သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်လေယာဉ်ပစ်ချခံရမှု တူရကီကို ရုရှားအပြစ်တင်


တူရကီနဲ့ဆီးရီးယား နှစ်နိုင်ငံကြားနယ်စပ်မှာ ရုရှား Su-24 တိုက်လေယာဉ် ပစ်ချခံရ (နိုဝင်ဘာ ၂၄၊ ၂၀၁၅)
တူရကီနဲ့ဆီးရီးယား နှစ်နိုင်ငံကြားနယ်စပ်မှာ ရုရှား Su-24 တိုက်လေယာဉ် ပစ်ချခံရ (နိုဝင်ဘာ ၂၄၊ ၂၀၁၅)

ရုရှားတိုက်လေယာဉ်ကို တူရကီကပစ်ချလိုက်တာဟာ ကြိုတင်စီစဉ်ထားတဲ့ ရန်စမှုတခုဖြစ်ပုံရပြီး ရုရှားအနေနဲ့ကတော့ တူရကီနဲ့ စစ်ဖြစ်မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဒီကနေ့ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် တူရကီနဲ့ဆက်ဆံရေးကို ရုရှားအနေနဲ့ ပြန်စဉ်းစားဖို့ ဖြစ်လာတယ်လို့ Lavrov ကပြောပါတယ်။ ဒီကနေ့ တူရကီ နိုင်ငံကိုသွားဖို့ စီစဉ်ထားတာကို သူက ပယ်ဖျက်လိုက်ပေမဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ပြောဆိုပြီး လာမယ့်ရက်တွေ အတွင်းတွေ့ကြဖို့ သဘောတူထားကြပါတယ်။

တူရကီအနေနဲ့ မိတ်ဆွေအိမ်နီးချင်း ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး အဆင်ပြေဖြစ်ဖို့ရည်ရွယ်ချက် မရှိပါဘူးလို့ တူရကီနိုင်ငံခြားရေး ဝန်ကြီး Amhet Davugoglu က လွှတ်တော်အမတ်တွေကို ပြောပါတယ်။

တူရကီတိုက်လေယာဉ်တွေက ရုရှားတိုက်လေယာဉ်ကို ပစ်ချလိုက်တာဟာ ကိုယ့်နိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်တာသက်သက်ပဲ ဖြစ်ပြီး ရုရှားနဲ့ ပဋိပက္ခတိုးဖြစ်လာမှာကို မလိုလားဘူးလို့ တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့ ပြောပါတယ်။

ရုရှားတိုက်လေယာဉ်ဟာ ဆီးရီးယားနိုင်ငံထဲမှာ ပျက်ကျသွားတာဖြစ်ပေမဲ့ အင်္ဂါနေ့မှာ လေယာဉ်ကို ပစ်ချချိန်တုန်းက တူရကီ လေ ပိုင်နက်ထဲမှာ ရှိနေတုန်းပဲဖြစ်တယ်လို့ အစ္စတန်ဘူလ်မြို့တော်မှာကျင်းပတဲ့ အခမ်းအနားတခုမှာ သမ္မတ Erdogan ကပြောသွားပါ တယ်။ လေယာဉ်ဟာ နယ်စပ်ကို ၂ ကီလိုမီတာထိကျော်ပြီး ၁၇ စက္ကန့်လောက်ကြာအောင် ဝင်လာခဲ့တာကြောင့် တူရကီတပ်ဖွဲ့ တွေက ၁၀ ကြိမ်သတိပေးခဲ့ပေမဲ့ လျစ်လျူရှုခဲ့တယ်လို့ တခြား တူရကီတာဝန်ရှိသူတွေကပြောပါတယ်။

ရုရှားတို့ကတော့ လေယာဉ်ဟာ ဆီးရီးယား လေပိုင်နက်ထဲကနေ လုံး၀ ထွက်မသွားဘူးလို့ အခိုင်အမာ ပြောနေပါတယ်။

XS
SM
MD
LG