သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန် မြန်မာ အလုပ်သမား အများအပြား မဲစာရင်းမှာ မပါ


ကောင့်သောင်းမြို့- သတင်းဓာတ်ပုံ Credit to ကော့သောင်း NLD FB.
ကောင့်သောင်းမြို့- သတင်းဓာတ်ပုံ Credit to ကော့သောင်း NLD FB.

အိမ်နီးချင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ် ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးဖို့ အတွက် ပြန်လာကြပေမဲ့ ဆန္ဒမဲပေးဖို့ အခက်အခဲတွေ့နေကြ ရပါတယ်။ ထောင်ချီ တဲ့ ပြည်ပရောက်အလုပ်သမားတွေဟာ ပြည်ပမှာ မဲပေးခွင့်မရခဲ့ သလို ပြည်တွင်း ပြန်လာတော့လည်း မဲပေးခွင့်မရတဲ့အတွက် မကျေလည်မှုတွေရှိနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဇာတိြမို့ဖြစ်တဲ့ ကော့သောင်းမြို့ကို ပြန်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ကော့သောင်းမှာပဲ အလုပ် လာလုပ်ကြသူတွေ ကော့သောင်းမြို့ မှာပဲ နေထိုင်ပြီး မဲပေးခွင့်စာရင်းထဲ မဲပေးခွင့်မရှိကြသူတွေ ဟာ ထောင်ဂဏန်းနဲ့ ရှိနေတာပါ။ မကြာခင်မဲပေးရတော့မယ့် ရက်နီးလာတဲ့အချိန်မှာ ဇာတိမြိုု့ ဖြစ်တဲ့ ကော့သောင်းမြို့ ကို လူအတော်များများ မဲပေးဖို့ ပြန်လာကြချိန်မှာ သူတို့စာရင်း မပါတဲ့အတွက် မကျေလည်မူတွေဖြစ်နေကြပါတယ်။ ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းကနေ မဲပေးဖို့ ပြန်လာ တဲ့ရွှေ့ပြောင်း အလုပ်သမားတဦးကတော့ ထိုင်းနိုင်ငံမှာလည်း ကြိုတင်မဲပေးခွင့် မရခဲ့သလို မြန်မာပြည်ပြန်လာတော့လည်း မဲပေးခွင့်မရဘူးလို့ အခုလိုပြောပါတယ်။

"ကျနော်က ယိုးဒယား ကော့တောင်ကျွန်းမှာ အလုပ်လုပ်ပါတယ်။ ကြိုတင်မဲ ထည့်ခွင့်မရတဲ့အတွက် ကျနော် မြန်မာပြည်ပြန်လာပြီး မဲလာထည့်တာပေါ့နော်။ လာထည့်တဲ့အချိန်မှာ ကော်မရှင်က အရင်ပထမတကြိမ် မလျောက်ဘူးတဲ့သူတွေ၊ ဒုတိယတကြိမ် မလျောက်ဖူးတဲ့သူတွေ လက်မခံတော့ဘူးလို့ပြောပါတယ်။ "

ကော့သောင်းြမို့မှာပဲနေပြီး မဲပေးခွင့်မရသူတဦးကလည်း အခုလိုပြောပါတယ်။

" ကော့သောင်းမှာပါခင်ဗျ။ အေးရိပ်ငြိမ်ရပ်ကွက် ပေါ်ဦးလမ်းမှာ နေပါတယ်။ မဲစာရင်းမှာ မပါဘူး။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်စလုံးမှာ မပါဘူးခင်ဗျာ။"

ဘန်ကောက်မြို့မှာ အလုပ်လုပ်နေသူတဦးကတော့ မှတ်ပုံတင် သန်းခေါင်စာရင်း အပြည့်အစုံရှိသလို မိသားစုအားလုံး မဲစာရင်းမှာပါပေမဲ့ သူနာမည်မပါတဲ့အတွက် မဲပေးခွင့်မရတဲ့အကြောင်းအခုလိုပြောပါတယ်။

"ကျနော်က ဒီလို အိမ်ထောင်စုစာရင်းရှိတယ်။ မဲပေးဖို့ ဘန်ကောက်ကနေ ဆင်းလာတယ်။ ကျနော် မဲပေးချင်လို့ ဆင်းလာတာ။ အခုက စာရင်းမပါဖြစ်နေတယ်။ ကျနော်တို့ အိမ်ထောင်စုက အကုန်လုံးရှိတယ် ဒီမှာ။"

ပခုက္ကုမြို့ကနေ လာပြီး ကော့သောင်းမြို့မှာ ဖုန်းကုမ္ပဏီ က ကေဘယ်လ်ကြိုးတိုင်တွေ ထောင်ဖို့ အတွက် အလုပ်လာလုပ်သူ တဦးကတော့ သူလည်း မဲပေးခွင်မရဘူးလို့ဆိုပါတယ်။

" ကျနော်တို့က မဲပေးချင်တယ်။ မဲပေးချင်လို့ လိုက်ပေးတာ ဘယ်မှာမှ လိုက်ပေးလို့မရဘူးဖြစ်နေတယ်။ ကျနော်တို့ ပခုက္ကူပါခင်ဗျ။ ဖုန်းကေဘယ်လ်ကြိုး လာလုပ်တာပါ။"

မဲပေးခွင့်မရတဲ့ သူတွေရဲ့ စာရင်းတွေကို ပြုစုနေတဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းကတော့သောကြာနေ့မနက်ထိ ကောက်ခံထားတဲ့ စာရင်းကို အခုလိုပြောပြပါတယ်။

"အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ စာရင်းထဲမှာ မဲထည့်ခွင့်မရတာ သုံးထောင့် လေးဆယ့်နဲ့ခုနှစ်ဦးရှိတယ်။ တခုခု မှားယွင်းနေတယ်လို့ ကျနော်တို့ သုံးသပ်မိတယ်။"

ကော့သောင်းမြို့ ၈၈ငြိမ်းပွင့် အဖွဲ့ရဲ့ ရုံးအုပ်ဖြစ်တဲ့ ဦးမျိုလွင်ကလည်း သူတို့စာရင်းပြုစု ထားတဲ့ မဲပေးခွင့်မရတဲ့စာရင်းကို အခုလိုပြောပြပါတယ်

" မြို့ပေါ်ရပ်ကွက်က ဆယ်ကွက်၊ ကျေးရွာ က နှစ်ရွာ၊.. ကျေးရွာ ရယ်၊ ရွှေပြည်စိုးကျေးရွာရယ်ကို ကျနော်တို့ပြုစုထားတာပါ။ တစ်ထောင့်ရှစ်ဆယ့်နဲ့ခုနှစ်ယောက်ရှိပါပြီ လောလောဆယ် မဲပေးခွင့်မရတာ။"

ညနေပိုင်းအထိ မဲပေးခွင့်မရတဲ့သူတွေ စာရင်းတွေကောက်ခံနေ တဲ့ စေတနာဝန်ထမ်း အမျိုးသမီးကလည်း အခုလိုပြောပါတယ်။

" ကော့သောင်းအနေနဲ့ကတော့ လူအယောက် လေးထောင်ကျော်ရှိနေပြီရှင့်။ သူတို့ မဲစာရင်းထည့်ခွင့်မရှိလို့။"

ဒါကတော့ ၂၀၁၅ရွေးကောက်ပွဲအတွက် မဲပေးဖို့ အနယ်အရပ်ရပ်ပြန်ကြသူတွေ မဲပေးခွင့်စာရင်းထဲမှာ မပါလာကြတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။

XS
SM
MD
LG