သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင် တာဆန်းရေကာတာ အကောင်အထည်ဖေါ်မည်


သံလွင်မြစ်ကမ်းနဖူးတွင် နေထိုင်ကြသော ကရင်ကျေးရွာများ
သံလွင်မြစ်ကမ်းနဖူးတွင် နေထိုင်ကြသော ကရင်ကျေးရွာများ
သံလွင်မြစ် ဖွံ့ဖြိုးရေးအစီအစဉ်အရ ရှမ်းပြည်နယ်အတွင်းက တာဆန်း ရေကာတာ လျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို စတင် အကောင်အထည်ဖေါ်ဖို့
China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီဝန်ထမ်းတွေကနေ စတင် ကွင်းဆင်း လေ့လာ နေသလို ဒီလိုရေကာတာ
တည်ဆောက်မဲ့ကိစ္စ ကိုပြည်နယ်ဝန်ကြီးချုပ်ကနေ တရားဝင်ပြောဆိုခဲ့တယ်လို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ဒီတာဆန်း ဆည်စီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးမရှိသလို ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေ ကို ခံစား ရမယ်လို့လဲ ပြောဆိုမှုတွေရှိနေပါတယ်။
ဒါ့အပြင် ဒီစီမံကိန်း အတွက် သေချာ စစ်တမ်းထုတ် သုသေတနလုပ်ဆောင်ပြီးမှသာလျှင် လုပ်ဆောင်သင့်တယ်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေ ကပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းသံလွင်မြစ်ရိုးပေါ်က တာဆန်းရေကာတာစီမံကိန်းကို အကောင်အထည်ဖေါ် လုပ်ဆောင် ဖို့ တရုတ်(CTGPDC)ကုမ္ပဏီ ဝန်ထမ်းတွေကနေ စတင်ကွင်းဆင်း တိုင်းတာနေပြီလို့ ဒေသခံတွေကပြောပါ တယ်။ ဒီတာဆန်းရေကာတာ လျှပ်စစ် ဓါတ်အားပေးစီမံကိန်းလုပ်မယ်အကြောင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်ကနေ တရားဝင်ပြောကြားခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းမောင်ကြီးက ပြောပါတယ်။

"ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကနေပြီးတော့ မြစ်ဆုံရေကာတာထက် ကြီးမားတဲ့ စီမံကိန်းကို အကောင်အထည် ဖေါ်ဖို့ရှိတယ်ဆိုတာ ကျွန်တော်တို့က လဆန်းပိုင်းပေါ့နော်။ တရားဝင် သတင်းအချက်အလက်ရတယ်လေ။"

ဒီတာဆန်းရေကာတာဟာ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ကြားမှာတည်ရှိနေပါတယ်။ အခုလိုရေကာတာတည်ဆောက်တာဟာ ရှမ်းပြည်နယ်ဒေသခံတွေအတွက် ဆိုးကျိုးများပြားနိုင်သလို ကောင်းကျိုးကိုလဲမျှော်လင့်ချက် မထားနိုင်ဘူးလို့ (SNDP)မှ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းမောင်ကြီးက ပြောပါတယ်။

"ဒီသံလွင်တာဆန်းရေကာတာနဲ့ပက်သက်ပြီးတော့ ဒီသံလွင်သည် International River ကျွန်တော်တို့ အဲဒီလိုမျိုးမြင်တာကိုးဗျ။ တရုတ်ကနေလာတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်ကိုဖြတ်တယ်။ ကယန်း ကရင်ကိုဖြတ်တယ်။ မွန်ပြည်နယ်မှာ သူက ပင်လယ်ထဲကို စီးဝင်သွားတယ် ဆိုတော့ သူသက်ဆိုင်တဲ့ ပြည်နယ် ဒေသအများကြီးရှိတယ်။
သေချာတာက ဒီဆိုးကျိုး ကတော့ အနည်းနဲ့အများ ကျွန်တော်တို့ ရှမ်းပြည် နယ်က ခံစားရဖို့ရှိတာပေါ့နော် ဆိုးကျိုးကို။ ရေကာတာကြီးကအကောင်အထည်ပေါ်လာမယ်။ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုတွေ လျှပ်စစ်ဓါတ်အားကိုရောင်းချပြီးတော့ ရတဲ့ငွေကြေးနဲ့ ကျွန်တော်တို့ မျှော်လင့်ထားလို့
မရပါဘူးဗျ။"

ဒီတာဆန်းရေကာတာ တည်ဆောက်တဲ့နေရာမှာ ပြည်သူလူထုဆန္ဒနဲ့ သေချာစွာ သုသေတနလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဦးစိုင်းမောင်ကြီးက ပြောပါတယ်။

"ကျနော်တို့ဒေသခံတွေက ဒီကိစ္စကိုလက်လှမ်းမမိတဲ့အပြင်ပေါ့။ စီမံကိန်းတွေ ဘာတွေ ညာတွေ ပွင့် လင်းမြင်သာရှိဖို့ သူ့ကို သုသေတနလေးလုပ်မယ်။ ရေကာတာဆောက်ခြင်းအားဖြင့် ဘယ်သို့ ဘယ်ပုံပြည်သူ လူထုကိုချပြမယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ မကြားဘူးသလောက်ပါဘဲ။ ဒီကိစ္စကို ပြည်သူလူထုကို စစ်တမ်း သေချာ ကောင်းကျိုးဆိုးကျိုး သေသေချာချာ စစ်တမ်းလေး သုသေတနလုပ်ပြီးတော့မှဘဲ အကောင်အထည် ဖေါ်စေချင်တယ်လေ။"

ဒီတာဆန်းဆည်တည်ဆောက်ရေးစီမံကိန်းကို ၂၀၀ရခုနှစ်ကတည်းက ထိုင်းနိုင်ငံ(MDX Group)ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။

၂၀၀၈ခုနှစ်မှာ တရုတ် နိုင်ငံက ပါဝါဂရစ်ကုမ္ပဏီနဲ့ (CTGPDC)ကုမ္ပဏီတို့ကနေ
မြန်မာအစိုးရနဲ့ သံလွင်မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်မှု သဘောတူ စာချုပ်အရ ဆည် တည်ဆောက်ရေးစီမံကိန်း လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။

တာဆန်းရေကာတာစီမံကိန်းဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး ဆည်ဖြစ်သလို ဒေသတွင်းထိခိုက်မှုများပြားနိုင်တယ်လို့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်
အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ကိုစိုင်းစိုင်းက ပြောပါတယ်။

"သူ့ရဲ့စီမံကိန်းက ဒီအရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်တယ်ဆိုတော့ သူ့ရဲ့ဆုံးရှုံးမှုက တော်တော်များများရှိ မယ်ပေါ့နော်။ သူ့ရဲ့အမြင့်က(၂၂၈)မီတာ
ရှိတာပေါ့နော်။ အဲဒီ(၂၂၈)မီတာကိုကြည့်မယ်ဆိုရင် တာဆန်း မြောက်ဘက် အပေါ်ဘက်မှာ
ရှိသော ကျိန်းတောင်း ကျေးရွာအုပ်စုပေါ့နော်။ သံလွင်မြစ်လာဆုံနေတဲ့ ကျေးရွာ အုပ်စုအများစုကတော့ ရေလွှမ်းမိုးတဲ့ နေရာဖြစ်သွားမယ်ပေါ့နော်။ ဒီရေလှောင်ကန်ရဲ့အောက်မှာ ရောက်နိုင်မှာပေါ့နော်။

အခုလတ်တလောပေါ့နော် သံလွင်မြစ် မဆုံခင်မှာ ကျွန်းသေးကျွန်းငယ်တွေနဲ့ ထိခိုက်တာပေါ့နော်။ နောက် သဘာဝအလှရေတံခွန်တော်တော်များများ ရှိတာပေါ့နော်။ အဲဒီတာဆန်းစီမံကိန်း ကြောင့် အဲဒီကျွန်းတထောင်ဆိုတဲ့မြို့နယ်ကို ပျောက်ဆုံးသွားနိုင်တယ်ပေါ့နော်။ ဟိုသံလွင်မြစ်အရှေ့ ဘက်ခြမ်းရှိသော မုန်းပိုးလုံကျေးရွာအုပ်စု ဆိုတဲ့နေရာဒေသ လဲ ရေလွှမ်းသွားနိုင်တယ်ပေါ့နော်။ ဒီနေရာ ဒေသမှာလူထုတွေက ဘယ်လောက်နေထိုင်နေသလဲ။ အခုရပ်ရွာ ဘယ်လောက်ရှိနေသလဲဆိုတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုံးဝမရှိသေးဘူးပေါ့နော်။"

တာဆန်းရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာသန်း(၆၀၀၀)ကျော် ကုန်ကျမှာ ဖြစ်ပြီး စီမံကိန်းက လျှပ်စစ်ဓါတ်အားပမာဏ(၇၁၁၀)မီဂါဝပ် ထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု မှတ်တမ်းစာအုပ်မှာ ဖေါ်ပြထားပါတယ်။
ထွက်ရှိလာမဲ့ လျှပ်စစ်ဓါတ်အားကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကိုရောင်းချသွားမယ် လို့ မြန်မာနိုင်ငံမြစ်ချောင်းများ ဆိုင်ရာကွန်ယက်အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ကိုစိုင်းစိုင်းက ပြောပါတယ်။

ဒီဆည်စီမံကိန်းကြောင့် ပြီးခဲ့တဲ့နှစ်က ဒေသခံလူဦးရေတသောင်းခွဲလောက် နေရာ ဖယ်ရှားပေးရပြီး အများစုဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးလာရတယ်လို့လဲ ကိုစိုင်းစိုင်းကပြောပါတယ်။
ယခင်စစ်အစိုးရ လက်ထက်မှာ တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး သံလွင်မြစ်မကြီးနဲ့ မြစ်လက်တက် တွေမှာ ရေကာတာ(၇)ခုတည်ဆောက်ဖို့လျာထားခဲ့ပါတယ်။
XS
SM
MD
LG