထင်ထင် တွေ့ရပါပြီ။ နောက်ထပ်လဲပဲ အလားတူခေါင်းဆောင်တွေ ရှိတယ်လို့ ကျနော်ယူဆပါတယ်။”

အလားတူ တပ်မတော်ဘက်ကလည်း ကာကွယ်ရေးဦးစီးချုပ်ပြီးရင် စစ်ရေးအရအထူးတာဝန်အရှိဆုံး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပြင် တပ်မတော်ဘက်မှာ အရေးပါတဲ့ခေါင်းဆောင်တွေ ပါဝင်နေတာပါ။ ဒီအပေါ်မှာ မြန်မာ့စစ်ရေးအကဲခပ်လည်းဖြစ် ထောက်လှမ်းရေးမှူးဟောင်းလည်းဖြစ်တဲ့ ဦးအောင်လင်းထွဋ်ရဲ့အမြင်ကတော့.

“ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဆိုရင် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ သူသည် တပ်မတော်ရဲ့စစ်ရေးစစ်ရာကိစ္စတွေမှာ အထူးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ နယ်စပ်ဒေသဝန်ကြီးနဲ့ စစ်ဦးစီး အရာရှိချုပ်တာဝန်ယူထားသူ ဖြစ်ပါတယ်။ တပ်မတော်ပိုင်းဆိုင်ရာမှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် နောက်ကျန်တဲ့ လက်ရုံးတပ်ဖွဲ့တွေ အားလုံးကသူဆီကတဆင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို သတင်းပို့ရပါတယ်။ နောက်ဒုတိယဗိုလ်ချုပ်ကြီးမြတ်ထွန်းဦး ကတော့ တပ်မတော်ထောက်လှမ်းရေး အရင်ကပေါ့လေ၊ အခုတော့စရဖလို့ခေါ်ပါတယ်။ တပ်မတော်ထောက်လှမ်းရေးအပိုင်းကလည်း အခုလက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အဓိကတာဝန်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်ရိုက်အစီရင်ခံနေရတာဖြစ်ပါတယ်။ နောက်တယောက်က စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ပါ။ သူကတော့ လက်တွေ့ကျကျပေါ့လေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာပါဝင်ပြီးတော့မှဆွေးနွေးနေတဲ့အနေအထားကိုတွေ့ရပါတယ်။ ဒါကြောင့်မို့လိုအခုဆွေးနွေးပွဲမှာ ဟိုဘက်လေးယောက် ဒီဘက်လေးယောက်တွေ့တဲ့အနေအထားက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လက်ထောက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တွေနဲ့ပေးပြီးတွေ့ဆုံတဲ့ပွဲဖြစ်တယ်လို့မြင်ပါတယ်။”

အခုလိုဒုတိယအကြိမ်နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံတွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရသစ်နဲ့လက်တွဲဆောင်ရွက်ဖို့ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ်အတွက်တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တပ်မတော်ကြား စေ့စပ်ညှိုနှိုင်းရမယ့်ကိစ္စဟာ ကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်တယ်လို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“ဒီငြိမ်းချမ်းရေးကိစ္စတွေမှာတော့ တော်တော်လေးဆွေးနွေးရမယ့်အနေအထားရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကချထားတဲ့ပေါ်လစီကလက်နက်ကိုင် လမ်းစဉ်စွန့်ရမယ်ဆိုတဲ့ သဘောထားချမှတ်ထားတာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒီဥစ္စာကို လက်မခံဘူး။ တပ်မတော်ဘက်ကလည်း ကျနော်သိသလောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သည်ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့မှမကျေနပ်လို့ လက်နက်ကိုင်ကြတယ်။ ဒီစစ်တပ်ကလည်း တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကိုညှိုယူလို့ရမယ်ဆို ရင်သေနတ်စွန့်ရမယ်ဆိုတဲ့အနေအထားမျိုးတွေရှိပါတယ်။ ဒီအပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြားတွေမှာ စေ့စပ်ညှိုနှိုင်းမှုအတော်လုပ်ရပါမယ်။ ဒါဟာဒေါ်အောင်ဆန်းစုကြည်အတွက် အခက်အခဲဆုံးပြဿနာ တခုလို့ မြင်တယ်။”

မနေ့ကတွေ့ဆုံပွဲမှာ အဓိကဆွေးနွေးခဲ့တဲ့အချက်တွေထဲမှာ အစိုးရသစ်နဲ့တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေလည်းပါဝင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း ဆွေးနွေးကြမယ်လို့မြင်မိကြောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

မနေ့က နှစ်ဘက်တွေ့ဆုံပွဲဟာ နှစ်နာရီကြာမြင့်ခဲ့ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နဲ့ ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ကြပြီး ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG