သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သတင်းလွတ်လပ်ခွင့် နိမ့်ကျနေဆဲ


မြန်မာပြည်တွင်း မီဒီယာတွေ အားထုတ်မှု RSF ဖော်ပြ
မြန်မာပြည်တွင်း မီဒီယာတွေ အားထုတ်မှု RSF ဖော်ပြ
ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့နဲ့ တိုက်ဆိုင်ပြီး နိုင်ငံတကာက သူရဲကောင်း သတင်းသမားတွေအဖြစ် ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က မှတ်တမ်းတင်လိုက်တဲ့အထဲမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံ သတင်းထောက်တဦးလည်း ပါဝင်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ မြန်မာနိုင်ငံမှာ အရင်ကထက် သတင်းလွတ်လပ်ခွင့် ပိုရလာတယ်ဆိုပေမဲ့ သတင်းထောက်တွေ အဖမ်းဆီး ထောင်ချခံနေရတာကိုကြည့်ရင် မြန်မာအစိုးရ က ရှေ့ခြေတလှမ်းတိုးပြီးနောက်- ခြေနှစ်လှမ်း ပြန် ဆုတ်နေသလိုမျိုး ဖြစ်နေတယ်လို့လည်း RSF က ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လာမယ့်မေလ ၃ ရက် စနေနေ့မှာကျရောက်မယ့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ World Press Freedom Day အထိမ်းအမှတ်အဖြစ် RSF က (သူရဲကောင်း သတင်းသမား ၁၀၀) ကို ရွေးချယ် ထုတ်ပြန်လိုက်တဲ့အထဲမှာ မကြာသေးမီက ထောင်ဒဏ် ၁ နှစ် အချခံလိုက်ရတဲ့ DVB သတင်းထောက် ကိုဇော်ဖေလည်း ပါဝင်ပါတယ်။

ဂျပန်ဖောင်ဒေးရှင်းတခုက ပေးအပ်တဲ့ ပညာသင်ဆုရွေးချယ်ပုံနဲ့ ပတ်သက်ပြီး သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇော်ဖေကို မှတ်တမ်းတင်တဲ့ အကြောင်းကိုတော့ RSF ရဲ့ အာရှနဲ့ပစိဖိတ်ရေးရာ တာဝန်ခံ Benjamin Ismail က အခုလို ပြောပြပါတယ်။

“သတင်းလွတ်လပ်ခွင့်တွေ ပိုရလာပြီလို့ဆိုတဲ့ မြန်မာနိုင်ငံမှာ DVB သတင်းထောက် ကိုဇော်ဖေကို မကြာသေးမီက ထောင်ဒဏ် ၁ နှစ် ချမှတ် လိုက်ပါတယ်။ သူဟာ ပြည်သူတွေ သိသင့်တဲ့အကြောင်းကို သတင်းရယူခဲ့တာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဒေသအလိုက် နိုင်ငံအလိုက် ရွေးချယ်ရာမှာ လက်တွေ့ ပြစ်ဒဏ်ကျနေသူကို ကျနော်တို့ ရွေးချယ်ရတာဖြစ်ပါတယ်။”

DVB သတင်းထောက် ကိုဇော်ဖေကို အစိုးရက ပိုင်နက်ကျူးလွန်မှု ဝတ္တရားနှောင့်ယှက်မှုပုဒ်မ (၄၄၈) (၃၅၃) တို့နဲ့ တရားစွဲပြီး ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက်ပိုင်း လွတ်လပ်ခွင့်တချို့ ရှိလာပေမဲ့ မြန်မာအစိုးရဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ရှေ့တိုး-နောက်ဆုတ် နည်းဗျူဟာကို သုံးနေတယ်လို့ Benjamin Ismail က ဝေဖန်လိုက်ပါတယ်။

“မြန်မာအစိုးရက လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိုကြည့်ရင် ရှေ့ခြေတလှမ်းတိုးပြီး၊ နောက်ကို ခြေနှစ်လှမ်း ပြန်ဆုတ်တဲ့နည်းကို သုံးနေတာ တွေ့ရပါတယ်။ ဥပမာ - စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပေမဲ့ ဂျာနယ်ထုတ်ဝေရေးမှာ လမ်းညွှန်ချက်ထုတ်ပြီး ကန့်သတ်တာမျိုး၊ စာနယ်ဇင်းကောင်စီ ဖွဲ့ခွင့်ပေးတာကို ကြိုဆိုရမှာဖြစ်ပေမဲ့၊ အဲဒီကောင်စီထဲမှာ အစိုးရကထိန်းချုပ်နိုင်ဖို့ သူတို့လူတွေ ခန့်စေတာမျိုး လုပ်နေတာတွေကတော့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို အဟန့်အတားဖြစ်စေတာ ထင်ရှားနေပါတယ်။”

ဒါ့အပြင် ပြည်သူတွေသိသင့်တဲ့ ပေါက်မြို့က ဓာတုလက်နက်စက်ရုံကိစ္စကို ဖော်ထုတ်ရေးသားခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက် ၄ ဦးကို အစိုးရက ဖမ်းဆီး တရားစွဲထားတဲ့ကိစ္စကိုလည်း RSF က ပြစ်တင်ရှုံ့ချကြောင်း Benjamin Ismail က ပြောပါတယ်။

မြန်မာနိုင်ငံက သတင်းထောက် ကိုဇော်ဖေ အပါအဝင် (သူရဲကောင်းသတင်းသမား ၁၀၀) အမည်စာရင်းထဲမှာ အသက် ၂၅ နှစ်ကနေ အသက် ၇၅ နှစ်အရွယ်ထိပါဝင်ပြီး အသက်အငယ်ဆုံး (Oudom Tat) ဟာ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်ပါတယ်။ အသက်အကြီးဆုံး (Muhammed Ziauddin) ကတော့ ပါကစ္စတန်နိုင်ငံက ဖြစ်ပါတယ်။

(သူရဲကောင်းသတင်းသမား ၁၀၀) ကို နိုင်ငံပေါင်း ၆၅ နိုင်ငံက ရွေးချယ်ခဲ့တာဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသက ၂၅ ဦး၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေက အယောက် ၂၀ နဲ့ ကျန်တဲ့သူတွေကတော့ ဥရောပ၊ အီရန်၊ ရုရှား၊ အဇာဘိုင်ဂျန်၊ မက္ကစီကို နိုင်ငံတွေက ဖြစ်ကြပါတယ်။
XS
SM
MD
LG