သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲမှု နောက် ကြောင်း ပြန်မလှည့်ဖို့ ကန် သတိထားဆောင်ရွက်


မြန်မာသမ္မတဦးသိန်းစိန်နဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံ။ (ဧပြီလ ၁၀၊ ၂၀၁၄) သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
မြန်မာသမ္မတဦးသိန်းစိန်နဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံ။ (ဧပြီလ ၁၀၊ ၂၀၁၄) သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အစိုးရပိုင်းရဲ့ မူဝါဒချဉ်းကပ်ဆောင်ရွက်မှုမှာ မြန်မြန်ဆန်ဆန်လုပ်ဆောင်စရာတွေကို လုပ်ဆောင်သွားမှာဖြစ်သလို၊ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ
နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အခြေအနေတွေအပေါ်မှာလည်း သတိထားပြီး ဆောင်ရွက်သွားမယ်လို့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံရောက်နေ တဲ့ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Russel ဟာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ၊လက်ရှိ မြန်မာပြုပြင်ပြောင်းလဲရေး အပေါ် အားပေးပြောဆို တာရှိသလို၊ မြန်မာ့နိုင်ငံရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ စိုးရိမ်မှုတွေကိုလည်း ပြောဆိုသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက သတင်းပေးပို့ထားတာပါ။

မြန်မာနိုင်ငံကို နှစ်ရက်ကြာရောက်ရှိနေတဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာသမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် စတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် နှစ်ဖက် အမြင်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
မြန်မာသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံ။ (ဧပြီ ၁၀၊ ၂၀၁၄) သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး
မြန်မာသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံ။ (ဧပြီ ၁၀၊ ၂၀၁၄) သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး


မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမှုအပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတော့်ကို မျှော်မှန်းထားပြီး၊ အမေရိကန်အနေနဲ့ အာဆီယံအဖွဲ့ကြီးကို အာရှ ပစိဖိတ်ဒေသကို မောင်းနှင်မယ့် အဓိက အဖွဲ့အစည်း တရပ်ဖြစ်လာစေချင်တယ် ဆိုတာကို မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာရော နိုင်ငံခြားရေးဝန်ကြီးနဲ့
တွေ့ဆုံစဉ်မှာပါ သူပြောဆိုခဲ့ တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဒီကနေ့ ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းမီဒီယာ အချို့နဲ့ တွေ့ဆုံစဉ်မှာ ပြောသွားပါတယ်။

အခု မြန်မာနိုင်ငံလာတဲ့ သူ့ခရီးစဉ်ဟာလည်း အမေရိကန်-မြန်မာ ဆက်ဆံရေး အတွက် မြန်မာ့မိတ်ဆွေတဦးအနေနဲ့ လာရောက်တာဖြစ်တယ်လို့ ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအပေါ်မှာ အလွန်ပဲ တန်ဖိုးထားသလို အထူးသဖြင့် လွန်ခဲ့တဲ့သုံးနှစ်ကစပြီး သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အလေးအနက် ထောက်ခံတာမို့လို့၊ ကျနော်ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေတဦးအနေနဲ့ အခု ရောက်လာတာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အလေးအနက် ထောက်ခံ သလိုပဲ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် မိတ်ဖက်နိုင်ငံလည်းဖြစ်ပါတယ်။ ”

Mr.Russel ဟာ အရင် နိုင်ငံခြားရေးဝန်ကြီးကလင်တန်မြန်မာနိုင်ငံ လာရောက်စဉ်မှာရော၊ သမ္မတအိုဘားမား မြန်မာနိုင်ငံလာရောက်စဉ်မှာပါ လိုက်ပါလာခဲ့ဖူးတာကြောင့် အခု သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ တတိယမြောက်ဖြစ်ပါတယ်။ မြန်မာအစိုးရပိုင်းနဲ့တွေ့ဆုံစဉ်မှာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေအပေါ် အားပေးပြောဆိုခဲ့သလို၊ စိုးရိမ် ပူပင်စရာတွေကိုလည်း ထောက်ပြပြောခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ် အတွင်းက လူသားချင်းစာနာ အကူအညီပေးရေး လုပ်ငန်းတွေအတွက် စိုးရိမ်ချက်ဖြစ်တယ်လို့ Mr.Russel က ပြောပါတယ်။

လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်စဉ်မှာအစိုးရအနေနဲ့ တာဝန်ခံမှုရှိမှုရှိဖို့နဲ့၊ တရားဥပဒေစိုးမိုးရေး အရေးကြီးတာတွေကို ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။ အခြေအနေတွေဟာ အတော့်ကို ရှုပ်ထွေးတယ်ဆိုတာ လက်ခံပေမယ့်လည်း ရေရှည် အတွက် အဖြေထုတ်ရာမှာ အဲဒီက ကွဲပြားနေတဲ့ လူမှုအသိုင်းအဝိုင်းတွေအကြား၊ လူမှုအသိုင်းအဝိုင်းတခုတည်းအတွက် အဖြေထုတ်တာမျိုးမဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ မူဝါဒပိုင်းမှာလည်း ကူညီအားပေးရမယ့် ကိစ္စတွေမှာ မြန်မြန်ဆန်ဆန်ဆောင်ရွက် မှာဖြစ်သလို၊ သတိထားရမယ့် အခြေအနေတွေကိုလည်း တွက်ချက် စဉ်းစားထားတယ်လို့ Mr.Russel က ပြောသွားပါတယ်။

“မြန်မြန်ဆန်ဆန်လုပ်ဆောင်ရနိုင်တဲ့နေရာတွေမှာ မြန်မြန်ဆန်ဆန်လုပ်သွားဖို့လိုပါတယ်။ သတိထားရမယ့်နေရာတွေမှာတော့ နှေးနှေးကွေးကွေး လုပ်ဆောင် သွားရမှာပါ။ ကျနော်တို့အနေနဲ့ အတော့်ကို နည်းနာကြွယ်ဝစွာနဲ့ တွက်ချက် ချည်းကပ်နေတာပါ။ နိုင်ငံရေး စီးပွားရေးအရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း တိုးတက်မှုတွေအတွက် ဖြစ်နိုင်သမျှ ကူညီထောက်ပံ့သွားဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်းပဲ ဒီလုပ်ငန်းစဉ်တွေ နောက်ပြန် မလှည့်သွားစေဖို့ သတိထားနေပါတယ်။ ကျနော် အကူအညီပေးချင်ပါတယ် ဒါပေမယ့် အတော်ကြီး ကြိုးစား လုပ်ဆောင်စရာတွေ ရှိပါတယ်။ ဒါဟာ လည်း မြန်မာခေါင်းဆောင်တွေ မြန်မာပြည်သူတွေ လုပ်ဆောင်ကြရမှာပါ။ ”

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့စဉ်မှာတော့ မီဒီယာလွတ်လပ်ခွင့်နဲ့ စွမ်းရည်မြင့်သင်တန်းတွေ ပေးဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့သလိုပဲ၊ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း သတင်းထောက်တွေ ဖမ်းဆီးခံရတာ ထောင်ချခံ ရတာတွေအပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

လက်ရှိ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ယာယီဆိုင်းငံ့ထားပေမယ့် အသက်ဝင်နေဆဲရှိပါတယ်။ ဒါတွေကို လုံး၀ ပြန်ရုပ်ဖို့ ကိစ္စကတော့ အမေရိကန်ပြည်ထောင်စုဖက်က သတ်မှတ်ချက်တွေ အတိုင်း ဖြစ်ရလိမ့်မယ်လို့ ပြောသွားပါတယ်။

“ဘယ်လို သတ်မှတ်ချက်တွေထားမလဲဆိုတာ လွှတ်တော်ပိုင်းနဲ့ ဆွေးနွေး ညှိုနှိုင်းမှုတွေလုပ်နေပါတယ်။ နိုင်ငံတကာမိတ်ဆွေတွေနဲ့လည်း ဆွေးနွေးညှိုနှိုင်းသလို မြန်မာအစိုးရရော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပါ မပြတ်ဆွေးနွေးလျှက်ရှိပါတယ်။ ကျနော်တို့ကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ ရည်မှန်းပါတယ်။ ဖြစ်ထွန်း တိုးတက်မှုတွေရလာဖို့ ဖြစ်နိုင်သမျှ နည်းလမ်းစုံသုံး ဆောင်ရွက်ပါတယ်။ ပြီးခဲ့တဲ့သုံးနှစ်အတွင်းသာ သိသာတဲ့ အခြေခံကျကျ ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ အခြေခံ အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာဖို့ဆိုတာနဲ့ တိုင်းတာဆောင်ရွက်နေ ပါတယ်။ နောက်ထပ်အဆင့်တွေ တိုးပြီး လှမ်းဖို့ဆိုရင် ဒီအချက်တွေကို အခြေခံတိုင်းတာမှာပါ။”

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ ရခိုင်ပြည်နယ်တွင်းကိစ္စနဲ့ ပတ်သက်လို့ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့တွေ့ ဆုံပြီး ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ကိစ္စဟာ ပြည်တွင်းရေး ဆိုပေမယ့်လည်း၊ ဒီနေရာမှာ အပြည်ပြည်ဆိုင်ရာ စံနှုန်းစံထား သတ်မှတ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ Mr.Russel က သတင်းထောက်တွေကို ပြောပါတယ်။

Mr.Russel ဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ မတွေ့ဆုံခင်၊ မနေ့တုန်းကတော့ ရန်ကုန်မှာ ရှိခဲ့ပြီး နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေ၊ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ မြန်မာအရပ်ဖက်လူမှု
အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့လုပ်ဆောင်နေတဲ့ ကူညီရေး လုပ်ငန်းတွေမှာ မဟာဗျူဟာအရ ဘယ်လို အကူအညီပေးနိုင်မလဲဆိုတဲ့ လိုအပ်ချက်တွေ ကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
XS
SM
MD
LG