သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ် ရုရှား သင်္ဘောက မြန်မာ ၂၂ ဦး အသက်ရှင်


နှစ်မြုပ်ရုရှားငါးဖမ်းသင်္ဘော။
နှစ်မြုပ်ရုရှားငါးဖမ်းသင်္ဘော။

ရုရှနိုင်ငံအရှေ့ဖျားဒေသ မှာ ဗုဒ္ဓဟူးနေ့က ငါးဖမ်းသင်္ဘောတစင်း တိမ်းမှောက် ခဲ့ရာမှာ မြန်မာ သင်္ဘောသား ၄၂ယောက် လိုက်ပါသွားတဲ့အနက်က ၂၂ယောက်ကို ကယ်တင်ထားပြီးဖြစ်ပါတယ်။ ကျန် မြန်မာသင်္ဘောသား ၂၀ဦးရဲ့ အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ငါးဖမ်းသင်္ဘော ဒဲလ်နီဗော့စတော့ (Dalniy Vostok) ဟာ ရုရှ အရှေ့ဖျား ဒေသ ကမ်ချက်ကာ( Kamchatka peninsula) ကျွန်းဆွယ် အနီးက ရေခဲမတတ်အေးမြပြီး လှိုင်းထန်နေတဲ့ အိုခို့စ်(Okhotsh)ပင်လယ်ပြင်မှာ ဗုဒ္ဓဟူးနေ့က တိမ်းမှောက် ခဲ့တာ ဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်မှာ သင်္ဘောသားစုစုပေါင်း ၁၃၂ဦး လိုက်ပါခဲ့ပြီး အဲဒီအထဲမှာ မြန်မာသင်္ဘောသား ၄၂ဦးပါဝင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့သတင်းအရ ဆိုရင်မြန်မာသင်္ဘောသားတွေထဲက ၂၂ဦးကို ကယ်တင်ထားပြီးဖြစ်တယ်လို့ ရုရှနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဒီနေ့မနက် နောက်ဆုံး သိရတဲ့သတင်းအရ Russia's Emergency Ministry ရုရှား အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီးတော့ သိရတဲ့ နောက်ဆုံး သတင်းအရ ၂၂ယောက် အသက်ရှင်ပါတယ်။ ကယ်ဆယ်ထားတယ်။"

လောလောဆယ်မှာ သင်္ဘောပေါ် လိုက်ပါသူတွေအနက် ၆၃ဦးကို ကယ်ဆယ် ထားပြီး သေဆုံးသူ ၅၆ဦးနဲ့ ပျောက်ဆုံးသူ ၁၃ဦးရှိပေမဲ့ မြန်မာ ဘယ်နှစ်ယောက် ပျောက်ဆုံးတယ်၊ သေဆုံးတယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဦးအောင်ကျော်မိုးက ပြောပါတယ်။

"သင်္ဘောက အနီးဆုံး ဆိပ်ကမ်းမြို့ကို အခု ခုတ်မောင်းလာနေတယ်။ အဲ့ဒီ့ဟာကလည်း ပင်လယ်ပြင် အထဲမှာ တော်တော်လေး ရောက်နေတာပေါ့နော်။ ဒီဘက်ကို ရောက်ဖို့က ရေကြီးပြီး လှိုင်းထန်နေတော့ Monday , Tuesday လောက်မှ ရောက်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီ့တော့ Identification လုပ်ဖို့က လောလောဆယ် သိပ်မလွယ်သေးပါဘူး။ အဲ့ဒီ့သေဆုံးတဲ့သူ အလောင်းတွေထဲမှာ အဲ့အထဲမှာ မြန်မာဘယ်နှစ်ယောက်၊ ရုရှားဘယ်နှစ်ယောက် ဆိုတာ ဒါပြောဖို့က မလွယ်သေးပါဘူးတဲ့။ ဒါ ကမ်းပေါ်ရောက်မှ သိမယ်။ အဲ့တော့ မြန်မာထဲက ၂၂ယောက် အသက်ရှင်တယ်ဆိုတာတော့ Confirm ဖြစ်တယ်။ သို့သော် ပျောက်ဆုံး ဘယ်နှစ်ယောက်၊ တွေ့တဲ့Body ဘယ်နှစ်ယောက်ဆိုတာတော့ ပြောလို့မရသေးပါဘူး။ "

သင်္ဘောမှောက်တာနဲ့ ပတ်သက်လို့ ဝန်ပိုတင်လို့ဖြစ်နိုင်ကြာင်းနဲ့ ပင်လယ်ပြင်က ရေခဲတောင် တခုခုနဲ့တိုက်မိတာ ဖြစ်နိုင်ကြာင်း ခန့်မှန်းချက်တွေ ရှိပေမဲ့ တိတိကျကျ ပြောဆိုတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန သင်္ဘောသား ဌာနခွဲက ညွှန်ကြားရေးမှုး ဦးတိုးမြင့်ကတော့ နစ်မြုပ်တဲ့အထဲမှာ ပါဝင်တဲ့ သင်္ဘောသားစာရင်းကို စိစစ်ပြီး နစ်နာကြေးရရှိဖို့ အတွက် ကြိုးစားနေကြောင်း ပြောပါတယ်။

"ကျနော်တို့ကတော့ ကောင်စစ်ပေါ့။ နိုင်ငံခြားရေး ကောင်စစ်ကို စာပို့ထားတယ်။ ကျနော်တို့ သင်္ဘောသားဆို CDC နံပတ်လေးတွေ ဖော်ပြပေးပါ။ နောက်ပြီးတော့ ပတ်စ်ပို့နံပတ်လေးတွေ ဖော်ပြပေးပါ။ ကျနော်တို့စာရင်းတွေမှာ အဲ့လူတွေ နာမည်ရှာချင်လို့ဆိုတော့ ရုရှားဆီက စာရင်းရတော့ Date of Birth ပဲ ပါတယ်။ ရုရှားစာလုံးတွေနဲ့ဆိုတော့ ကျနော်တို့လည်း စစ်လို့မရဘူး။ ဒါပေမဲ့ ကျနော်တို့လည်း Date of Birth တွေ စစ်နေပါတယ်။ ကျနော်တို့ ဌာနက ထွက်တဲ့ ကုမ္ပဏီက ၁၆၁ဆိုပေမဲ့ ကျနော်တို့က သူတို့ကို တာဝန်ယူပေးလို့ရတယ်။ ကျနော်တို့က အဲ့ဒီ့ကုမ္မဏီကို စစ်ဆေးပြီးတော့လေ။ ဒါပေမဲ့ ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီက မထွက်ဘူးဆိုရင်တော့ လုပ်ရတာတော့ ခက်ပါတယ်။ "

မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင် မထားရင် နိုင်ငံတကာအလုပ်သမားသမဂ္ဂက တဆင့် နစ်နာကြေး အတွက် ဆောင်ရွက်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါသွားသူ ၁၃၂ယောက်မှာ ရုရှနိုင်ငံသား ၇၈ဦး၊ မြန်မာနိုင်ငံ သား ၄၂ဦး၊ လတ်ဗီယားနိုင်ငံသား၃ဦး ၊ ဗင်နာတူနိုင်ငံသား ၅ဦးနဲ့ ယူကရိန်နိုင်ငံ သား ၄ဦးတို့ဖြစ်ပါတယ်။ ရုရှနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အင်တာနက် စာမျက်နှာမှာတော့ လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမည်စာရင်းတွေ ကိုဖော်ပြထားသလို မြန်မာ ငါးဖမ်းလုပ်သားတွေနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်ဖို့ အတွက်လည်း ဖုန်းနံပတ်တွေကို ဖော်ပြထားပါတယ်။

အခုနှစ်မြုပ်တဲ့ ရုရှားသင်္ဘောမှာ ပါဝင်တဲ့ မြန်မာသင်္ဘောသား ၄၂ဦးစာရင်း အပြည့်အစုံကိုတော့ ရုရှားနိုင်ငံ မြန်မာသံရုံးဝဘ်ဆိုက်ဒ်စာမျက်နှာမှာ ဖော်ပြထားပြီး အဲ့ဒီ့အထဲကမှ အသက်ရှင်လျက် ကယ်ဆယ်ရထားတဲ့ မြန်မာသင်္ဘောသား ဘယ်သူဘယ်ဝါဆိုတာကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။

XS
SM
MD
LG