သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မြန်မာမူဝါဒနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ သဘောထား


အမေရိကန်သမ္မတအိုဘားမားက West Point စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြား။ (မေ ၂၈၊ ၂၀၁၄)
အမေရိကန်သမ္မတအိုဘားမားက West Point စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြား။ (မေ ၂၈၊ ၂၀၁၄)
မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲဟာ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးကြိုးပမ်းမှု ရလာဒ်တစိတ်တပိုင်း ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက မနေ့တုန်းက WestPoint စစ်တက္ကသိုလ်မှာ ပြောသွားခဲ့တဲ့ အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ အမြင်တွေ ကွဲပြားနေကြပါတယ်။ အမေရိကန်ရဲ့ သံတမန်ရေးအရ ထိတွေ့ ဆက်ဆံမှုတွေနဲ့ တချိန်တည်းမှာ အရေးယူ ဒဏ်ခတ်မှုတချို့ ဆက်လက် ချမှတ်ထားတဲ့အပေါ် ဘဝင်မကျသူတွေ ရှိသလို၊ အမေရိကန်ရဲ့ တွန်းအားတခုတည်း သက်သက် မဟုတ်ဘူး လို့ မြင်သူတွေလည်း ရှိပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ မှတ်ချက် အပေါ်မှာ မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းအတွင်း ဘယ်လိုရှုမြင်ချက်တွေ ရှိနေလဲ ဆိုတာကိုတော့ ရန်ကုန်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အမေရိကန် ပြည်ထောင်စု West Point စစ်တက္ကသိုလ်မှာ မနေ့တုန်းက
သမ္မတ အိုဘားမားက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်လို့
ပြောသွားရာမှာ၊ အစိုးရ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှု သာဓကတခုအနေနဲ့
မြန်မာနိုင်ငံကို ဥပမာပေး ပြောသွားခဲ့တဲ့ အပေါ်မှာ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက သဘောတူပါတယ်။ ဒါပေမဲ့ မကြာသေးခင်အချိန်အထိ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ဒဏ်ခတ်မှု သက်တမ်းတိုးခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒတွေမှာ ဝိဝါဒကွဲပြားမှုတွေ ရှိနေတယ်လို့ သူကမြင်ပါတယ်။

"ကြိုဆိုရမယ့် အနေအထားပါဗျာ။ ကောင်းပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ နိုင်ငံနဲ့ပြည်သူတွေအတွက်ကို ကျနော်တို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု စီးပွါးရေးပြုပြင်ပြောင်းလဲမှု ဒါတွေလုပ်တယ်။ လုပ်တာကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ကြိုဆိုကြတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ တကယ် ထိပ်တန်းနိုင်ငံကြီးကနေပြီးတော့ ဒီလိုကြိုဆိုပြီးတော့ ကျနော်တို့ကို အသိအမှတ်ပြုတယ်ဆိုတာကို ဝမ်းသာစရာကောင်းပါတယ်။ သို့သော်လည်း ကျနော်တို့ ဟို တစ်ခု ဟိုဒင်းပြုတာက မကြာသေးခင်ကဗျာ ကျနော်တို့ Sanction က တစ်နှစ်ထပ်တိုးတယ်ပေါ့ အဲ့ဒါတွေတော့ ကြားလိုက်ရတယ်။ ဒါလေးကတော့ ကျနော်တို့စိတ်မကောင်းဘူးပေါ့။”

မြန်မာလူထုရဲ့ ကြိုးပမ်းမှုအပြင် အမေရိကန်ရဲ့ သံတမန်ရေး ဖိအားပေးမှုတွေကြား မှာ မြန်မာနိုင်ငံ ပြောင်းလဲလာခဲ့တဲ့ အခြေအနေအပေါ်မှာ သမ္မတအိုဘားမားက နမူနာအဖြစ် ပြောဆိုခဲ့တဲ့အပေါ်
အာဏာရ ပါတီ ရဲ့ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်တဲ့ ဦးလှဆွေကတော့ သဘောမတူပါဘူး။ အခုလို သမ္မတ အိုဘားမားရဲ့ ပြောဆိုချက် ဟာ အမေရိကန် နိုင်ငံရဲ့ လုပ်ဆောင်ချက်ကြောင့် မြန်မာပြည်
ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ သဘောမျိုးဖြစ်နေတဲ့ အတွက် လက်မခံနိုင်ဘူးလို့
သူက ပြောပါတယ်။

“ သူပြောတာက ဟိုဝှာပေါ့။ သူတို့လုပ်လို့ပဲ မြန်မာပြည်က၊ သူတို့က ဦးဆောင်လို့ မြန်မာပြည်က ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာသလိုလို၊ အဲ့တာကြီးကတော့ နည်းနည်းကြွားတာပေါ့။ သူက ကြွားပြောတာပေါ့။ အဲလိုပဲမြင်တယ်။ ကျနော်တို့က ကိုယ့်ဘာသာကို ဒီမိုကရေစီသွားနေတာကိုလေ။ ကျနော်တို့ကို ဘာ တစ်ပြားတစ်ချပ်မှ ထောက်ပံ့သေးတာမဟုတ်ဘူး။ အခုထိလဲ မထောက်ပံ့သေးပါဘူး။ အဲ့လိုပေါ့နော့်။”

မြန်မာနိုင်ငံဟာ နောက်ကြောင်း ပြန်မလှည့်ဘဲ လက်ရှိ ဖော်ဆောင်နေတဲ့
အပြောင်းအလဲ အောင်မြင်သွားမယ်ဆိုရင် အမေရိကန် ခေါင်းဆောင်မှုအနေနဲ့
သေနတ်တချက် မဖောက်ဘဲနဲ့ မဟာမိတ်နိုင်ငံသစ် ရရှိလိုက်တာ
ဖြစ်ပါလိမ့်မယ် လို့လည်း သမ္မတ အိုဘားမားက စစ်တက္ကသိုလ် မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့
ကိုဂျင်မီကတော့ ဒါဟာ ထိတွေ့ဆက်ဆံမှုနဲ့ ဖိအားပေးမှုတွေကို တပြိုင်တည်း ကျင့်သုံးပြီးတော့ မြန်မာ့ အရေးပြောင်းလဲမှုကို အားပေးမယ့် အမေရိကန် နိုင်ငံခြားရေးမူဝါဒကို သမ္မတက ရှင်းရှင်းလင်းလင်းပြော လိုက်တာဖြစ်မယ်လို့ သူကမြင်ပါတယ်။

“ဒါကတော့ဗျာ လိုအပ်ပါတယ်။ နိုင်ငံကြီးတစ်ခုအနေနဲ့ကတော့ ကျနော်တို့ နားလည်ထားပြီးသားပါ။ အမေရိကန်အစိုးရရဲ့ မူဝါဒဟာ ဆက်ဆံရေးလည်း လုပ်မယ်။ ဖိအားလည်း ပေးမယ်ဆိုတဲ့ မူဝါဒကို ယနေ့အချိန်အထိ ဆွဲကိုင်ထားတယ်လို့ ကျနော်တို့ယုံကြည်ထားပါတယ်။ အဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ဘက်က မျက်ခြေမပြတ်စောင့်ကြည့်နေ ပါတယ်။ ဆိုလိုချင်တဲ့သဘောက ကျနော်တို့ ပြုပြင်ပြောင်းလဲမှုကို လုပ်တယ်ဆိုတဲ့နေရာမှာ ကျနော်တို့က အမှန်အတိုင်း ပြောရကြေး ဆိုရင် ချော့မော့ပြီးပြောနေရတာလည်း ဒါသိပ်အဓိပ္ပါယ်မရှိပါဘူး။ ဖိအားပေးတယ်ဆိုတာလည်း သိပ် အဓိပ္ပါယ်မရှိပါဘူး။ ဒီနှစ်ခု ကနေကင်းလွတ်ပြီးတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပြုပြင်ပြောင်း လဲနိုင်ရေးကသာ အဓိကကျတယ်လို့ ကျနော်မြင်ပါတယ်။”

မစ္စတာ အိုဘားမား အမေရိကန် သမ္မတဖြစ်ပြီး နောက်ပိုင်းမှာ အာရှကို အလေးထားတဲ့ နိုင်ငံခြားရေး မူဝါဒအောက်မှာ
မြန်မာနိုင်ငံကို တိုက်ရိုက် ထိစပ် ဆက်ဆံမှုတွေ လုပ်ခဲ့တာပါ။ ဒီနောက်
အပြောင်းအလဲတချို့ ဖြစ်လာတဲ့နောက် အရင်တုန်းကရှိခဲ့တဲ့ အမေရိကန်
ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေးခဲ့ပါတယ်။

အိုဘားမားအစိုးရလက်ထက်မှာ မြန်မာအစိုးရနဲ့ ထိစပ်ဆက်ဆံရေးမူကို
ကျင့်သုံးသလိုပဲ၊ တဘက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုကို လျှော့ချပေမဲ့ ဥပဒေအရတော့
ဆက်ထားရှိနေတဲ့ အချက်ကို လက်ခံပြီးတော့ အခု သမ္မတ အိုဘားမားပြောတဲ့
စကားကြောင့် မြန်မာနိုင်ငံအတွက် တွန်းအားတွေ အများကြီးဖြစ် လာနိုင် လိမ့်မယ် လို့ ယုံကြည်သူက အတိုက်အခံပါတီ ဖြစ်တဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရှိသူ တစ်ဦးထဲ မှာ ပါဝင်တဲ့
ဒေါ်နန်းခင်ထွေးမြင့် ဖြစ်ပါတယ်။

“ ကျမကတော့ တွန်းအားပေးတယ်လို့ပြောရင်ကောင်းမလား၊ ရေလာမြောင်းပေး လုပ်ပေးလိုက်တယ်လို့ ပြောရင်ကောင်းမလားမသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ရမယ့် လမ်းကြောင်းတစ်ခုကို သူက အရှေ့ကနေပြီးတော့ ဦးဆောင်ပြီးတော့ ရေလာမြောင်းပေးပြီးတော့ အရှေ့ကနေ ဦးဆောင်ပြီးတော့ လမ်းလေးပြပေးလိုက်တယ်လို့ ကျမက ထင်ပါတယ်။ မြောက်ကိုရီးယားနဲ့ ခွာပြီးတော့ အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ လက်ခံသွားတယ်ဆိုရင် ကျမတို့ ဝမ်းသာရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က နဂိုကတည်း က မြောက်ကိုရီးယားကို လက်ခံတဲ့နိုင်ငံမှ မဟုတ်ပဲဟာ။ ကျမတို့ လက်ခံတဲ့နိုင်ငံလည်း မဟုတ်ဘူး။ ကျမတို့က အမေရိကန်လိုနိုင်ငံကြီးနဲ့ လက်ခံပြီးတော့ ပူးပေါင်းတယ်ဆိုရင် ကျမတို့က ဝမ်းသာတာပေါ့။”

သမ္မတအိုဘားမားဟာ ၂၀၁၂ ခုနှစ် အကုန်ပိုင်းတုန်းက မြန်မာနိုင်ငံကို
သမိုင်းဝင်ခရီး လာရောက်ခဲ့သလို၊ အဲ့ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံက
ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် USAID ကတဆင့် အကူအညီ အတော်များများကိုလည်း ပေးလာပါတယ်။ တဘက် မှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း သွားရောက် လုပ်ကိုင်နိုင် ဖို့ အစိုးရ အနေနဲ့ အားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။
XS
SM
MD
LG