သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းလွတ်ရာပြောင်းဖို့ ဒုက္ခသည်အချို့ စိုးရိမ်


ဒုက္ခသည်တွေကို ဘေးလွတ်ရာ ဓမ္မာရုံတွေမှာ ယာယီနေရာချထားစဉ် (၁၄ မေ ၂၀၁၃)
ဒုက္ခသည်တွေကို ဘေးလွတ်ရာ ဓမ္မာရုံတွေမှာ ယာယီနေရာချထားစဉ် (၁၄ မေ ၂၀၁၃)
ရခိုင်ပြည်နယ်ဘက်ကို မဟာစင် မုန်တိုင်း ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့အတွက် မုန်တိုင်းဒဏ်သင့်နိုင်တဲ့ နေရာတွေက လူတွေကို ဘေးကင်းရာကို တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးနေပေမဲ့ ဘေးလွတ်ရာ ခိုလှုံဖို့ စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် ပဋိပက္ခတွေကြောင့် ယာယီတဲတွေနဲ့ ခိုလှုံနေကြရသူတချို့ဟာ သူတို့ အခု နေထိုင်နေတဲ့ နေရာတွေကို ပြန်မရမှာ စိုးရိမ်တဲ့အတွက် ဘေးကင်းရာကို မပြောင်းချင်ကြတာ ဖြစ်တယ်လို့ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေကို စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ မုန်တိုင်းပြီးသွားရင် မူလနေရာကို ပြန်ပြီး ရွှေ့ပေးပါမယ်လို့ အာမခံထားပါတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေနဲ့ မုန်တိုင်း နောက်ဆုံး အခြေအနေတွေကို မစုမြတ်မွန် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ နာရီပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ထက်မနည်းနဲ့ ဝင်လာနိုင်တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက မုန်တိုင်းလမ်းကြောင်း သင့်တဲ့နေရာတွေမှာ နေထိုင်ကြသူတွေကို မြန်မာအစိုးရက ဘေးကင်းရာကို ပြောင်းရွှေ့ပေးနေပါတယ်။

မြေနိမ့်ပိုင်းမှာ ရောက်နေကြတဲ့အတွက် မုန်တိုင်းဒဏ်သင့်နိုင်ပေမဲ့ ဒုက္ခသည်တချို့ကတော့ စစ်တပ်အစီအစဉ်နဲ့ ပြောင်းရွှေ့ပေးမှုကို လက်မခံချင်ကြပါဘူး။

စစ်တွေမြို့ ခေါင်းတကာရွာမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည် တစ်ယောက်ပြောသွားတာက သူ့တို့အနေနဲ့ နေရာ မပြောင်းချင်ပါဘူးတဲ့။ ဒါပေမဲ့ အတင်းအကြပ် ပြောင်းခိုင်းတယ်ဆိုရင်တော့ ပြောင်းရမှာပဲလို့ ပြောသွားတာ ဖြစ်ပါတယ်။

အစိုးရရဲ့ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေကို ကုလသမဂ္ဂအဖွဲ့တွေက စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မှာ ဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် ယာယီ ခိုလှုံနေကြသူ ၃ သောင်း ၆ ထောင်လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နော့စကီး (Martin Nesirky) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဘာကြောင့် တချို့က ဘေးကင်းရာ ပြောင်းဖို့ တွန့်ဆုတ်နေကြသလဲဆိုတာနဲ့ ပတ်သက်လို့ သူက အခုလို ပြောသွားပါတယ်။

“အပြည့်အဝ နားမလည်ကြတာနဲ့ အခု သူတို့နေနေကြတဲ့ နေရာတွေဆီမှာ ပြန်လာပြီး မနေနိုင်မှာကို စိုးရိမ်နေကြတာကြောင့် တချို့က ဘေးကင်းတဲ့ နေရာတွေကို ပြောင်းဖို့ တွန့်ဆုတ်နေကြတာ ဖြစ်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံးတို့အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ အစိုးရရဲ့ ဘေးကင်းရာ ပြောင်းရွှေ့ရေး အစီအစဉ်ကို တတ်နိုင်သလောက် လေ့လာ စောင့်ကြည့်နေပါတယ်။
တချိန်တည်းမှာပဲ ဘေးကင်းရာ မပြောင်းချင်ကြတဲ့ သူတွေကို မုန်တိုင်းနဲ့ပတ်သက်လို့ သိသင့်တဲ့ သတင်း အချက်အလက်တွေ၊ လုံခြုံတဲ့ နေရာတွေကို ပြောင်းဖို့ လိုအပ်တဲ့ အကြောင်းတွေနဲ့ အစိုးရရဲ့ ကြိုတင် ပြင်ဆင်ရေး အစီအစဉ်တွေကိုလည်း ကုလသမဂ္ဂအဖွဲ့တွေက လိုက်ပြီး ပြောပြနေပါတယ်”

ဒုက္ခသည် စခန်းတချို့က လူတွေ မုန်တိုင်းလွတ်ရာကို မပြောင်းချင်ကြတဲ့ အခြေအနေကို မြန်မာအစိုးရကလည်း သိပါတယ်။ သမ္မတရုံးဝန်ကြီး တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အခုလို အာမခံချက်ပေးပါတယ်။

“သူတို့ စိုးရိမ်ကြောင့်ကြစိတ်တွေ ရှိပါတယ်။ လုံခြုံမှု ရှိရဲ့လား။ နံပါတ်နှစ်အချက်က ဒီနေရာကို ပြန်ပြီးတော့ ပြန်မှရပါ့မလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိပါတယ်။ အဲ့တော့ သမ္မတကြီး အာမခံထားတဲ့အထဲမှာ တပ်က ရွှေ့ပေးမယ်။ လုံခြုံရေးတာဝန် လုံး၀ ယူပါတယ်။ နံပါတ်နှစ်ကတော့ စာသင်ကျောင်းတွေမှာ နေရာချထားပေး မှာ ဖြစ်ပါတယ်။ နံပါတ်သုံးကတော့ မုန်တိုင်းပြီးလို့ရှိရင် မူလနေရာကို ပြန်ရွှေ့ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားပြီးသား ဖြစ်ပါတယ်။”

လုံခြုံရေးအတွက် ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ လိုအပ်တယ်ဆိုတာကို ရခိုင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေရော ရိုဟင်ဂျာ အသိုင်းအဝိုင်း ခေါင်းဆောင်တွေကပါ ကူညီ ပြောပြဖို့ ရခိုင်ပြည်နယ် အစိုးရက ဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

မုန်တိုင်းဒဏ် ခံရနိုင်တဲ့ သူတွေရဲ့ လုံခြုံရေးနဲ့ သူတို့အတွက် အကာအကွယ်ပေးဖို့ဟာ အရေးကြီးတယ် ဆိုတာကို အစိုးရကိုရော နှစ်ဘက် လူမှု အသိုင်းအဝိုင်း ခေါင်းဆောင်တွေကို ကုလသမဂ္ဂက အလေးထား ပြောထားတယ် ဆိုတာကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နော့စကီး (Martin Nesirky) က နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲမှာ ဗုဒ္ဓဟူးနေ့တုန်းက ပြောပြပါတယ်။ မုန်တိုင်းအန္တရာယ် ကယ်ဆယ် ကူညီရေးအတွက် ရခိုင်ပြည်နယ်မှာတင် မဟုတ်ဘဲ မြန်မာနိုင်ငံက တခြားနေရာတွေမှာလည်း ကုလသမဂ္ဂအဖွဲ့တွေ ပြင်ဆင်ထားတယ် ဆိုတာကိုလည်း အခုလို ပြောပါတယ်။

“ကုလသမဂ္ဂ ကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့ UNICEF က နောက်ထပ် ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း ထပ်တိုးပြီး စေလွှတ်ထားပါတယ်။ ချင်းပြည်နယ် မန္တလေးတိုင်းဘက်နဲ့ အရင်ထဲက အကူအညီ လိုအပ်နေသူတွေရှိတဲ့ ကချင်ပြည်နယ်တွေမှာ မုန်တိုင်း ကြိုတင် ကာကွယ်ရေးတွေ တိုးလုပ်ဖို့ ပြင်ဆင်နေပါတယ်။”

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဘက်ကို ရွှေ့လျားနေတဲ့ လက်ရှိ မဟာစင် မုန်တိုင်းရဲ့ အခြေအနေကို အနီရောင် အရေးပေါ် အခြေအနေအဖြစ် မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတ်မှတ်ထားပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာနိုင်ပြီး ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
XS
SM
MD
LG