သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းရေး ဥပဒေကြမ်း ၆ ပါတီ သဘောတူ


ပြည်သူ့လွှတ်တော် (ဓာတ်ပုံ - H.E. Thura U Shwe Mann)
ပြည်သူ့လွှတ်တော် (ဓာတ်ပုံ - H.E. Thura U Shwe Mann)

ဒီကနေ့ ပြန်ကျင်းတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က တိုက်တွန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ (right to recall) ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ဥပဒေကြမ်း ကော်မတီနဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ညနေက တွေ့ဆုံပြီး သဘောထားရယူခဲ့ပါတယ်။

တက်ရောက်ခဲ့တဲ့ ပါတီကိုယ်စားလှယ်တွေထဲက ၆ ပါတီက ထောက်ခံပေမဲ့ ကျန် ၁၉ ပါတီကတော့ ဆက်လက်ဆွေးနွေးဖို့ ဆိုင်းငံ့ထားသင့်တယ်ဆိုပြီး ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ နန်းလောင်ဝ် က တင်ပြထားပါတယ်။

ဒီတကြိမ် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ Right to Recall ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်နာယကက ရှင်းပြခဲ့ပါတယ်။ Right to Recall ဥပဒေဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေဟာ လွှတ်တော်တရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနဲ့အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်အတွက် မူလ မဲဆန္ဒရှင်တွေရဲ့ အနည်းဆုံး ၁ ရာခိုင်နှုန်းက ကန့်ကွက်ရင် ပြည်ထောင်စုလွှတ်တော်က စုံးစမ်းစစ်ဆေးပြီး တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။ လွှတ်တော် ပထမနေ့ အစည်းအဝေး အပြီးမှာတော့ နိုင်ငံရေးပါတီ ၂၀ က ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီတို့ တွေ့ဆုံပြီး Right to Recall ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ သဘောထား ကောက်ယူခဲ့ပါတယ်။ အစီရင်ခံစာကိုတော့ လာမယ့် တစ်ရက်၊ နှစ်ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့ ရှိတယ်လို့ လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြောပါတယ်။

တက်ရောက်လာတဲ့ ပါတီကိုယ်စားလှယ်တွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ SNDP ကျားဖြူပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တို့က ထောက်ခံပေမဲ့လည်း ကျန် ၁၉ ပါတီကတော့ ကန့်ကွက်ခဲ့တယ်လို့ SNDP ကျားဖြူပါတီ၊ မူဆယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် က ဗွီအိုအေကို ပြောပါတယ်။

“ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ အဲဒီဟိုဟာပေါ့ လွှတ်တော်ရောက် ပါတီကိုယ်စားလှယ်တွေ တဦးစီပေါ့ တွေ့ဆုံတာပါ။ ဟုတ်ကဲ့ SNDP ကိုယ်စားပြု ကျနော်တက်ပါတယ်။ အင်း အဓိက ဆွေးနွေးတာကတော့ အဲဒီလွှတ်တော်ကိုယ်စားလှယ် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ပေါ့။ အဲဒါဆွေးနွေးတာပါ။ ဆွေးနွေးတယ် ဆိုတာထက် သဘောထား၊ ပါတီတပါတီချင်းရဲ့ သဘောထားကို တောင်းခံတဲ့ အနေအထားပါ။ အဲ ကျနော်တို့ကတော့ ဒီ Right to Recall Law နဲ့ ပတ်သက်လို့ကတော့ ရှိသင့်တယ်။ ပြဌာန်းသင့်တယ်လို့ အဲဒီလို သဘောထားပေးပါတယ်။ သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးတုန်းက ကျနော်တို့ တင်ပြခဲ့သလို ဒီဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၉၆ (ခ) နဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်တယ်၊ ၃၉၆ (ခ) က ၁ ရာခိုင်နှုန်းဆိုတာကို သင့်တော်တယ်၊ ဒီသင့်တော်တဲ့ရာခိုင်နှုန်း ပြန်လည် ပြင်ဆင်ပြီးတော့မှပဲ ဒီဥပဒေကို ပြဌာန်းသင့်တယ်လို့ သဘောထားပေးပါတယ်။”

လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းပေးဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြည်ထောင်စုလွှတ်တော်ကို စတုတ္ထအြကိမ်အဖြစ် တိုက်တွန်းတာ ဖြစ်တယ်လို့ SNDP သီပေါလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ အာဏာရပါတီ ဥက္ကဋ္ဌ ရာထူးက ရပ်ဆိုင်းခံလိုက်ရတဲ့ သူရ ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှုယ်အဖြစ်က ရုပ်သိမ်းဖို့ ဖိအားပေးတဲ့အနေနဲ့ ဒီဥပဒေမူကြမ်းကို အတည်ပြုဖို့ ကြိုးပမ်းတဲ့ သဘောလားလို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြတာပါ။ ဒါပေမဲ့လည်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း ကတော့ အခုလို မြင်ပါတယ်။

“ကျနော့်အမြင်ကတော့ပေါ့လေ အပြင်ပန်း ကြည့်မယ်ဆိုရင်တော့ ဒီနှစ်ခုက ဆက်စပ်နေတဲ့ သဘောလို့တော့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ လက်ရှိ ဟို သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌအဖြစ် ဖယ်ရှားတာဟာ ဟို တနည်းအားဖြင့် ပြောလို့ရှိရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဟို နိုင်ငံရေးကစားကွက်တခု၊ နိုင်ငံရေးဗျူဟာတခု၊ နိုင်ငံရေးလှည့်ကွက်တခုလည်း ဖြစ်လာနိုင်တယ်လို့ ကျနော်က မြင်ပါတယ်။”

သူရဦးရွှေမန်းကို ပါတီဥက္ကဌ ရာထူးကနေ ဖယ်ရှားလိုက်တာဟာ ပါတီတွင်း မပြေမလည်ဖြစ်လာတဲ့ သဘောမဟုတ်ဘဲ နိုင်ငံရေးကစားကွက်တခု ဖြစ်နိုင် တယ်လို့လည်း ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

အခုလို အာဏာရပါတီတွင်း ဖြစ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ဆွေးနွေးပွဲတွေ ပြန်စတင်တော့မယ့်အချိန် ဒီတကြိမ်လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တွေ၊ အာဏာရပါတီ ကိုယ်စားလှယ်တွေ၊ အတိုက်အခံပါတီ ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဘယ်လိုအကြောင်းအရာတွေ အဆိုတင်သွင်းချက်တွေကို ဆွေးနွေးနိုင်မလဲ ဆိုတာကိုလည်း နိုင်ငံရေးအင်အားစုတွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG