သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲကြို သတင်း လွတ်လပ်ခွင့် RSF သတိပေး


RSF က ထုတ်ပြန်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ၂၀၁၅။
RSF က ထုတ်ပြန်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ၂၀၁၅။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၈)ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေဟာ စိုးရိမ်နေရဆဲဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အာရုံစိုက်စောင့်ကြည့်ဖို့ လိုတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကပြောလိုက်ပါတယ်။ ဒါ့အပြင် မနေ့က RSF အဖွဲ့ကြီးက ထုတ်ပြန်တဲ့ သတင်းသမားတွေကို အများပြည်သူ သိအောင်ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တွေစာရင်းထဲမှာ သမ္မတ ဦးသိန်းစိန်ကို ထည့်သွင်းဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်လက်ပြောပြမှာပါ။

ရွေးကောက်ပွဲကျင်းပဖို့ လေးလ လောက်ပဲလိုတော့တဲ့အချိန်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေတိုးတက်လာတာ မတွေ့ရဘူးလို့ RSF ရဲ့ အာရှပစိဖိတ် အကြီးအကဲ Mr. Benjamin Ismail က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့တွေ့နေရတာက ရှေ့ခြေတလှမ်းတိုးပြီး နောက်ကို နှစ်လှမ်းဆုတ်လိုက်တာမျိုးတွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့် အတွက် ပြုပြင်ပြောင်းလဲမှုတွေ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ရှိခဲ့ပေမဲ့လည်း ၂၀၁၃ ခုနှစ်လောက်ကစပြီး သတင်းမီဒီယာတွေအပေါ် ဖိနှိပ် လာတာတွေကို တွေ့မြင်ရပြီး အခြေအနေတွေဟာ နောက်ပြန်ဆုတ် သွားပါတယ်။"

ဒါအပြင် အစိုးအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဆက်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ် ကန့်သတ်ထားမယ်ဆိုရင် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အများပြည်သူ အကျိုးစီးပွားအတွက် ဘယ်လို တင်ပြနိုင်သလဲ ဆိုတာကို မြန်မာ သတင်းသမားတွေအနေနဲ့ အာရုံစိုက်လုပ်ဆောင်ဖို့ Benjamin Ismail က ပြောပါတယ်။

ဇူလိုင်လ (၁၇)ရက် သောကြာနေ့က RSF အဖွဲ့ကြီးကထုတ်ပြန်တဲ့ သတင်း သမားတွေကို အများပြည်သူ သိအောင်ခြိမ်းခြောက်ပြောဆိုခဲ့ တဲ့နိုင်ငံ တကာခေါင်းဆောင်တွေ စာရင်းထဲမှာ သမ္မတဦးသိန်းစိန်ကို ထည့်သွင်းဖေါ်ပြခဲ့ ပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပြီးနိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စောင့်ကြည့်ဖို့ RSF အနေနဲ့ ထပ်ပြီး တိုက်တွန်းလိုက်တာဖြစ်တယ်လို့ Benjamin Ismail ကပြောပါတယ်။

"မြန်မာနိုင်ငံကိစ္စမှာ သမ္မတဦးသိန်းစိန်က သတင်းမီဒီယာ သမားတွေ ကိုခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိန့်ခွန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ တဖက် မှာတော့ ပြန်ကြားရေး ဝန်ကြီးလည်းဖြစ်၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က နိုင်ငံတကာ အသိုင်းအဝန်းနဲ့ဆက်ဆံပြောဆိုရာမှာ အကောင်းတွေချည်း ပဲဆောင်ရွက်နေတယ်ဆိုတာမျိုး လုပ်ပြပါတယ်။ ဒီလိုဖြစ်ရပ်အခြေအနေတချို့ကို ကျနော်တို့ တွေ့မြင်ခဲ့ရပါတယ်။ တကယ်တမ်းမှာတော့ မြန်မာ
နိုင်ငံမှာ သတင်းသမားတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတာပါ။"

ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်ရင် အလွတ်သတင်းထောက် ကိုပါကြီး သတင်းယူရင်း အသတ်ခံရတာ ၊ လွတ်လပ်စွာသတင်း ဖေါ်ပြမိလို့ ယူနတီဂျာနယ် သတင်းသမားတွေ ထောင်ဒဏ်ချခံရတာ ၊ ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းသမားတွေ အရေးပေါ် အက်ဥပဒေ ပုဒ်မနဲ့ တရား ရင်ဆိုင်နေရတာတွေဟာ သတင်းသမားတွေပေါ် ဖိနှိပ်နေတာပဲဖြစ်ကြောင်း Benjamin Ismail က ထောက်ပြပြောဆိုခဲ့ပါတယ်။

RSF ရဲ့ထုတ်ပြန်ချက်မှာ ၂၀၁၄ ဇူလိုင်လက ပြောကြားခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့လစဉ်မိန့်ခွန်းမှာ သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံတော် လုံခြုံရေးကို အကူအညီပေးမဲ့ အစား ထိခိုက်လာမယ်ဆိုရင် လက်ရှိတည်ဆဲဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အားလုံးကို သတိပေး လိုကြောင်း ပြော သွားတဲ့ အချက်ကို ကိုးကားဖေါ်ပြထားပါတယ်။ ဒါအပြင် ၂၀၁၄ ခုနှစ် စကတည်းက မြန်မာနိုင်ငံမှာ သတင်းသမား (၇)ဦးကို ထောင်ချခဲ့သလို သတင်းကောင်စီကိုလည်း အာဏာပိုင်တွေက ထိန်းချုပ် ထားတယ်လို့ ဖေါ်ပြ ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG