သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း NLD နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်ရေး မျှော်လင့်


လွှတ်တော် ထဲမှာရှိတဲ့ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေ။
လွှတ်တော် ထဲမှာရှိတဲ့ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေ။

အနိုင်ရ NLD ပါတီကိုယ်စားလှယ် အများစုဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး၊ လွှတ်တော် ထဲမှာရှိတဲ့ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အား ထက်သန်နေကြပါတယ်။ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တွေပါ ပူးပေါင်းပါဝင်နိုင်ဖို့ကြိုးစား စည်းရုံးမယ်လို့ အာဏာရ NLD ပါတီကိုယ်စားလှယ် တွေကပြောပါတယ်။ လွှတ်တော်မှာ လူနည်းစုအနေနဲ့ရှိလာတဲ့ ကြံခိုင်ရေး ပါတီ ကိုယ်စားလှယ်တွကလည်း အမျိုးသားရင်ကြားစေ့ရေးအခြေခံပြီး NLD နဲ့ ပူးပေါင်း ဆောင်ရွက် မယ်လို့ ပြောနေပါတယ်။ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ ထားပါတယ်။

NLD ပါတီဝင ်အများစုပါဝင်တဲ့ လွှတ်တော်တွေကို ဒီလထဲမှာ စတင်ခေါ်ယူ ကျင်းပနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလမှာတော့ ကြံ့ခိုင်ရေးပါတီက လွှတ်တော် တွေကို ဦးဆောင် ကျင်းပခဲ့တာမှာ NLD ပါတီက လူနည်းစုသာ ပါဝင်ခဲ့တာကြောင့် ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို စည်းရုံးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီအတွက် လွှတ်တော်တွင်းမှာ တပ်မတော်သား တွေနဲ့ NLD ပါတီကြားမှာလည်း အလှမ်းဝေးကွာမှုတွေဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့တာကြောင့် အခြေခံဥပဒေပြင် ဆင်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒီအပြင် ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် NLD ပါတီဝင်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်ကြားမှာ သဘောထား တင်းမာမှု တွေဖြစ်ခဲ့ရပါတယ်။ ဒီတခေါက်မှာတော့ NLD ပါတီက ဦးဆောင်ကျင်းပတဲ့ လွှတ်တော်တွေဖြစ်လာပါပြီ။NLD ပါတီဝင် တွေကိုယ်စားလှယ်တွေဟာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကိုစည်းရုံးနိုင်မှသာ အများလိုလားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှာပါ။ ဒီလို အမျိုးသားရင်ကြားစေ့နိုင်ဖို့ NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုကြိုးစားမလဲဆိုတာကို မေးမြန်းတင်ပြပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တွင်းမှာကော အခုစတင်တဲ့လွှတ်တော် ၅ နှစ်သက်တမ်းမှာပါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တာဝန်ထမ်းဆောင်နေသူ မကွေးတိုင်းမဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က တပ်မတော်နဲ့ ပတ်သက်ပြီး အခုလိုပြောဆိုခဲ့ပါတယ်။

“အဲဒါကတော့ တဦးချင်း၊ တဦးချင်း ကနေပြီးတော့ တပ်မတော်သားတွေကို အခြေခံကနေ စည်းရုံးဖို့ဆိုတဲ့ကိစ္စကတော့ လက်တွေ့မကျပါဘူး။ တကယ်တော့ တပ်မတော်ဆိုတာ သူ့ရဲ့ မှုလစည်းကမ်းအတိုင်း အမိန့်တခုရဲ့အောက်မှာ စီစဉ်ဆောင်ရွက်ရတာဖြစ်တယ်။ အခုလက်ရှိ ကာကွယ်ရေးဦးစီးချုပ်နဲ့ အခုဆိုရင် အနာဂတ်မှာ တကယ်တမ်း ပြည်သူလူထုက Mandate ပေးလိုက်လို့ ဦးဆောင်လို့ရမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနဲ့ ညှိနှိုင်းတိုင်ပင်ကြမယ်။ အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တပ်မတော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်များနဲ့ အခုလွှတ်တော်ထဲမှာရှိတဲ့ အရပ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များရဲ့ ကြားထဲမှာ အထူးအငြင်းပွားစရာတွေ၊ ပဋိပက္ခဖြစ်စရာတွေ နည်းပါးသွားမယ်။ သို့မဟုတ် မရှိနိုင်လောက်တဲ့ အထိတောင်ဖြစ်သွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ဆိုတာက တပ်မတော်ရဲ့ အမိန့်နဲ့ စည်းကမ်းအတိုင်း သွားကြရတာ၊ တဦးချင်းရဲ့သဘောနဲ့ သွားဖို့ ရနိုင်တဲ့ အနေအထားမရှိဘူး။”

ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁၁ ရခိုင်အမျိုးသားပါတီဝင် မထုမေက တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက် ဖို့နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ပထမအဆင့်အရေးကြီးတာကတော့ ပါဝင်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အရေးကြီးဆုံးပေါ့နော်။ ဘေးကနေပြီးတော့ တွန်းပို့တာထက် စာရင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများရဲ့ အခန်းကဏ္ဍကို ပီပြင်အောင် လုပ်ဖို့အရေးကြီးတယ်။ တပ်မတော်သည် နိုင်ငံရဲ့ ကာကွယ်ရေးလား ၊ ဥပဒေပြုရေးလား ဆိုရင် သီးခြားခွဲပြီးတော့ ကိုယ်ပိုင် အသိဉာဏ်နဲ့ ဆုံးဖြတ်ရတာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။”

အခုစတင်ကျင်းပနေတဲ့ လွှတ်တော်မှာ လူနည်းစုသာပါဝင်တော့တဲ့ ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်း မဲဆန္ဒနယ် ၁၁ က ဦးစိုးအောင်ကတော့ လွှတ်တော်တွင်း လူနည်းစုသာ ဖြစ်နေပေမယ့် စိုးရိမ်မှုမရှိဘဲ NLD ပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အခုလိုပြောပါတယ်။

“အားလည်းမငယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးပြီးပြီလေ။ ပုဂ္ဂိုလ်စွဲ၊ဒေသစွဲ၊ ဝါဒစွဲတွေ၊ ပါတီစွဲတွေ မထားပဲ နဲ့ ပူးပေါင်းပြီးလုပ်ဆောင်သွားမယ်ဆိုပြီး သူ ကတိပေးထားတယ်လေ။ ဒါက လူကြီးတယောက် ကတိပေးထားတာလေ။ ကျနော်ကတော့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ။ ဒေါ်စုကိုလည်း ယုံတယ်။”

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက ဓနုတိုင်းရင်းသူ NLD ပါတီဝင် ဒေါ်မာမာလေးကလည်း တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး အခုလိုပြောဆို ခဲ့ပါတယ်။

“တပ်မတော်နဲ့ ပြည်သူနဲ့ တသားတည်း လက်တွဲရမယ်လို့ အမေစု၊ ကျမတို့ ခေါင်းဆောင်ကလည်းပြောထားတယ်လေ။ ကျမတို့လည်း တပ်မတော်ကို ကျမတို့ လက်တွဲမှာပဲ။ တပ်မတော်သားတွေကို ကျမတို့ ဘယ်လိုမှ အမြင်မစောင်းဘူး။ တပ်မတော်နဲ့ ကျမတို့ NLD နဲ့လက်တွဲမှာ ။ ဘယ်လိုစည်းလုံးမလဲဆိုတော့ ကျမတို့ သူတို့ကို တိုင်းရင်းသားအားလုံး ရင်ကြားစေ့ရေး အဲလိုမျိုးတွေနဲ့ ကျမတို့ လက်တွဲခေါ်မှာ ။ တပ်မတော်သားနဲ့ ပြည်သူတွေ တသားတည်း ဖြစ်အောင်လို့ ကျမတို့လက်တွဲခေါ်မှာ။”

ဒီကနေ့မှာ NLD ပါတီကိုယ်စားလှယ် အများစု ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ကို စတင်ကျင်းပခဲ့ပါတယ်။လွှတ်တော် ၂ ရပ်စလုံးအတွက် ဥက္ကဋ္ဌ နဲ့ ဒု-ဥက္ကဋ္ဌ နေရာတွေ လည်း ရွေးချယ်ခဲ့ပြီး ဖြစ်တာကြောင့် မနက်ဖန်မှာ လွှတ်တော် ၂ ခုစလုံး ကိုပုံမှန်အတိုင်းစတင်တော့မှာပါ။ လက်ရှိ လွှတ်တော် ၂ခုစလုံးမှာ NLD ပါတီက အများဆုံးနေရာ ယူထားတာကြောင့် ဒီ ၅ နှစ် သက်တမ်း လွှတ်တော်မှာ ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ တည်ဆဲဖွဲ့စည်းပုံဥပဒေအရ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးပိုင်းမှာ နေရာရထား တဲ့ တပ်မတော်ကို ဘယ်လောက် အတိုင်းအတာထိ စည်းရုံး နိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ စည်းရုံးနိုင်မှသာ အများက ပြင်ဆင်ဖို့လိုလားနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG