သုံးရလွယ်ကူစေသည့် Link များ

NGOs ဝန်ထမ်းတချို့ ရခိုင်ပြည်နယ် ပြန်ဝင်ခွင့်ရ


မတ်လနှောင်းပိုင်း တိုက်ခိုက်မှုကြောင့် စစ်တွေမြို့က အကူအညီပေးရေး ဝန်ထမ်းတွေ ထွက်ခွာခဲ့ရပါတယ်။
မတ်လနှောင်းပိုင်း တိုက်ခိုက်မှုကြောင့် စစ်တွေမြို့က အကူအညီပေးရေး ဝန်ထမ်းတွေ ထွက်ခွာခဲ့ရပါတယ်။
မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လုပ်ငန်းတွေရပ်ဆိုင်းပြီး ထွက်ခွာသွားကြတဲ့ နိုင်ငံတကာ အကူအညီပေးရေး ဝန်ထမ်းထဲက တချို့ဟာ အခုတော့ သူတို့လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နေကြပါပြီ။

ဒီဝန်ထမ်းတွေ မရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောနေပေမဲ့ ရခိုင်ပြည်နယ် အစိုးရကတော့ သူတို့အနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်နေခဲ့တယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေက ဝန်ထမ်းတွေကို ရခိုင်ပြည်နယ်တွင်းမှာ မကြာသေးခင်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့်
နိုင်ငံတကာ ဝန်ထမ်းတွေကို မြန်မာအစိုးရက အဲဒီဒေသကနေ ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဝန်ထမ်းတချို့ကို သူတို့ရဲ့နဂိုမူလ အလုပ်တွေ ပြန်လည် လုပ်ကိုင်ခွင့်ပြုလိုက်ပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရသူ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ NGO တွေက ဝန်ထမ်းအယောက် ၄၀ လောက်ကို ရခိုင်ပြည်နယ်မှာ အလုပ်ပြန်လုပ်ခွင့် ပေးလိုက်ပြီ ဖြစ်တဲ့ အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ OCHA က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာရှိတဲ့ ကုလသမဂ္ဂနဲ့ တခြားရုံးတွေ အတိုက်ခိုက်ခံရတုန်းက အကူအညီပေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီး ဝန်ထမ်း ၁၇၀ ကျော်ဟာလည်း တခြားနေရာကို ရွှေ့ပြောင်း ခဲ့ရပါတယ်။”

နိုင်ငံတကာ အကူညီပေးရေးဝန်ထမ်းတွေ ရုတ်တရက် ထွက်ခွာသွားတာကြောင့် သူတို့မှာ အစာအဟာရ ပြတ်လပ်တဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF တို့ရဲ့ ပစ္စည်းသိုလှောင်ရုံတွေ တိုက်ခိုက် ဖျက်ဆီးခံရပြီးနောက် နိုင်ငံ တကာဝန်ထမ်းတွေကို စစ်တွေကနေ ထွက်ခွာခိုင်းခဲ့ပြီး လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းနေခဲ့တာပါ။ နောက်ဆက်တွဲ ရလဒ်အဖြစ် သူတို့အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း မူဆလင် ဒုက္ခသည် တဦးက ပြောပါတယ်။

“အကုန်လုံးမှာ ပိုက်ဆံမရှိဘူးပေါ့။ မရှိတော့ အလှူမပေးနိုင်ဘူးပေါ့။ ရိက္ခာရတဲ့အခါ လူတွေက ပိုက်ဆံရှိတယ်ပေါ့၊ အဲဒီကနေ အလှူလုပ်တယ်ပေါ့။ ကျနော်တို့ ၅၀ တတ်နိုင်ရင် ၅၀၊ ၁၀၀ တတ်နိုင်ရင် ၁၀၀ အဲဒီလို ပေးတယ်ပေါ့။”

ဒုက္ခသည်စခန်းတွေထဲမှာ အဟာရချို့တဲ့နေသူ ဦးရေဟာ ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှာ ပိုများလာပြီး၊ ကလေးတွေဟာ ပုံမှန် ကြီးပြင်းခွင့် မရဘဲ ကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှု မရှိဘူးလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ် အစိုးရပြန်ကြားရေးဌာန အကြီးအကဲ ဦးဝင်းမြိုင်ကတော့ ဒီအချက်ကို လက်မခံပါဘူး။

“AZG ပဲသွားသွား၊ ကျနော်တို့ ပြည်နယ်အစိုးရကပဲသွားသွား၊ ကျန်းမာရေး ဝန်ကြီးဌာနကပဲသွားသွား၊ ဘယ်သူပဲသွားသွား၊ အဲဒီလိုမျိုး မကုတဲ့လူတွေက သပ်သပ်ရှိတယ်။ မကုတာရှိပြီးတော့ လာလို့ရှိရင် သူက မီဒီယာနဲ့ ကျနော်တို့ ပြည်နယ်အစိုးရကပဲ သူတို့ကို ပစ်ထားပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် လုပ်ကြံဖန်တီးတဲ့ သဘောပါပဲ။”

နိုင်ငံတကာ မီဒီယာတွေကတဆင့် မြန်မာအစိုးရကို ဖိအားပေးနိုင်အောင်လို့ မူဆလင် ဒုက္ခသည်တွေက အဲဒီလို လျှောက်ပြောနေခြင်းသာဖြစ်တယ်လို့ ဦးဝင်းမြိုင်က သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း အနည်းဆုံးလူ ၂၄၀ နီးပါး သေဆုံးခဲ့ရပြီး လူ ၁ သိန်းခွဲနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အထဲမှာ ရိုဟင်ဂျာ မူဆလင် အတော်များများ ပါဝင်ပါတယ်။
XS
SM
MD
LG