သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့သံတမန်ရေးရာ ကန်-ဒုဝန်ကြီး မြန်မာ့မီဒီယာလွတ်လပ်ခွင့် တိုးတက်ရေး တိုက်တွန်း


အမေရိကန် ပြည်ထောင်စု ပြည်သူ့သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
အမေရိကန် ပြည်ထောင်စု ပြည်သူ့သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံတွင်း သတင်းသမားအချို့ ဖမ်းဆီးထောင်ချခံရမှုတွေကို စိုးရိမ်မကင်းဖြစ်မိပြီး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ မီဒီယာလွတ်လပ်ခွင့်ကို ရှေ့တိုး ဆောင်ရွက်သွားဖို့ လိုလားတယ်လို့ အမေရိကန် ပြည်ထောင်စု ပြည်သူ့သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel က ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ သူ့နှစ်ရက်တာခရီးစဉ်ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအဝင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးထောက်ခံဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦး က သတင်းပေးပို့ထားပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပြည်သူ့သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Stengel ဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ သူ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးဖို့ဖြစ်သလို၊ ဆက်ပြီး လုပ်ဆောင်စရာ ကျန်ရှိနေတာတွေကိုလည်း ထောက်ပြ တွန်းအားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွှွတ်ပေးတာ၊ မီဒီယာလွတ်လပ်ခွင့်ပေးတာ၊ ဆင်ဆာစနစ် ဖျက်သိမ်းတာအပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေးထောက်ခံတယ်ဆိုတာကို မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မီဒီယာဖိနှိပ်မှုတွေ ဆက်ကျန်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

“တချိန်တည်းမှာပဲ လုပ်ဆောင်စရာတွေ အတော်ကျန်ပါသေးတယ်။ သတင်းထောက်တွေကို ထောင်ချတာ၊ ပစ်မှတ်ထား အရေးယူ ဖမ်းဆီးတာတွေအပေါ်မှာ စိုးရိမ်မကင်း ဖြစ်ရပါတယ်။ သတင်းမီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ဥပဒေအရ လွတ်လပ်ခွင့်ပေးတာတွေ ဆက်လုပ်သွားတာကို မြင်တွေ့လိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ အဆင့်နှစ်ဆင့် ဆောင်ရွက်သွားဖို့ ကိစ္စဖြစ်ပါတယ်။ တစ်ခုကတော့ လွတ်လပ်ခွင့်ပေးတာတွေ ဆက်လုပ်သွားဖို့နဲ့၊ တချိန်တည်းမှာ သတင်းသမားတွေကို ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ကိစ္စဖြစ်ပါတယ်။”

မစ္စတာ Stengel ဟာ သတင်းသမားအချို့ ဖမ်းဆီးခံရတဲ့ကိစ္စ၊ ပြင်ပ သတင်းမီဒီယာ သမားတွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်တဲ့ကိစ္စအပါအဝင် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စိုးရိမ်မှုတွေကို ပြန်ကြားရေးဝန်ကြီးကို ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ သတင်းမီဒီယာ ဖွံ့ဖြိုးရေး အပါအဝင် ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မြန်မာလူငယ်တွေကို ပညာတော်သင်ဆုတွေ လေ့လာရေး အစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ မစ္စတာ Stengel က သတင်းအယ်ဒီတာတွေနဲ့ သီးခြားတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာပိုင်းက အကြီးတန်း အယ်ဒီတာတချို့နဲ့လည်း သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ သူ့ကိုယ်တိုင် သတင်းအယ်ဒီတာ တဦးဖြစ်ခဲ့တဲ့ မစ္စတာ Stengel အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို ရှင်းပြသလို၊ မြန်မာနိုင်ငံဘက်က သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စိန်ခေါ်ချက်တွေ အခက်အခဲတွေကို နားထောင်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာလည်း လူထုရဲ့ဆန္ဒဟာ အခရာကျပြီး၊ လူထုရဲ့ဆန္ဒ သဘောထား ထင်ဟပ်ဖို့ လိုတယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဆက်နွယ်ပြီး သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“လူထုအနေနဲ့ သူတို့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရစေဖို့ ကျနော်တို့ လိုလားထောက်ခံပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဟာလည်း လူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သီးသန့် ပြောဆိုစရာမရှိပေမဲ့လို့၊ ဒါဟာ မြန်မာလူထု ဆန္ဒအတိုင်း ဖြစ်ဖို့လိုပါတယ်။ မြန်မာလူထုအနေနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတယ်ဆိုတာ အတော့်ကို စိတ်ဆန္ဒ ရှိနေပုံ ရပါတယ်။ ဒါဟာ ပြည်တွင်းမှာ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ လူထုဆန္ဒအတိုင်း ဖွဲ့စည်းပုံပြင်ဆင်မှုကို ထောက်ခံအားပေးပါတယ်။”

မစ္စတာ Stengel ဟာ မနေ့ကတော့ ရန်ကုန်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက စီစဉ်တဲ့ ပညာရေးနဲ့ အတွေ့အကြုံဖလှယ်ရေး အစီအစဉ်မှာ ပါဝင်ခဲ့သူ မြန်မာလူငယ်တွေနဲ့ တွေ့ဆုံခဲ့သလိုပဲ မြန်မာလူငယ် စွန့်ဦးလုပ်ငန်းရှင်တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိလာပြီးနောက် မြန်မာ-အမေရိကန် ဆက်ဆံရေးတွေ တိုးမြင့်လာချိန်မှာ အမေရိကန် အစိုးရပိုင်းကရော လွှတ်တော်ဘက်က တာဝန်ရှိသူတွေပါ မကြာမကြာ မြန်မာနိုင်ငံကို လာရောက်နေပါတယ်။

မကြာခင်ကပဲ အာရှ-ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ လာမယ့် နိုဝင်ဘာ အရှေ့အာရှ ထိပ်သီးညီလာခံ တက်ဖို့လည်း သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။ အခု မစ္စတာ Stengel ခရီးစဉ်ကတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ပြည်သူချင်း ဆက်ဆံမှု ပိုပြီးအားကောင်းလာဖို့ ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG