သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသင်္ဘောနစ်မြုပ်မှု မြန်မာ ၁၆ ဦး ရုပ်အလောင်းအတည်ပြုနိုင်


နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok နဲ့ ပုံစံတူသင်္ဘော
နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok နဲ့ ပုံစံတူသင်္ဘော

နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသဘောၤပေါ်က ကယ်ဆယ်လာသူတွေနဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေဟာ ရုရှားတောင်ပိုင်း ဆာခါလင်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စုစုပေါင်း သေဆုံးသူ ၅၆ ဦးတို့ထဲမှာ မြန်မာနိုင်ငံသား ၁၆ ဦး ပါတယ်လို့လည်း အတည်ပြုထားပါတယ်။ လွတ်မြောက်လာသူတွေရဲ့ နောက်ဆုံးရအခြေအနေတွေကို မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok ကနေ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ မြန်မာနိုင်ငံသား သင်္ဘောသား ၂၂ ဦးတို့ အခုအခါမှာ ရုရှားနိုင်ငံတောင်ပိုင်း ဆာခါလင်မြို့က Pacific Plaza Hotel မှာ ခေတ္တ တည်းခိုနေကြပါတယ်။ ဆယ်ယူရရှိထားတဲ့ သေဆုံးသူ ၅၆ ဦးတို့ထဲက ၁၆ ဦးတို့ကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့လည်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကယ်ဆယ်လာသူတွေနဲ့ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေ ဌာနေပြန်ပို့နိုင်ဖို့အတွက် ရုရှားဆိုင်ရာ မြန်မာသံရုံးက ဆောင်ရွက်နေတယ်လို့ မြန်မာသံရုံးက သံမှူးကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

“အသက်ရှင်လျက် ကယ်ဆယ်ရရှိတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးစလုံး ကျန်းကျန်းမာမာ ရှိပါတယ်။ နောက်ပြီးတော့ ဆယ်ယူရရှိတဲ့ အလောင်းတွေထဲမှာ identified လုပ်ကြည့်တဲ့အခါကျတော့ ၁၆ ဦးက မြန်မာဆိုတာကို တွေ့ရှိရပါတယ်။ အဲတော့ ကျနော်တို့ ပျောက်ဆုံးနေတဲ့ ၁၃ ဦးထဲမှာ မြန်မာ ၄ ဦး ပါပါတယ်။ ကျနော်တို့ မနက်ဖြန်မှာတော့ သူတို့တွေ ပြန်ဖို့ကိစ္စ၊ အလောင်းတွေ ပြန်ပြီး မြန်မာပြည်ပို့ဖို့ကိစ္စ နောက်တခါ ရသင့်ရထိုက်တဲ့ ဟိုဟာတွေနဲ့ သူတို့ရဲ့ရပိုင်ခွင့်တွေ ဘာတွေနဲ့ ပတ်သက်ပြီးတော့ နစ်နာကြေးတို့ ဘာတို့နဲ့ ပတ်သက်ပြီး မနက်ဖြန် ဆွေးနွေးသွားမှာပါ။ ကျနော်တို့ဘက်က အဲ့ဒါကို ဆွေးနွေးမယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာကတော့ ရမယ်၊ မရမယ်ကိုတော့ အာမခံလို့ မရပါဘူး။ ကျနော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ဒါကိုတင်ပြပြီးတော့ ရုရှားအာဏာပိုင်တွေနဲ့ မနက်ဖြန်မှာ ဆွေးနွေးသွားပါမယ်။”

ပျောက်ဆုံးနေဆဲ ၄ ဦးတို့ကတော့ စန်းဝင်းလှိုင်၊ ကိုကိုမောင်၊ သက်ဆွေ၊ သိန်းထွန်းတို့ ဖြစ်တယ်လို့လည်း ရုရှားဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာသဘောၤသားတွေ ဌာနေပြန်နိုင်ရေးအတွက် ရုရှားအစိုးရပိုင်းနဲ့ မြန်မာသံရုံးဘက်က ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရဘက်က လျော်ကြေးရဖို့ကတော့ မသေချာဘူးလို့လည်း သံမှူးကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

အခု ရုရှားငါးဖမ်းသင်္ဘောပေါ်ကို မြန်မာသင်္ဘောသားတွေ စေလွှတ်ခဲ့တဲ့ မြန်မာကုမ္ပဏီ ၅ ခုတို့ကိုလည်း မရိုးမဖြောင့် စေလွှတ်ခဲ့မှုနဲ့ မြန်မာအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက လုပ်ကိုင်ခွင့် ခေတ္တ ရပ်ထားပါတယ်။ ဒါပေမဲ့ အခု မြန်မာသင်္ဘောသားတွေကို ရုရှားငါးဖမ်းသဘောၤကို စေလွှတ်ခဲ့မှုမှာ ကိုရီးယားကုမ္ပဏီ တခုလည်း ပါဝင် ပတ်သက်နေတယ်လို့ ရုရှားဆိုင်ရာ မြန်မာသံရုံး အဆိုအရ သိရပါတယ်။

သဘောၤနစ်မြုပ်မှုကနေ လွတ်မြောက်လာသူတွေကို ဆက်သွယ်မေးမြန်းတာမှာတော့ အများစုက အခြေအနေတွေကို ပြန်ပြီး မပြောလိုကြပါဘူး။ လွတ်မြောက်လာသူတဦးဖြစ်တဲ့ ကိုမျိုးမင်းဦးကတော့ အခုလက်ရှိ အခြေအနေကို အခုလို ပြောပါတယ်။

“ပတ်စ်ပို့ကိစ္စတွေ အလုပ်ရှုပ်နေလို့ပါခင်ဗျ။ လဝကတွေရော တော်တော်လေး ရှုပ်နေတယ်။ ကျနော်တို့ ဒီနေ့ည ညနက်မှာပဲ ဟုတ်။ လောလောဆယ်တော့ စာရွက်စာတမ်းကိစ္စတွေပဲ ရှုပ်နေတုန်း ကျနော်တို့။ ပြန်ဖု့ိပြုဖို့ ဘာညာ ဘာမှမသိရသေးဘူးနော်။ လောလောဆယ်တော့ ကျနော်တို့ ဘာမှ မပြောနိုင်သေးဘူးခင်ဗျ။ ကျနော်တို့လည်း အခုမှရောက်တာဆိုတော့လေ။”

နစ်မြုပ်ရုရှားသင်္ဘော Dalniy Vostok မှာ လိုက်ပါခဲ့ကြတဲ့ မြန်မာနိုင်ငံသား သင်္ဘောသားတွေကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက အစိုးရ ပို့ဆောင်ရေး ဝန်ကြီးဌာနကို တင်ပြထားတဲ့ သင်္ဘောမဟုတ်ဘဲ ငါးဖမ်းသင်္ဘောကို တင်ပေးခဲ့တာ ဖြစ်ပါတယ်။ လုပ်ခလစာကလည်း တလကို ဒေါ်လာ ၄၀၀ မြန်မာငွေ ကျပ်လေးသိန်းလောက်ပဲ ရှိတာပါ။ တကယ်တမ်း သဘောၤသားတဦးရဲ့ လစာက ဒေါ်လာ ၁ ထောင် ဝန်းကျင်ရှိနေတာကြောင့် ဒီလုပ်ခ လစာဟာဆိုရင် သဘောၤသား ပညာသင်တွေကိုပေးတဲ့ လစာနှုန်းထားလောက်ပဲ ရှိတယ်လို့လည်း မြန်မာနိုင်ငံ သင်္ဘောသားအသင်းက တွဲဘက် အတွင်းရေးမှူး ဦးမင်းဇော်က ပြောပါတယ်။

“အခု သူတို့က ကျနော်တို့ ကြားတာပေါ့ ကျနော် အတိအကျ မသိဘူးနော်။ ဒါ အစိပ်လောက် ပေးရတယ်ပေါ့နော်။ ဒီအတိုင်း သင်္ဘောသားဆိုရင်တော့ ၄၀ နဲ့ ၅၀ ကြားလောက် ကျနော်တို့ ကြားပါတယ်။ ဒါတောင်မှ သင်္ဘောက ရှင်းရှင်းပြောရင် လူသစ်က တော်တော်လေးကို သူတို့ဟာသူတို့ ဘယ်လိုလိမ်လည် လှည့်ပြီး လုပ်သွားလဲ မသိဘူး။ အမှန်မှာတော့ ရှင်းရှင်းပြောရင် ကျနော်တို့တိုင်းပြည်ပဲ တကယ်လိုတာက training ship တွေ များများရှိရင် ကျနော်တို့ အဲဒီကိစ္စတွေ ပြဿနာမရှိပါဘူး။”

မြန်မာနိုင်ငံမှာ သင်္ဘောသားတွေကို လေ့ကျင့်ပေးနိုင်တဲ့ လေ့ကျင့်ရေးသင်္ဘောတွေ မရှိတာကြောင့်လည်း နိုင်ငံခြားသင်္ဘောသား ဖြစ်ချင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သင်္ဘောသားလုပ်သက်ရဖို့ ပထမဆုံး အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ဝန်ဆောင်ကြေး ၂၅ သိန်းကနေ သိန်း ၅၀ လောက်ပေးပြီး လခနည်းနည်းနဲ့ရတဲ့ သဘောၤကို လိုက်ပါ အလုပ်လုပ်ကြရတာပါ။ ဒီကမှ သဘောၤသား လုပ်သက်ရလာပြီးနောက်မှာသာ ပုံမှန် လစာခံစားခွင့်မျိုး ရကြတာဖြစ်ပါတယ်။

ပထမဆုံး သင်္ဘောသားတွေအဖြစ် လိုက်ပါကြတာမှာတော့ ငါးဖမ်းသင်္ဘောတို့လို လုပ်ခလစာရော အာမခံချက်ရော အခိုင်အမာမရှိတဲ့ အလုပ်မျိုးတွေကို နှစ်နဲ့ချီပြီး လုပ်ကြရတယ်လို့လည်း ဦးမင်းဇော်က ပြောပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ ပို့ဆောင်ရေး ဝန်ကြီးဌာနဘက်က ငါးဖမ်းသင်္ဘောတို့လို အာမခံချက် အခိုင်အမာ မရှိတဲ့ သင်္ဘောတွေမှာ မြန်မာသင်္ဘောသားတွေကို လိုက်ပါခွင့် ခွင့်မပြုတာကြောင့်လည်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက သင်္ဘောနာမည်လွှဲပြပြီး သင်္ဘောသားတွေကို ငါးဖမ်းသင်္ဘောတို့လို သင်္ဘောတွေပေါ်ကို တင်ပေးနေတာတွေကလည်း မြန်မာ့သင်္ဘောသား လောကမှာ လုပ်ရိုးလုပ်စဉ်တခုလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG