သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်လေယာဉ် ၃ စီး နှစ်ကုန်အမီ မြန်မာကိုပို့မည်


ဒီနှစ်ကုန်လောက်မှာ ရုရှားကတိုက်လေယာဉ် ၃ စင်းကို မြန်မာနိုင်ငံကို ပို့ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၁၆ ခုနှစ်ထဲမှာ မြန်မာနိုင်ငံကို Yak–130 အမျိုးအစား တိုက်ခိုက်ရေး လေ့ကျင့်ယာဉ်နဲ့ စက်ပစ္စည်းတွေ တသုတ်ပေးပို့မှာဖြစ်ကြောင်း ဒီနှစ်ဆန်းလောက်က ရုရှားက Irkut လေယာဉ်ပျံ ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။

၂၀၁၇ အကုန်မှာတော့ တကယ့် တိုက်ပွဲဝင်နေသလို အစမ်းလေ့ကျင့်နိုင်တဲ့ အထူး လေယာဉ်ပျံတွေကို ပို့ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တန်းဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၅ သန်း ရှိတဲ့ အဲဒီလေယာဉ်ကို ပို့ပေးမယ့် နေ့ရက် အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ပထမအသုတ် လေယာဉ် ၃ စင်းကို ဒီနှစ်ကုန်လောက်မှာ ပို့ပေးမှာဖြစ်ကြောင်း ရုရှား နေ့စဉ် သတင်းစာ Kommersant က ခိုင်လုံတဲ့ သတင်းရပ်ကွက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ Yak–130 အမျိုးအစား တိုက်ခိုက်ရေး လေ့ကျင့်ယာဉ်ဟာ ရုရှားလုပ် အသစ်ထွင်ထားတဲ့ အသံထက်မြန်တဲ့ လေယာဉ်မျိုး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက Yak–130 အမျိုးအစား တိုက်ခိုက်ရေး လေ့ကျင့်ယာဉ်ကို ဝယ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့ပြီး ၃ နှစ်အကြာဖြစ်တဲ့၂၀၁၅ ဇွန်လထဲမှာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ် အမျိုးအစားကို ရုရှားလေတပ်မှာ အသုံးပြုဆဲ ဖြစ်ပြီး လက်တင် အမေရိကနဲ့ မြောက်အာဖရိကတို့ကလည်း ဒီလေယာဉ် အမျိုးအစားကို ဝယ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့ကြပါတယ်။

လက်ရှိမှာ Yak–130 အမျိုးအစား လေ့ကျင့်ယာဉ်ကို ရုရှားထံက ဝယ်ယူခဲ့တဲ နိုင်ငံတွေဟာ Algeria, Bangladesh, Belarus နဲ့ စတုတ္ထက မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ဒီလေယာဉ် အမျိုးအစားကို Azerbaijan, Syria, Serbia, Vietnam အပါအဝင် တခြားနိုင်ငံတွေဆီကိုလည်း တင်ပို့ဖို့ အစီစဉ်ရှိကြောင်းလည်း အရင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG