သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရှိ IDP ဒုက္ခသည်တွေကို နိုင်ငံသားခံယူခွင့် စတင်စိစစ်မှု ကုလကြိုဆို


Rohingya
Rohingya

ရခိုင်ပြည်နယ်က လူမှုအဖွဲ့အစည်း နှစ်ခုကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သတ်ပြီး အစိုးရအနေနဲ့ အဖြေရှာဖို့ ကြိုးပမ်းနေတဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

ဒီအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးရုံးကလည်း ကြိုဆိုလိုက်ပါတယ်။ ဒီအတောအတွင်း အမေရိကန် ပြည်ထောင်စုရောက် ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကျင်းပနေတဲ့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုအောင်အောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး Action Plan ကို စနစ်တကျ၊ အချိန်နဲ့ တပြေးညီ အကောင်အထည်ဖော်ဖို့ အပြီးသတ် ဆောင်ရွက်နေတဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တနင်္လာနေ့တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးအကြံပေး ဗွီဂျေ နမ်ဗီးယားရဲ့ရုံးက ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ ပတ်သတ်ပြီး အတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“ရခိုင်ပြည်နယ်အတွင်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ စတင်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး သိရပါတယ်။ ဒီလိုဆောင်ရွက်မှုအတွင်း IDP စခန်းတွင်းမှာ နေထိုင်သူ ရိုဟင်ဂျာတွေကော စခန်းအပြင်မှာ နေသူတွေပါ စိစစ်ရေး လုပ်ငန်းစဉ် ၅၂၂ အရ နိုင်ငံသားဖြစ်ခွင့်ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံသားဖြစ်ဖို့ အထောက်အထား လုံလုံလောက်လောက် မတင်ပြနိုင်သူတွေအပေါ်လည်း နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အခြေခံ စည်းမျဉ်းတွေအရ ဆက်ဆံဖို့ မျှော်လင့်ပါတယ်။”

၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်အတွင်း အတူနေခဲ့ကြတဲ့ မူဆလင်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ ဒီအတောအတွင်း မြန်မာအစိုးရရဲ့ နိုင်ငံသားစိစစ်ရေးအစီအစဉ်နဲ့ ပတ်သတ်ပြီး ဆန့်ကျင်ကြောင်း အမေရိကန်အခြေစိုက် Rohingya American Society (Wisconsin) နဲ့ Rohingya Concern International အဖွဲ့တို့က အထွေထွေ ညီလာခံကျင်းပနေတဲ့ ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ မနေ့က အင်္ဂါနေ့တုန်းက ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြမှုနဲ့ပတ်သတ်ပြီး Rohingya American Society (Wisconsin) အဖွဲ့ ဥက္ကဌ ဦးကျော်စိုးအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကျနော်တို့လာပြီးတော့ ကန့်ကွက်ဆန္ဒပြကြတာပါ ဒီ UN ရှေ့မှာ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ လုံး၀ ရိုဟင်ဂျာလူမျိုးစုနဲ့ မသက်ဆိုင်ပါ။ ဘာဖြစ်လို့လဲဆိုရင် ဒီနိုင်ငံသားဥပဒေဟာ ဟိုလူတွေအတွက်ပေါ့နော် အိမ်နီးချင်းနိုင်ငံတွေဆီကနေ မတော်မတရား ကျူးကျော် ဝင်ရောက်လာတဲ့ သူတွေအတွက် ဒီနိုင်ငံသားဥပဒေနဲ့ သက်ဆိုင်ပါတယ်။ ရိုဟင်ဂျာလူမျိုးစုဟာ မြန်မာနိုင်ငံမှာ မတရား သူတပါးနိုင်ငံကနေ ကျူးကျော်ဝင်ရောက်လာပြီးတော့ နေထိုင်နေတာ မဟုတ်ပါ။”

ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံရပြီး ရခိုင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာနေခဲ့တဲ့ အထောက်အထားတွေဟာလည်း ဒီဖျက်ဆီးမှုတွေထဲ ပါသွားတဲ့အတွက် အထောက်အထား ပြစရာမရှိတာဟာလည်း ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ အခက်အခဲတရပ် ဖြစ်တဲ့အကြောင်း သူကပြောပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ အခုလို အခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပြီလို့ နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ ညီလာခံအတွင်း ပြောဆိုခဲ့တာအပေါ် ဦးကျော်စိုးအောင်က အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံကနေ နိုင်ငံခြားရေးဝန်ကြီး ပြောဆိုတဲ့အပေါ်မှာ ကျနော်တို့က ဆန့်ကျင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပြောဆိုထားတဲ့စကားတွေဟာ လုံး၀ လက်ရှိ လူ့အခွင့်အရေးဥပဒေအပေါ်မှာ ကျနော်တို့ကြည့်မယ်ဆိုရင်လည်း လုံး၀ ပတ်သက်မှုမရှိပါ။ သက်ဆိုင်မှုမရှိပါ။ ရိုဟင်ဂျာလူမျိုးထုကို အခုစပြီးတော့ နိုင်ငံသား ဟုတ် မဟုတ် စိစစ်မယ်ဆိုပြီးတော့ ပြောထားပါတယ်။ ဒီစာရွက်စာတမ်းတွေ မရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို သူတို့ပေါ့နော် ယာယီစခန်းတွေ ဆောက်ပြီးတော့ အဲ့ဒီမှာထားမယ်လို့ ပြောဆိုထားပါတယ်။ ဒါကတော့ မတော်မတရားတခုပါ၊ လုံး၀ တရားမျှတမှုမရှိပါ။ ၂၀၁၂ နှစ်ပေါ့နော် Ethnic Violence ဖြစ်ခဲ့တဲ့အချိန်မှာ များသောအားဖြင့် လူတွေတော်တော်များများ သူတို့ဆီမှာ စာရွက်စာတမ်းတွေ မီးရှို့ဖျက်ဆီးခြင်းခံရပါတယ်။ သူတို့အခု ဘယ်မှာ သူတို့ရဲ့ စာရွက်စာတမ်းတွေ ရပါ့မလဲ။ ကျနော်တို့ စဉ်းစားကြည့်ရပါမယ်။ ဒီ ၂၀၁၂ ခုနှစ်ပေါ့နော် Ethnic Violence မဖြစ်ပွားခင် လူတိုင်းလူတိုင်းမှာ အထောက်အထားတွေ စာရွက်စာတမ်းတွေ ရှိကြပါတယ်။”

ကုလသမဂ္ဂရှေ့မှာ ဆန္ဒပြပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာလည်း ဆန္ဒပြမှာဖြစ်တဲ့အကြောင်း ဦးကျော်စိုးအောင်က ပြောပါတယ်။ ဒီဆန္ဒပြပွဲအတွင်း လူပေါင်း ၃၅ ယောက်လောက် ပါဝင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေထဲက အများစုဟာ နိုင်ငံမဲ့ဖြစ်ပြီးတော့ အဲဒီထဲက ၁ သိန်း ၄ သောင်းလောက်ဟာ နေရပ်ကနေရွှေ့ပြောင်းပြီး IDP စခန်းတွေထဲမှာ နေထိုင်နေကြတာပါ။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီးလီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သတ်လို့ စိုးရိမ်ကြောင်း သူက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း မကြာခင်မှာ စတင်မယ့် မြန်မာအစိုးရရဲ့ အစီအစဉ်အတိုင်း အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်ပြီး ဘင်္ဂါလီလို့ စာရင်းပေးသွင်းရင်တော့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့သူတွေတချို့ဟာ နိုင်ငံသားဖြစ်ခွင့်ရရှိမှာဖြစ်ပြီး ကျန်ရှိသူတွေကတော့ IDP စခန်းတွေမှာ ဆက်နေရမယ့် အခြေအနေအပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့တွေက ပြောဆိုဝေဖန်နေကြပါတယ်။

XS
SM
MD
LG