သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် အရေး ဒေသတွင်းနိုင်ငံတွေ ဆွေးနွေးမည်


မြန်မာနိုင်ငံက ရောက်လာကြသူတွေ အပါအဝင် လှေစီးပြေး ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့အတွက် အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့အကြား သဘောတူညီမှု ရခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရေကြောင်းကနေ ရောက်လာကြပြီး ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေသူတွေ တနေ့တခြား တိုးပွားလာနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေပါ ပါဝင်မယ့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ သဘောတူညီမှု ရခဲ့တဲ့အကြောင်း သြစတြေးလျဝန်ကြီးချုပ် ကေဗင်ရပ်ဗ်နဲ့ တွေ့ဆုံအပြီး သောကြာနေ့က ဆူဆီလို ဘန်ဘန်း ယူရိုယူနိုက ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ UNHCR ရဲ့ စာရင်းတွေအရဆိုရင်တော့ မြန်မာ၊ သီရိလင်္ကာ၊ အာဖဂန်အပါအဝင် နိုင်ငံအများအပြားက ရောက်လာပြီး ခိုလှုံခွင့် လျှောက်ထားသူ အရေအတွက်ဟာ ဇန်နဝါရီလကုန်အထိဆိုရင် ၈,၅၀၀ ကျော် ရှိပါတယ်။
အင်ဒိုနီးရှားသမ္မတကတော့ တနေ့တခြား ကြီးထွားလာနေတဲ့ ဒီပြဿနာကို အင်ဒိုနီးရှား တနိုင်ငံထဲကနေ ဒိုင်ခံပြီး ဖြေရှင်းရမယ်ဆိုတာဟာ မတရားဘူးလို့ ပြောခဲ့တာပါ။ သြစတြေးလျား ဝန်ကြီးချုပ်ကတော့ လှေစီးပြေးပြဿနာရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ လူမှောင်သူတွေရဲ့ အန္တရာယ်ဟာ ဒေသတွင်းမှာ ကြီးထွားလာနေကြောင်း ပြောဆိုခဲ့ပါတယ်။

လှေစီးပြေးသူတွေ ဝင်ရောက်လာလေ့ရှိတဲ့ ထိုင်း၊ မလေးရှားနိုင်ငံတွေပါ ပါဝင်ဖို့အတွက် အဆိုပြုထားတဲ့ ဒီဆွေးနွေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ နေ့ရက်အတိအကျ သတ်မှတ်ထားတာတော့ မရှိသေးပါဘူး။ ကြာသာပတေးနေ့က အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ သြစတြေးလျဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာတော့ ဒုက္ခသည်အရေးအပြင် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အင်ဒိုနီးရှား အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG