သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကောလာဟလ မမှန်ကန်


ှဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ
ှဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ

အရင် စစ်အစိုးရလက်ထက် စစ်ခေါင်းခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးအခြေအနေ အတော်ဆိုးဆိုးရွားရွား ဖြစ်နေသလို ကွယ်လွန်သွားပြီဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တွေ မှာ အင်တာနက်လူမှုကွန်ယက်တွေကတဆင့် ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး လက်ရှိအစိုးရအဖွဲ့အနေနဲ့ထူးထူးခြားခြား ကြားသိထားတာမျိုး မရှိကြောင်း အစိုးရအဖွဲ့ ပြောခွင့်ရှိသူက ငြင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း သတင်းရယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးအခြေအနေ အကြီးအကျယ် ဆိုးရွားနေပြီး ကွယ်လွန်သွားပြီဆိုတဲ့သတင်းဟာ မနေ့ကနဲ့ ဒီနေ့တွေမှာ
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေ မှာ အတော်လေး ပြန့်နှံနေတာပါ။ ဒီသတင်းအပေါ်မှာ ပြည်သူအတော်များများကလည်း စိတ်ဝင်တစား
ပြောဆိုကြရင်းနဲ့ပဲ ကျယ်ပြန့်တဲ့ ကောလာဟလတစ်ခုလည်း ဖြစ်လာပါတယ်။

အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့သတင်းတွေကိုသိရအောင် အစိုးရပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ဦးရဲထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ သူက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ဘာမှ မကြားပါဘူးဗျာ။ သူ အေးအေးချမ်းချမ်းနေထိုင်နေတာပဲ၊ လူတွေကသာ ကောလာဟလအမျိုးမျိုးထွက်နေတာ။ ကျနော်တို့ကတော့ ဘာမှ ထူးထူးခြားခြားသိရတာ မရှိပါဘူး။ သူ တာဝန်ကအနားယူပြီးနောက်ပိုင်းမှာ ကျနော်တို့နဲ့လည်း ဘာမှ အဆက်အသွယ်လည်း မရှိတော့ဘူးလေ။”

နေပြည်တော်မှာ နေထိုင်ပြီးတော့ အစိုးရစီမံကိန်းအချို့ကို တာဝန်ယူနေသူ တစ်ဦးလည်းဖြစ်၊ လူမှုကွန်ယက်ကို အဆက်မပြတ်လေ့လာသူလည်း
ဖြစ်တဲ့ ကိုထွန်းထွန်းကတော့ ဦးသန်းရွှေ ကွယ်လွန်ပြီဆိုတဲ့သတင်းဟာ ကောလာဟလတစ်ခုလို အတော်လေး ကျယ်ပြန်လာပြီးတော့ မဖြစ်နိုင်တဲ့ အကြောင်း အခုလို ပြောပါတယ်။

“ကောလာဟလသဘောမျိုးပါပဲ၊ ဆေးရုံတင်ရတယ်၊ တချို့ကလည်း ကျန်းမာရေးကောင်းနေပါတယ်၊ တချို့ကကျတော့လည်း လေဖြန်းနေတယ်၊ တချို့ကကျတော့လည်း လုံးဝ ဆုံးသွားပြီဆိုပြီး အဲလို ကောလာဟလတွေ ပြန့်နေတာ။”
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ကိုယ်ရေးအရာရှိအသိုင်းအဝိုင်းနဲ့နီးစပ်နဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော် ဦးလှဆွေကလည်း အခု ထွက်ပေါ်နေတဲ့သတင်းတွေဟာ အလွဲအမှားတွေဖြစ်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။

“အဆက်အသွယ်မပြတ်ရှိတဲ့သူတယောက်ရှိတယ်။ ကျနော့်ညီလေးပေါ့နော်- သူတို့ပြောတာကတော့ ဘာမှ ---ဘူး။ ကောလာဟလလျှောက်ပြောနေတာလို့ ပြောတယ်။”

ဒီဇင်ဘာ လ ၁၄၊ ၁၅ ရက်နေ့တွေမှာ ထွက်ပေါ်နေတဲ့ ဒီသတင်းဟာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးအတွက် ယတြာချေတာလား၊ နိုင်ငံရေးလှည့်ကွက်တစ်ခု
လိုလုပ်ပြီး ပြည်သူကို အာရုံပြောင်းတာလားဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းတယ်လို့စာနယ်ဇင်းကောင်စီဝင်တစ်ဦး လည်း ဖြစ်၊ Tomorrow
သတင်းဂျာနယ်ကို စီစဉ်ထုတ်ဝေနေသူ ဦးဇော်သက်ထွေးက ဗွီအိုအေကို ပြောပါတယ်။

“ယတြာချေတာလား၊ နံပါတ်နှစ်က နိုင်ငံရေးအကျိုးအမြတ်၊ နိုင်ငံရေးကစားကွက်လားဆိုတာ ကျနော်တော့ ၂ ခု ခန့်မှန်းမိတယ်။ တကယ်လို့ ယတြာချေတာဆိုရင်တော့ ဘာမှ မပြောလိုပေမယ့် နိုင်ငံရေးအရရည်ရွယ်ပြီး သတင်းထုတ်လွှင့်တာဆိုရင်တော့ ဒါဟာ ဘယ်လို မျှော်ကိုးတယ်ဆိုတာ ဆန်းစစ်ဖို့လိုလာပါတယ်။ အခု မြန်မာနိုင်ငံမှာက ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တောင်းဆိုတယ်၊ အဲဒီဟာမဖြစ်ဘဲနဲ့ တခါ ဆယ့်လေးပွင့်ဆိုင် တွေ့တယ်၊ နောက်တခါ ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင် တောင်းဆိုပြန်တယ်။ ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးတွေကလည်း ပြည်ထောင်စုလွှတ်တော်ကို ကျော်ပြီးမှ သီးခြားအဆိုတင်တာတွေ ရှိလာတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်က လုပ်လာတယ်ပေါ့၊ ဒါတွေအားလုံးဟာ နိုင်ငံရေးဖြေရှင်းပုံ ဖြေရှင်းနည်းမှာ မတူတဲ့အမြင်တွေရှိနေတယ်ဆိုတာကို သက်သေပြနေတယ်။ အဲဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ ဒီသတင်းကြီး ထွက်ပေါ်လာတာဟာ နိုင်ငံရေးအရ ပိုပြီးတော့ ရှုပ်ထွေးစေပါတယ်။ ဒါပေမယ့် ကျနော်မြင်တာကတော့ ဗိုလ်ချုပ်မှူးကြီးက အနားယူသွားပြီဖြစ်တဲ့အတွက် ကျနော် ရိုးရိုးရှင်းရှင်းပဲ- ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခု လက်ရှိ တာဝန်ရှိတဲ့ နိုင်ငံရေးအရ အရေးပါတဲ့ခေါင်းဆောင်တွေကို ဘယ်လိုပဲ ချုပ်ကိုင်နိုင်သည်ဖြစ်စေ၊ သူက အငြိမ်းစားယူထားပြီဖြစ်တဲ့အတွက် အရင်ကလောက် သြဇာသက်ရောက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။”

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန် အစိုးရကို အာဏာမလွဲခင်အထိ မြန်မာနိုင်ငံကို အကြာဆုံး အုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူအုပ်ချုပ်ခဲ့တဲ့ကာလမှာ မြန်မာပြည်သူလူထုအနေနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်လို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပြပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်မှာပဲ အမျိုးသားညီလာခံကို ကျင်းပပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်တိုင်းကျပြင်ဆင်ပြီး လက်ရှိအစိုးရတက်နိုင်အောင် လမ်းပြမြေပုံ ၇ ချက်နဲ့ဆောင်ရွက်ခဲ့သူဆိုပြီး ပြည်တွင်းနဲ့နိုင်ငံတကာက ဒီကနေ့ထိ ပြောဆိုနေရသူလည်း ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG