သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် တရားရုံး တချို့ကို လွှတ်တော်ကော်မတီ ရှောင်တခင် စစ်ဆေး


ပြည်သူ့လွှတ်တော် နေပြည်တော်။
ပြည်သူ့လွှတ်တော် နေပြည်တော်။
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်မှု ကင်းအောင် လုပ်ဖို့ လိုအပ်နေပြီလို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှုးက VOA ကိုပြောပါတယ်။ ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကော်မတီဝင် တချို့ ဒီကနေ့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ ရှိတဲ့ တရားရုံး တချို့ကို သွားရောက်စစ်ဆေးပြီးတဲ့နောက် ခုလို ပြောခဲ့တာဖြစ်ပါတယ်။ တရားရုံးတွေကို ရှောင်တခင် သွားရောက်စစ်ဆေးစဉ်မှာ ဘာတွေတွေ့ ခဲ့ရသလဲ။ ပြင်ဆင်သင့် တာတွေကို ဘာတွေ အကြံပြုနိုင်သလဲ ဆိုတာနဲ့ ပါတ်သက်ပြီးတော့ ဘန်ကောက်ရုံးက ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

မြန်မာနိုင်ငံက တရားရုံးတွေဟာ အများပြည်သူ ယုံကြည် ကိုးစား အားထားရလောက်တဲ့ တရားရုံးတွေဖြစ်သင့်တယ်လို့ ပြောထားတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက ဒီကနေ့ တနင်္လာနေ့မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ရှိတဲ့ တရားရုံး ၃ ခုကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ အတိအကျ ကြိုတင် အသိပေးမထားဘဲ တရားရုံးတွေကို သွားစစ်ခဲ့တာနဲ့ ပါတ်သက်လို့ ကော်မတီအတွင်းရေးမှုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ကျနော်တို့ ကော်မတီဥက္ကဌလည်း ပါပါတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျနော်တို့ကော်မတီအဖွဲ့ဝင် လေး၊ ငါးဦးနဲ့ တရားရုံးအဖွဲ့ဝင် သုံးဦးပေါ့၊ ပျဉ်းမနားတရားရုံးရယ်၊ ဇဗ္ဗူသီရိက မြို့နယ်တရားရုံးရယ်၊ နောက်တခုက ခရိုင်တရားရုံးရယ်၊ သွားပြီးကြည့်ရှု့စုံစမ်းပါတယ်။ ကျနော်တို့က ကြိုတင်အကြောင်းကြားခြင်းမရှိဘူးတော့လည်း မဟုတ်ဘူး။ ဥပမာဆိုလို့ရှိရင် နိုဝင်ဘာလအတွင်းမှာ မန္တလေးတိုင်း ရုံးတွေသွားမယ်၊ ဒီလောက်ပဲပြောထားတာပေါ့။ ကြိုက်တဲ့ရုံး ရွေးသွားတာပေါ့။ တရုံးချင်း ဘယ်နေ့ ဘယ်ရုံးသွားမယ်ဆိုတာတော့ မပြောတော့ဘူး။ ဒီဇင်ဘာဆိုလည်း ဒီလိုပဲပေါ့၊ ဘယ်တိုင်းကိုသွားမယ်။ ဒီလောက်ပဲပေါ့။ ကျန်တာကတော့ ကျနော်တို့ နံမည်ကြီးတဲ့ မြို့တွေရွေးတာပေါ့။”

November လ ၂၃ ရက်နေ့ကပဲ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ က ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့တဲ့ ကြားဖြတ်အစီရင်ခံစာထဲမှာ တရားရုံးတွေကို ရှောင်တခင် Surprise check လုပ်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ကြိုတင် အကြောင်းကြားထားတဲ့ အခါ တရားခွင်တွေပြန်ချိန်းထားတဲ့အတွက် အမှုသည်တွေ သက်သေတွေကို စုံစုံလင်လင် တွေ့ရှိမေးမြန်းခွင့် မရတာ၊ တရားရုံးတွေက ကြိုတင်ပြင်ဆင်ထားတာတွေကြောင့် အတိအကျ ကြိုတင်ပြောမထားဘဲ သွားကြည့်သင့်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒီကနေ့လို့ ရှောင်တခင်သွားကြည့်တဲ့အခါမှာ ဘာတွေတွေ့ခဲ့ရပါသလဲ။

“တရားဥပဒေစိုးမိုးမှုအတွက် သွားကြည့်ကြတာပေါ့နော်။ သွားကြည့်ကြတဲ့အခါကျတော့ တရားရုံးတွေမှာလည်း အခက်အခဲတွေရှိတယ်။ ဘာလဲဆိုတော့ ဟိုတုန်းက အိုလံဘီယာလက်နှိပ်စက်တွေနဲ့ မှတ်တမ်းတင်ရတာ။ အဲ့တာတောင် တလုံးပဲ တွေ့ခဲ့တယ်။ ကျန်တာတော့ လက်ရေးတွေနဲ့ လိုက်နေရတာတွေ့ရတာပေါ့နော်။ အမှုတွေလည်း ကျနော်တို့ ကော်မတီဥက္ကဌအပါအဝင်၊ ဝင်ရောက်နားထောင်ပြီးတော့ ကြည့်ရှု့လေ့လာခဲ့ပါတယ်။ အကြမ်းဖြင်းတွေ့တာကတော့ အမှုသည်၊ သက်သေ၊ ရှေ့နေတွေနဲ့တွေ့တဲ့အခါမှာတော့ တရားဥပဒေစိုးမိုးရေးအတွက်ပေါ့ အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ ဝင်ရောက်စွက်ဖက်တာမျိုးတွေလည်း ကြားခဲ့ရတယ်။ နောက်တခုက ဥပဒေနဲ့မညီတာတွေလည်း ကြားခဲ့ရတယ်။ နောက်တခုက သက်သေခံဥပဒေနဲ့ မပြည့်စုံတာတွေလည်း ကြားခဲ့ရတာပေါ့နော်။ အခုလောလောဆယ်တော့။”

အခုလို တရားရုံးတွေကို သွားရောက်စစ်ဆေး လေ့လာတဲ့အခါမှာ အမြန်ဆုံး ပြင်သင့်တယ်လို့ မြင်ရတဲ့ ကိစ္စတွေကရော ဘာလို့ ပြောနိုင်ပါလဲရှင့်။

“တရားဥပဒေစိုးမိုးရေးအတွက်ပြောမယ်ဆိုရင်တော့ အားလုံးက လာဘ်ပေးလာဘ်ယူကင်းဖို့ရယ်၊ နောက်တခုက အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်မှုမရှိဖို့ရယ်၊ လွတ်လပ်စွာ တရားစီရင်ခွင့်ရဖို့ကတော့ အရေးကြီးတာပေါ့၊”

ဒီကနေ့ တရားရုံးတွေကို သွားရောက်တဲ့အခါမှာ လွတ်လွတ်လပ်လပ် လေ့လာ ခွင့်ရခဲ့တယ်လို့လဲ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ် မျှတတဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက ကြိုးစားနေချိန်မှာ ကော်မတီဖြစ်စေချင်တဲ့ အတိုင်း နိုင်ငံသူ နိုင်ငံသားတွေကို ဥပဒေနဲ့ အညီအကာအကွယ်ပေးတဲ့ တရားရုံးတွေဖြစ်လာဖို့က အချိန်ပေး ဆောင်ရွက်ရမယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက သုံးသပ်ပါတယ်။

“ ဒီတရားစီရင်ရေးစနစ်ကို မူလက အင်္ဂလိပ်လက်အောက်က အခြေခံခဲ့တဲ့ Common Law System နဲ့ စခဲ့တယ်။ နောက် ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်မှာ ကျနော်တို့က ဘာမှန်းမသိတဲ့ စစ်အုပ်ချုပ်ရေးအောက်ကို ရောက်သွားတဲ့အခါမှာ တရားစီရင်ရေးစနစ်က တော်တော်လေး ပျက်သွားတယ်။ တခါ ၁၉၇၄ကျတော့ ဆိုရှယ်လစ် Law of System ဆိုပြီး တခါအသစ်ထွင်ပြန်တယ်။ သို့သော် ဒါလည်း ဆိုရှယ်လစ် မမြောက်ပါဘူး။ အရင် Common Law လည်း ပျက်သွားတယ်ပေါ့။ တခါ စစ်တပ်က ၁၉၈၈ အာဏာပြန်သိမ်းတဲ့အခါမှာ တရားစီရင်ရေးဟာ လုံးဝကို အုပ်ချုပ်ရေးလက်အောက်ကို ရောက်သွားပြီးတော့ ပျက်ပြားသွားတယ်ပေါ့ဗျာ။ အဲ့တော့ ဒီဟာကို ကျနော်တို့ ပြန်လည်တည်ဆောက်ဖို့ကတော့ တော်တော်လေးကို ကြိုစားပြီး လုပ်ရဦးမှာပါ။”

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကတော့ တရားရုံးတွေကို သွားရောက်လေ့လာပြီးတော့ တွေ့ရတဲ့ ပြင်ဆင်သင့်တဲ့ ကိစ္စတွေကို နောင်အစီရင်ခံစာတွေ တင်တဲ့အခါမှာ ထောက်ပြအကြံပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်၊
XS
SM
MD
LG