သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကာတာတွေ ပြန်စမယ့်အစီအစဉ် သံလွင်ထိန်းသိမ်းရေးကွန်ယက် ကန့်ကွက်


သံလွင်မြစ်ပေါ်ရှိ မိုင်တုန် ရေလှောင်တမံ တည်ဆောက်မည့် နေရာတွင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေသည့် တရုတ် အင်ဂျင်နီယာများ။
သံလွင်မြစ်ပေါ်ရှိ မိုင်တုန် ရေလှောင်တမံ တည်ဆောက်မည့် နေရာတွင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေသည့် တရုတ် အင်ဂျင်နီယာများ။

သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်တွေကို ထိခိုက်ပျက်စီးစေတဲ့ သံလွင်ရေကာတာ စီမံကိန်းတွေကို လာမယ့် အစိုးရသစ် လက်ထက်မှာ ရပ်ဆိုင်းပေးဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။ အရင်စစ်အစိုးရလက်ထက်က တရုတ်နိုင်ငံနဲ့ သဘောတူထားတဲ့ ရေကာတာစီမံကိန်းတွေကို ပြည်သူတွေက ကန့်ကွက်နေတဲ့ ကြားကပဲ လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ဆက်လက် အကောင်အထည် ဖော်နေတယ်လို့ဆိုပြီး နောင်တက်လာမယ့် လူထု ရွေးချယ်ခံ အစိုးရသစ်လက်ထက်မှာတော့ ဒီစီမံကိန်းတွေ ရပ်တန့်ဖို့မျှော်လင့်ထားတယ်လို့ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါရှင်။

အရင်စစ်အစိုးရလက်ထက် တရုတ်နိုင်ငံနဲ့ သဘောတူထားတဲ့ ရေကာတာစီမံကိန်း ၂၉ ခုထဲက ၁၈ ခုကို ပြန်လည် အကောင်အထည် ဖော်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရက ပြီးခဲ့တဲ့လမှာပဲ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာကြောင့် ဒီအပေါ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့တွေက ကန့်ကွက်နေကြတာပါ။ လက်ရှိ သံလွင်ရေကာတာစီမံကိန်းတွေဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသားဒေသ ပဋိပက္ခတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတာကြောင့် အခုလို ကန့်ကွက်ရတာ ဖြစ်တယ်လို့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက် က မိအားချိုင်းက ပြောပါတယ်။

”ဒီစီမံကိန်းကြီးကို ကျွန်မတို့ လုံးဝကို ကန့်ကွက်တယ်။ မတည်ဆောက်ဖို့ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ သုံးသပ်ထားတာက peace process နဲ့လည်း ဘယ်လို ဆက်နွယ်မှုတွေရှိလဲ။ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ဒီ ပဋိပက္ခတွေ ဖြစ်နေတဲ့ ကြားမှာ အဲဒီ စီမံကိန်း ကိစ္စကြောင့်လည်း အများကြီး ဆက်နွယ်မှုရှိတယ်လို့ ကျွန်မတို့ ဖော်ပြချင်ပါတယ်။ ဥပမာ ဒီ တိုင်းရင်းသား ဒေသမှာပေါ့နော်။ တိုင်းရင်းသားဒေသမှာ အခုဆို ရှမ်းပြည်နယ်ဆိုရင် ဒေသခံရဲ့ အခွင့်အရေး ဘယ်လို ချိုးဖောက်နေသလဲ။ ဒါတောင်မှ စီမံကိန်းကို ပြည့်ပြည့်၀၀ အကောင်အထည် မဖော်ရသေးဘူး။ ဥပမာ နယ်မြေရှင်းလင်းတာတို့၊ ပြီးတော့ စစ်တပ်တိုးချဲ့တာတို့၊ လုံခြုံရေးအရ ဆိုပြီးတော့ စီမံကိန်းအကောင်အထည်ဖော်ဖို့ဟာ စစ်တပ်တိုးချဲ့တာတို့။ အဲဒီ စစ်တပ်တိုးချဲ့တဲ့ အပေါ်မှာ ဒီဒေသခံတွေရဲ့ အခွင့်အရေးကို သူတို့ဘယ်လို ချိုးဖောက်နေသလဲ ဆိုတာကို ကျွန်မတို့ point out လုပ်ထားတယ်။ အဲဒီ statement ထဲမှာ။”

လက်ရှိ ရေကာတာ စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို ခံစားနေရပြီး ဖြစ်သလို၊ နောက်ထပ် ဒီလိုစီမံကိန်းတွေ ဆက်ပြီး အကောင်အထည်ဖော်မယ် ဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ ဘဝတွေကို ပိုမို ထိခိုက်စေမှာဖြစ်တယ်လို့ မိအားချိုင်းက ပြောပါတယ်။

“ဥပမာ ဒီသဘာ၀ ပတ်ဝန်းကျင် အပိုင်းမှာဆိုရင် နိုင်ငံတကာ ပညာရှင်တွေ ထောက်ပြထားသလိုမျိုး ဒီ မြေငလျှင် ကြောပေါ့နော်။ အဲဒါ တစ်ခုရယ်။ ပြီးတော့ နောက်တစ်ခုက ဒီ စီမံကိန်း စဖို့က ပထမဦးဆုံး သူတို့ နယ်မြေတွေ ရှင်းလင်းရမယ်။ ဥပမာ သစ်ခုတ်မှုတို့ ပါလာတယ်။ သစ်ခုတ်မှု အအပေါ်မှာ တောတောင်တွေ၊ ပြီးတော့ သစ်ပင်တွေ အရင် ရှင်းလင်းရမယ် ဆိုတော့ အဲဒီဟာက သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်ပြီပေါ့နော်။ ကျွန်မတို့ မြင်လို့ရတယ်။ သိလို့ ရတာပေါ့နော်။ အခုဆိုရင်တောင်မှ ဖြစ်နေပြီပေါ့။ ရှမ်းမှာ။ ကရင်မှာ ဖြစ်နေပြီပေါ့နော်။ အဲဒီအခြေအနေပေါ့။”

သံလွင်ရေကာတာ စီမံကိန်းတွေကြောင့် သံလွင်မြစ်ကြောင်း တလျှောက် နေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူတွေ၊ အထူးသဖြင့် သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် အရှေ့တောင်အာရှမှာ အကြီးမားဆုံး စီမံကိန်း ဖြစ်လာမယ့် ရှမ်းပြည်နယ် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းဆိုရင် ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသား ဒေသတွေမှာ နေထိုင်နေကြသူတွေရဲ့ နေထိုင်မှု ဘဝတွေကို ခြိမ်းခြောက်နေတယ်လို့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်တွေကို ထိခိုက်ပျက်စီးစေမယ့် သံလွင်ရေကာတာ စီမံကိန်းတွေကို လူထုရွေးချယ်ထားတဲ့ အစိုးရသစ် လက်ထက်မှာတော့ ရပ်ဆိုင်းသွားနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း မိအားချိုင်းက ပြောပါတယ်။

“ကျွန်မတို့ ဒီဟာ အဓိကကတော့ အစိုးရသစ်ကို ကျွန်မတို့ မဲအများဆုံး အနိုင်ရသွားတဲ့ ပါတီ အဓိက NLD ပေါ့နော်။ သူတို့ ဒီပြည်သူလူထုကို ဘယ်လို ကတိကဝတ်တွေရှိတယ်။အကယ်ရ ပြည်သူလူထု မကြိုက်တဲ့ ဘယ်စီမံကိန်းကိုမဆို သူတို့က မလုပ်ဘူးပေါ့နော်။ သူတို့ ကတိကဝတ်တွေ ရှိခဲ့တယ်။ ဥပမာ မြစ်ဆုံလိုမျိုး၊ သံလွင်တို့လိုမျိုး ပေါ့နော်။ သူတို့က ပြည်သူလူထုနဲ့အတူ ပါဝင်ပြီးတော့မှ ဒီဟာကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာဟာ သူက အဲလိုမျိုး ပြောထားတာ ရှိတယ်။ ကျွန်မတို့ မျှော်မှန်းထားတာက ဒီ NLD ပြည်သူ လူထု ပါတီကိုပေါ့နော်။ ကျွန်မတို့နဲ့ အတူတူပူးပေါင်းပြီးတော့မှ ဆက်ပြီးတော့ ဒီစီမံကိန်း မဖြစ်အောင် ပါဝင်လာမယ်လို့ ကျွန်မတို့ အများကြီး မျှော်လင့်ထားတာ ပေါ့ရှင့်။ ”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကလည်း NLD ပါတီသာ အစိုးရဖွဲ့နိုင်ရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထား လုပ်ဆောင်သွားမယ်ဆိုတာကို မဲဆွယ် စည်းရုံးချိန်ကစလို့ ကတိပေး ပြောဆိုလာခဲ့တာကြောင့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကြားမှာ မျှော်လင့်ချက်တွေ ပိုများနေတာ ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်က တရုတ်နဲ့ သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းဆိုရင် လူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရပြီးနောက်မှာတော့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆိုင်းငံ့ခဲ့ရတာပါ။

ပြီးခဲ့တဲ့လက တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူညီချက်ရယူခဲ့တဲ့ ရေကာတာစီမံကိန်း ၁၈ ခု ပြန်စမယ့်ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ကို အစိုးရက ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် ဒီစီမံကိန်း ၁၈ ခုဟာ ဘယ်နေရာ ဘယ်ဒေသတွေမှာ ဆောက်လုပ်မယ့် စီမံကိန်းတွေလည်း ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ စီမံကိန်းအများစုဟာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်ဖို့ရှိတယ်ဆိုတာကို သိထားရတယ်လို့ မိအားချိုင်းက ပြောပါတယ်။

XS
SM
MD
LG