သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုကြောင့် Cox’s Bazaar တဝိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်


ကော့ဘဇာတဝိုက်က ဘုရားတွေအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊အစ္စလာမ် အစွန်းရောက်တချို့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကော့ဘဇာတဝိုက်က ဘုရားတွေအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊အစ္စလာမ် အစွန်းရောက်တချို့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar အနီးမှာ စနေနေ့ညက ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစ္စလာမ် အစွန်းရောက်အဖွဲ့တွေက ပြုလုပ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ Cox’s Bazaar နဲ့ ပန်းဝါလို့ခေါ်တဲ့ Ramu ဒေသတဝိုက်မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းထက် တိုက်ခိုက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ထားပြီး မသင်္ကာသူတချို့ကိုလည်း မကြာသေးခင် နာရီပိုင်းအတွင်းကပဲ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အဓိက စဖြစ်တဲ့နေရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Ramu လို့ခေါ်ပြီး မြန်မာတွေက ပန်းဝါလို့ ခေါ်တဲ့မြို့မှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ အစ္စလာမ် အစွန်းရောက်တချို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေအပါအဝင် စာသင်ကျောင်းနဲ့ လူနေအိမ် အတော်များများကို စနေနေ့ညက ရုတ်တရက် ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ကြတာပါ။

အခုချိန်ထိ နောက်ဆုံးရရှိတဲ့သတင်းတွေအရကတော့ မီးဒဏ်ကို မရှောင်နိုင်တဲ့ အစ္စလာမ်ဘာသာဝင် အဘိုးအိုတဦးနဲ့ အဘွားအိုတဦး၊ စုစုပေါင်း ၂ ဦးသေဆုံးပြီးဖြစ်တယ်လို့ သိရပါတယ်။

အစပိုင်းမှာ ပန်းဝါမြို့မှာသာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ထားပေမယ့် ဒီကနေ့ နေ့လည်ပိုင်းကစပြီး Cox’s Bazaar လို့ခေါ်တဲ့ ဖလောင်းချိတ် ဒေသမှာပါ အဲဒီ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်သလို့ မသင်္ကာသူ အတော်များများကိုလည်း ဖမ်းဆီးထားတယ်လို့ အခြေအနေတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရခိုင်အမျိုးသမီးအဖွဲ့ချုပ်က ဥက္ကဌ ဒေါ်မြရာဇာလင်းက ပြောပါတယ်။

“၁၂နာရီကျော် နောက်ပိုင်းမှာ ကော့ဘဇားမှာ ၁၄၄ထုတ်လိုက်ပြီ။ အခုဘုန်းကြီးကျောင်းတွေရှိတဲ့နေရာမှာ ပုလိပ်တွေ ချထားရုံမကဘူး။ အကုန်လုံး စစ်တပ်တွေပါ ချထားပြီလို့ပြောတယ်။ လူ၁၀၀ကျော် ဖမ်းထားတယ်လို့ ပြောတယ်။ မသေချာသေးဘူး။ လူ၁၀၀ကျော် ဖမ်းထားတဲ့အထဲမှာ ဒေသခံလူတွေလည်းပါတယ်ပြောတယ်။ အစ္စလာမစ်အဖွဲ့တွေလည်း ပါတယ်တဲ့။ ပြီးလို့ရှိရင် ကော့ဘဇားမှာရှိတဲ့ Ruling Party က ကျောင်းသားလူငယ်တွေလည်း ပါတယ်လို့ ပြောတယ်။”

အခင်းဖြစ်ဖြစ်ပြီးချင်း နောက်တနေ့မနက် တနင်္ဂနွေနေ့မှာတော့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားတဲ့နေရာကို အခြေအနေတွေ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက ဝါရင့်သတင်းထောက် Abdul Karam Azad က ဗွီအိုအေကို ပြောပြပါတယ်။

သူပြောသွားတာကတော့ - “မနေ့က မနက်အစောကြီးမှာပဲ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်တဲ့နေရာကို ချက်ချင်း သွားခဲ့ပါတယ်တဲ့။ ဒီ တိုက်ခိုက်မှုတွေဟာ ကြိုတင် ပြင်ဆင်ပြီး အကွက်ကျကျ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေဖြစ်တယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်တဲ့။ ဒီတိုက်ခိုက်မှုကို အစ္စလာမ် စစ်သွေးကြွတွေက ဦးဆောင် ပြုလုပ်ခဲ့တယ်လို့ အစိုးရဖက်က ရည်ညွန်း ပြောဆိုနေပါတယ်တဲ့။ ဒါ့အပြင် ရိုဟင်ဂျာအုပ်စုတွေလည်း ဒီတိုက်ခိုက်မှုမှာ ဆက်နွယ် ပါဝင်မှုရှိတယ်လို့ အစိုးရက ပြောတယ်လို့ ပြောသွားတာပါ။”

ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူအများစုဟာ ဒေသခံတွေမဟုတ်ဘူး ဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာတွေထဲမှာလည်း ရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်။

“အကြမ်းဖက်အုပ်စုတစုက လက်နက်ကိုင်ပြီး တော့မှ မီးရှို့ဖို့လာတဲ့ အုပ်စုဖြစ်တယ်။ အဲ့ဒီ့အုပ်စုကို ဘင်္ဂလားဒေ့ရှ်ရဲက ဖြေရှင်းတာ။ ရာမူးကို လုပ်ကြံဖို့လာတဲ့သူတွေက ရာမူးရဲ့ ဒေသခံတွေမဟုတ်ဘူး။ ဒေသခံလည်း ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် ဘယ်နေရာက လာကြတယ်ဆိုတာတော့ ပြောရတော့ခက်တယ်။ အပြင်က လာပြီးတော့မှ ကားနဲ့ လူက ထောင်ချီပြီး ပါလာတယ်လို့ ပြောပါတယ်။ Ramu ကို ဝင်ပြီးတော့မှ မီးရှို့တာဖြစ်ပါတယ်။ ဒေသခံမူဆလင်တွေက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကို မီးမရှို့ဖို့ဆိုတာလည်း တားမြစ်ကြတယ်။ ရခိုင်ဘုန်းကြီးတပါးကို ဒေသခံ မူဆလင်တွေက ကယ်ထားလိုက်ကြတယ်လို့ သိရပါတယ်။”

ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တဲ့ လက်နက်ကိုင်အုပ်စုအတွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစွန်းရောက်အဖွဲ့တွေက ကြိုတင် ပြင်ဆင်ပြီး ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြုလုပ်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့ညက အခြေအနေတွေ အတော်လေး ဆိုးရွားခဲ့ပေမယ့် အာဏာပိုင်တွေဖက်က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အချိန်မှီ တိုးမြင့် ချထားလိုက်နိုင်တာကြောင့် မနေ့ တနင်္ဂနွေနေ့က စပြီး အခြေအနေတွေဟာ ပြန်လည် တည်ငြိမ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပန်းဝါလို့ခေါ်တဲ့ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေအပြင် ဒါကာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းမှာ လုံခြုံရေးအင်အားတွေကို တိုးမြင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်းကျမ်းစာအုပ်ကို စော်ကားရာရောက်စေတဲ့ ဓါတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ တင်လိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်က ယုံကြည်မှုမရှိပဲ၊ အကြမ်းဖက်ဆူပူမှုဖြစ်အောင် တမင်အကွက်ဆင် လုပ်ဆောင်တယ်လို့ ယူဆနေတဲ့အကြောင်း ဝါရင့်သတင်စာဆရာ Abdul Karam Azad က ပြောပါတယ်။
XS
SM
MD
LG