သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သံဝန်ထမ်းတစ်ဦး ရုရှားဖမ်းဆီး


CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီအတွက် အလုပ်လုပ်ပေးဖို့ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို ကမ်းလှမ်း ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးကို နိုင်ငံကနေ အမြန်ထွက်ခွာပေးဖို့ ရုရှားအာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

ရိုင်ယန် ဖိုဂဲလ် (Ryan Fogle) လို့ခေါ်တဲ့ အမေရိကန် နိုင်ငံသားတစ်ဦးကို ရုရှား ဖယ်ဒရယ် လုံခြုံရေး အဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပြီး မကြာခင်မှာပဲ မနေ့ အင်္ဂါနေ့မှာ အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဖိုဂဲလ် ဟာ ရုရှားမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ နိုင်ငံရေးဌာန တတိယအတွင်းဝန်အဖြစ် ဆောင်ရွက်နေသလို၊ CIA အတွက် အလုပ်လုပ်နေသူလည်း ဖြစ်တယ်လို့ ရုရှားလုံခြုံရေးအဖွဲ့ FSB က ပြောပါတယ်။

သူ့ကို ဖမ်းဆီးရာမှာ အထူး ပြုလုပ်ထားတဲ့ အဆင့်မြင့် နည်းပညာ ပစ္စည်းတွေ၊ ရုပ်ဖျက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ၊ ငွေကြေး အမြောက်အများနဲ့ CIA အတွက် အလုပ်လုပ်ပေးဖို့ ရုရှားအရာရှိထံကို ကမ်းလှမ်းပေးပို့တဲ့ စာတစ်စောင်ကိုပါ သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

အဲ့ဒီစာထဲမှာတော့ CIA အလုပ်အတွက် စစချင်း ဒေါ်လာ တစ်သိန်း၊ နောက်ပိုင်း ရေရှည် ပူးပေါင်းဆောင်ရွက်မှုအတွက် ဒေါ်လာ တစ်သန်းအထိ ပေးမယ်ဆိုပြီး ရုရှားထောက်လှမ်းရေး အရာရှိထံကို ကမ်းလှမ်း ရေးသားထားတယ်လို့ ရုရှား သတင်းမီဒီယာတွေမှာ ကိုးကားဖော်ပြပါတယ်။

အမေရိကန်သံရုံးမှာရှိတဲ့ အမေရိကန် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး၊ နောက်ပြီး ပြန်လွတ်လာတယ် ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက အတည်ပြုပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ပြောဖို့တော့ ငြင်းပါတယ်။

ဖိုဂဲလ် ထံမှာ ပစ္စည်းပစ္စယတွေ သိမ်းဆည်းမိတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ မော်စကို မြေပုံလမ်းညွှန်နဲ့ ဆံပင်တုတွေ အပါအဝင် ပစ္စည်းပစ္စယအချို့ကို ရိုက်ပြတဲ့ ဓာတ်ပုံတစ်ပုံ ရုရှားအစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဖိုဂဲလ် ကို ဖမ်းဆီးထားတယ်ဆိုတဲ့ ပုံမှာလည်း လက်နောက်ပြန်ထားတဲ့ လူတစ်ဦး ခေါင်းငိုက်စိုက် ချထားတဲ့ ပုံကိုလည်း ဖော်ပြပါတယ်။
XS
SM
MD
LG