သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာကြက်ခြေနီအသင်း IS နဲ့ ဆက်ဆံရေး ထူထောင်လို


ICRC ရဲ့ ညွှန်ကြားရေးမှူးချုပ် Yves Daccord
ICRC ရဲ့ ညွှန်ကြားရေးမှူးချုပ် Yves Daccord

နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC က အစ္စလာမ် အစွန်းရောက် IS အဖွဲ့နဲ့ ဆက်ဆံရေး တရပ် ထူထောင်လိုတယ်လို့ ပြောလိုက်ပါတယ်။ ဆက်ဆံရေး တရပ်ထူထောင်နိုင်ရင်ဖြင့် အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွင်းက IS တို့ ထိန်းချုပ်ရာ ဒေသတွေက လူ ၁၀ သန်းတို့အတွက် အထောက်အပံ့တွေ ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။

IS အဖွဲ့နဲ့ ဆက်ဆံရေ တရပ် ထူထောင်နိုင်ဖို့ နည်းလမ်းရှာဖွေနေပါတယ်လို့ ICRC ရဲ့ ညွှန်ကြားရေးမှူးချုပ် Yves Daccord က ပြင်သစ်သတင်းဌာန AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားသွားပါတယ်။

လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်သားတွေ အခက်အခဲတွေနဲ့ အလုပ်လုပ်ကိုင်ရတဲ့ဝန်းကျင် ပိုပြီး ခက်ခဲ ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်လာရတဲ့ အကြောင်းအရာကို ဆွေးနွေးကြမယ့် ဂျီနီဗာ က ကြက်ခြေနီ ညီလာခံ မစခင်မှာ ICRC ညွှန်ကြားရေးမှူးချုပ် မစ္စတာ Daccord က အခုလို မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။

နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဒီဒေသတွေမှာ ဘယ်လို အလုပ်လုပ်နိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေကို ပြန်ပြီး စဉ်းစားကြရမှာ ဖြစ်ပြီး ဒါမှမဟုတ်ရင်တော့ အလုပ်လုပ်စရာ နေရာတောင် ရှိမှာမဟုတ်ဘူးလို့ ယူဆတဲ့ အကြောင်း ICRC ညွှန်ကြားရေးမှူးချုပ်က AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဂျီနီဗာကနေ ရောက်လာတာနဲ့ လက်နက်ကိုင်အဖွဲ့တွေက အလုပ်လုပ်ခွင့်ပေးမယ်လို့ မျှော်လင့်မရတဲ့အကြောင်း သူက ပြောပါတယ်။ ICRC ဟာ နိုင်ဂျီးရီးယားနိုင်ငံက ဘိုကို ဟာရမ်း သူပုန်တွေနဲ့ ဆက်ဆံရေး ထူထောင်ထားပြီး ဖြစ်ပါတယ်။ အစွန်းရောက်အဖွဲ့တွေက လက်သင့်ခံဖို့ ဆိုတာ နေ့ချင်းညချင်း လုပ်ဆောင်လို့ ရတာ မဟုတ်ဘဲ အချိန်အတော်ယူရပြီး လူမှန်နေရာမှန် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ စစ်သွေးကြွအဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါမှာ အဖွဲ့အစည်းတခုအနေနဲ့ နိုင်ငံရေး အစွဲ လုံး၀ ကင်းရှင်းရမှာ ဖြစ်တယ်လို့လည်း မစ္စတာ Daccord က ပြောပါတယ်။

ICRC လို အဖွဲ့ကြီး အနေနဲ့ကတော့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိုပဲ နက်နက်ရှိုင်းရှိုင်း လုပ်ကိုင်ပြီး လူမှုရေး ဆိုင်ရာ အစီအစဉ်တွေ၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်တွေ လုံး၀ မပါရှိဘူးလို့လည်း ပြောပါတယ်။

XS
SM
MD
LG