သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ငန်းခွင် လိမ်လည်စေလွှတ်တဲ့ သင်္ဘောသားကုမ္ပဏီ (၅) ခု အရေးယူခံရ


ရေခဲမှတ်ကျနေတဲ့ မြစ်ထဲ ၁၅ မိနစ်အတွင် နစ်မြုပ်သွားခဲ့တဲ့ Dalny Vostok နဲ့ ပုံစံတူ ငါးဖမ်းသင်္ဘောကို ရုရှား အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက ဧပြီ ၂၊ ၂၀၁၅ မှာ ထုတ်ပြန်ဖော်ပြထားပုံ။
ရေခဲမှတ်ကျနေတဲ့ မြစ်ထဲ ၁၅ မိနစ်အတွင် နစ်မြုပ်သွားခဲ့တဲ့ Dalny Vostok နဲ့ ပုံစံတူ ငါးဖမ်းသင်္ဘောကို ရုရှား အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက ဧပြီ ၂၊ ၂၀၁၅ မှာ ထုတ်ပြန်ဖော်ပြထားပုံ။

နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသဘောၤပေါ်ကို မြန်မာ သဘောၤသားတွေ မရိုးမဖြောင့် စေလွှတ်လုပ်ကိုင်စေခဲ့တာကြောင့် ပြည်တွင်း နိုင်ငံခြားသသောၤသား စေလွှတ်ရေး ကုမ္ပဏီ ၅ ခုကို ပို့ဆောင်ရေး ဝန်ကြီးဌာနက အရေးယူထားပါတယ်။ ဒါ့အပြင် နစ်နာခဲ့တဲ့ သဘောၤသားတွေအတွက်လျော်ကြေးရရှိရေး၊ ဌာနေပြန်ရေးတို့အတွက်လည်း အခက်အခဲတွေ့နေပါတယ်။ သဘောၤမှောက်တာကနေ ကယ်ဆယ်လာသူတွေနဲ့ သေဆုံးသူတွေအတွက်တော့ ဌာနေ ပြန်နိုင်ရေးနဲ့ လျော်ကြေးရရှိရေးကိုလည်း ရုရှားဆိုင်ရာ မြန်မာသံရုံးက ရုရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းက ရုရှားကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ ငါးဖမ်းသဘောၤမှာ လိုက်ပါခဲ့သူ မြန်မာနိုင်ငံသား ၄၂ ဦးတို့ကို မြန်မာပြည်တွင်း ကုမ္ပဏီ ၅ ခုတို့က တာဝန်ယူ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ သဘောၤသား အားလုံးတို့ဟာ အစိုးရအသိအမှတ်ပြု သဘောၤသား လိုင်စင်တွေ ရှိကြပြီး တာဝန်ယူ စေလွှတ်တဲ့ ကုမ္ပဏီ ၅ ခုတို့ဟာလည်း မြန်မာ အစိုးရ ပို့ဆောင်ရေး ဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ကုမ္ပဏီ ၅ ခုတို့က သဘောၤသားတွေကို ပို့ဆောင်ပါမယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာနကို ပြောဆိုထားတဲ့ သဘောၤကုမ္ပဏီကိုမပို့ဘဲ ရုရှား ငါးဖမ်း သဘောၤဆီကို လိမ်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီကုမ္ပဏီ ၅ ခုတို့ကို နိုင်ငံခြား သဘောၤသား စေလွှတ်မှု ခေတ္တရပ်နားထားတယ်လို့ မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန သဘောၤသား ဌာနခွဲက ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ ဒီမှာရှိတဲ့အခက်အခဲက ဘာလဲဆိုတော့ အခုထွက်သွားတဲ့လူတွေက ကျနော်တို့ ကုမ္ပဏီ ၅ ခုက ထွက်တဲ့လူတွေက ကျနော်တို့ဌာနမှာ တကယ်တော့ ထွက်သွားတုန်းက ပြောတဲ့သင်္ဘောနဲ့ အခု တကယ်ရောက်တဲ့သင်္ဘောနဲ့က လွဲနေတယ်ဗျ။ လွဲနေတော့ ကျနော်တို့က လောလောဆယ် အဲဒီ ကုမ္ပဏီ ၅ ခုကို နိုင်ငံခြားသင်္ဘောသား ပြန်တင်ခွင့်ကို ယာယီရပ်ထားပါတယ်။ ကုမ္ပဏီက ကျနော်တို့ဌာနမှာ မှတ်ပုံတင်ထားတဲ့သင်္ဘောပေါ်တင်တာ မဟုတ်တဲ့အတွက်ကြောင့် လက်ရှိ သင်္ဘောနဲ့ပတ်သက်တဲ့ အာမခံတဲ့ကိစ္စတို့၊ ဒီက အာမခံအဖွဲ့အစည်းတွေပေါ့လေ- အဲဒါတွေ ကျနော်တို့ မေးမြန်းနေပါတယ်။”

မေး။ ။ ဆရာတို့ကို ပြောထားတဲ့ သင်္ဘောက တခု၊ သူတို့တင်ပေးလိုက်တာ တခုဆိုတော့ ဒီကုမ္ပဏီတွေကိုရော ဆရာတို့ဘက်က အရေးယူဖို့ ရှိပါလား။

ဖြေ။ ။ အခု လောလောဆယ် ပိတ်ထားပါတယ်။ ၃ ရက်နေ့ကပြီးတော့ သူတို့ သင်္ဘောသားတင်ပို့ခွင့်ကို ရပ်ဆိုင်းထားပါတယ်။

မေး။ ။ ဆရာ့၊ နာမည်တွေများ ဆရာ ပြောလို့ရပါလားရှင့်။

ဖြေ။ ။ နံပါတ် (၁) က Asia Wave ၊ နံပါတ် (၂) ကတော့ Top Chance ၊ နံပါတ် (၃) က Sea Rider ပါ။ နံပါတ် (၄) က Star Global ပါ။ နံပါတ် (၅) ကတော့ Life Oasis ပါ။

အခု နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Bostok ကလည်း ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဆောင်ရွက်ထားတာမဟုတ်တာကြောင့် လျော်ကြေး ကိစ္စကလည်း မသေမချာ ရှိနေဆဲပါ။ မိသားစုတွေအနေနဲ့လည်း အခုလို မရိုးဖြောင့်မှုတွေတွေ့ရင် ပို့ဆောင်ရေးဝန်ကြီးဌာနကို အကြောင်းကြားဖို့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အခု သဘောၤနစ်မြုပ်တာမှာပါသွားပြီး အတည်မပြုနိုင်သေးသူ ကိုကျော်နေမင်းရဲ့ မိခင်ဖြစ်သူ ဒေါ်သိန်းကျော့ဦး ကတော့ သဘောၤနာမည်နဲ့ အလုပ်အကိုင် ကွာခြားတာကို သူ့သားကတော့ ဖုန်းဆက်ပြောခဲ့တယ်လို့ ပြောပါတယ်။

“သားကြီး အလုပ်လုပ်တော့မှ၊ သင်္ဘောပေါ်ရောက်တော့မှ ဖုန်းဆက်တုန်းကတော့ ပြောပါတယ်။ ‘မေမေရယ်၊ ပြောတုန်းကတော့ သားတို့ကို ပြောတုန်းကတော့ ဂဏန်းသင်္ဘောလို့ ပြောပါတယ်။ ဒါပေမယ့် ဒီကိုရောက်တော့ ငါးသင်္ဘောကြီးဖြစ်နေတယ် မေမေ၊ နောက်ပြီး သင်္ဘော နာမည်လည်း မတူ’- လို့ ပြောပါတယ်။ ဘယ်လိုမတူတာလဲတော့ အဲဒါလည်း ကျမလည်း သေချာ မမေးပါဘူးရှင့်။ သားကြီးနဲ့ ပြောတဲ့ကိစ္စဆိုတော့ ကျမ အဲလိုမျိုးလည်း လျှောက်သွားရမယ်၊ ဘယ်သွားရမယ်ဆိုတာ မသိပါဘူးရှင့်။”

ဒီနေ့မှာပဲ မြန်မာသံကိုယ်စားလှယ်အဖွဲ့ဟာ ကယ်ဆယ်ရေးသဘောၤ ၂ စင်းတို့ ဆိုက်ကပ်လာမယ့် ဆာခါလင်မြို့က ကော်ဆက်ဖ်ကော့ ကမ်းခြေဆီကို ထွက်ခွာသွားကြပါပြီ။ သင်္ဘောကတော့ ဒီလ (၈) ရက်နေ့လောက်မှာ ဆိုက်ကပ်မယ်လို့ ခန့်မှန်းထားပါတယ်။ လျော်ကြေးကိစ္စကတော့ မသေချာသေးတဲ့ အကြောင်း ရုရှားဆိုင်ရာမြန်မာသံရုံးက သံမှူးဦးအောင်ကျော်မိုးက ပြောပါတယ်။

“လျော်ကြေးကိစ္စက ကျနော်တို့ လိုက်ပြီး စုံစမ်းဆက်သွယ်နေပါတယ်။ ဒီဘက်က labor ministry တို့၊ emergency ministry တို့၊ နိုင်ငံခြားရေးတို့၊ အဲဒီတော့ လောလောဆယ်တော့ သူတို့က ဘာပြောလဲဆိုတော့ …. rescued operation နဲ့ သင်္ဘောပေါ်မှာ အသက်ရှင် ကင်ဆယ်ထားတဲ့လူတွေရဲ့ ကျန်းမာရေးလုပ်ငန်းတွေကိုပဲ ဦးစားပေးဆောင်ရွက်နေတယ်။ နောက်တခါ dead bodies တွေထဲမှာလည်း နိုင်ငံသားဖြစ်မှုပေါ့နော်၊ ဘယ်နိုင်ငံသားလဲ ဆိုတာကို Identification လုပ်လို့ မပြီးသေးစီးသေးတဲ့အတွက် သူတို့ ဒီကိစ္စတွေကို နောက်မှ ဆောင်ရွက်ပါမယ်လို့ ပြောပါတယ်။ အခုတော့ လောလောဆယ်တော့ ကျနော်တို့ကို ဘာအဖြေမှ မပေးနိုင်သေးပါဘူးခင်ဗျ။

“ဒီဘက်က သင်္ဘောကုမ္ပဏီက ကျနော်တို့ စုံစမ်းသိရှိရသလောက်တော့ တော်တော်လေးကို သေးသေးမွှားမွှားပါပဲ၊ အထင်ကရမဟုတ်ပါဘူး၊ ဝက်ဆိုက်တွေ ဘာတွေလည်း မရှိပါဘူး။ ကျနော်တို့ဆက်သွယ်ပါတယ်။ သို့သော်လည်း သူတို့ဆီက ကျနော်တို့လိုချင်တဲ့အဖြေမျိုးပေါ့နော်၊ မေးတဲ့အခါမှာ compensation တွေ၊ ဘာတွေနဲ့ မြန်မာပြည်ပြန်ပို့ဖို့ ကိစ္စတွေမှာ ဘာမှ တိတိကျကျ မသိရပါဘူး။ ဖုန်းတောင်မှ ကောင်းကောင်းမွန်မွန် ပြန်ဖြေတာမျိုး မရှိပါဘူး။ အဲဒီတော့ ကျနော်တို့က ဒီကိစ္စတွေကို တရားဝင် ရုရှား emergency situation ministry နဲ့ပဲ ဆက်သွယ်လုပ်ဆောင်နေပါတယ်။”

နစ်မြုပ်ခဲ့တဲ့ ရုရှား ငါးဖမ်းသဘောၤ Dalniy Vostok ပေါ်မှာ လိုက်ပါခဲ့တဲ့ သဘောၤသားပေါင်း ၁၃၂ ဦးထဲမှာ မြန်မာနိုင်ငံသား ၄၂ ဦးပါဝင်ခဲ့ပါတယ်။ မြန်မာ နိုင်ငံသား ၂၂ ဦးကို အသက်ရှင်လျက် ကယ်တင်ထားနိုင်ပြီး ၁ ဦး သေဆုံးကြောင်း အတည်ပြုထားပေမယ့် ကျန်တဲ့ ၁၉ ဦးတို့ရဲ့ကံကြမ္မာကတော့ မရေမရာဖြစ်နေဆဲပါ။ ကယ်ဆယ်လာသူတွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို ဌာနေပြန်ပို့နိုင်ဖို့ကို ဦးစားပေးလုပ်သွားမှာဖြစ်ပြီး ဒီနောက်မှာ လျော်ကြေးရရှိရေးအတွက် ဆောင်ရွက်သွားမယ်လို့ ရုရှားဆိုင်ရာ မြန်မာသံရုံးက ပြောဆိုပါတယ်ရှင်။

XS
SM
MD
LG