သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးသည်းထန်မှုကြောင့် ထိုင်း-မြန်မာအရှည်ဆုံး သစ်သားတံတားကျိုး


ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး နာမည်ကျော် စံခလဘူရီသစ်သားတံတားဟာ မိုးသည်းထန် ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် မနေ့ညက ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အရှည်(၄၄၀) မီတာကျော် ရှည်လျားတဲ့ ဒီတံတား ပျက်စီးသွားတဲ့အတွက် ဒေသခံ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမားတွေ သွားလာရေးမှာ အခက်တွေ့နိုင်သလို ဒီတံတားဟာ ခရီးသည် အများအပြား လာရောက်လည်ပတ်တဲ့ နေရာဖြစ်လို့ ထိုင်းနိုင်ငံအတွက် ဝင်ငွေထိခိုက်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီတံတားကို လာမယ့် ပွင့်လင်းရာသီမှာမှ ပြန်လည်ပြင်ဆင်နိုင်မယ်လို့လည်း တံတား တည်ဆောက်ရေး ဦးဆောင်ဆရာတော်ကနေ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။

မိုးသည်းထန်ရွာ ရေကြီးမှုကြောင့် မနေ့ညဘက်မှာ စံခလဘူရီမြို့မှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အရှည်ဆုံးသော သစ်သားတံတား ပြိုကျပျက်စီးခဲ့ပါတယ်။ အဆက်မပြတ် ရွာသွန်းတဲ့ မိုးတွေကြောင့် ရေတိုက်စားခြင်း ခံရာကနေ တံတားကြီးပါ ပြိုကျပျက်စီးခဲ့ရတယ်လို့ တံတားအနီး နေထိုင်သူ ဒေသခံတဦးက မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

“ရေကြီးလာတော့ အမှိုက်ဒိုက်သရောတွေ ပုံလာတယ်။ တံတားအောက်ခြေမှာ ဖေါင်အိမ် ၃၀ လောက် ချည်ထားတယ်။ ရေကြီးလာတဲ့အခါ အမှိုက်ဒိုက်တွေက တံတားကို အရှိန်နဲ့ရိုက်လာတယ်။ ဖေါင်အိမ်က ကြိုးတွေကလည်း ဆွဲထားတယ်ဆိုတော့ တံတားပြိုလဲသွားတာပေါ့။ မနေ့ည ၆ နာရီကျော်လောက်မှာ ပျက်စီးသွားတာပေါ့နော်။”
ဒီတံတားဟာ စံခလဘူရီမြို့က ထိုင်းဘက်ကမ်းနဲ့ မွန်ဘက်ကမ်းကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး အရှည် ၄၄၀ မီတာကျော် ရှည်လျားပါတယ်။ အခုပျက်စီးသွားတဲ့ နေရာကတော့ ထိုင်းဘက်ခြမ်းအနီး တံတားအလယ်ခေါင်က အရှည် ၇၀ မီတာလောက် ပြိုကျသွားခဲ့တာပါ။ ရေကြီးမှုကြောင့် တံတားနဲ့အတူ ဖေါင်အိမ် ၅၀ ခန့် ရေထဲမျောပါသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို စံခလဘူရီမြို့ တံတားပြိုကျ ပျက်စီးသွားတဲ့အတွက် ဒေသခံတွေ သွားလာရေးမှာ အခက်ခဲရှိနေတယ်လို့ စံခလဘူရီနေ မွန်သမိုင်းလေ့လာသူ နိုင်အောက်ပိုင် က ပြောပါတယ်။

“ထိုင်းဘက်နဲ့ မွန်ရွာဘက်ကို ဒီကျောင်းသူကျောင်းသားတွေ ဈေးရောင်းဈေးဝယ်တွေ အလုပ်သမားတွေ အထူးသဖြင့် ဒီတံတားကိုပဲ အားကိုးပြီး ဖြတ်ကျော်နေရတယ်။ ဒီတံတားပျက်ပြီးတာနဲ့ကာ ထိခိုက်မှုတော့ အနည်းနဲ့အများတော့ ရှိတာပေါ့။ ဘာဖြစ်လဲဆိုတော့ ဟိုဘက် ကွန်ကရစ်တံတားဘက် ဖြတ်သွားရင် ဝေးတယ်။ ဆိုင်ကယ်စီးရတယ်။ ဆီဈေးကြီးတာနဲ့ ဒီဆိုင်ကယ်ခ၊ ကားခ၊ ကျောင်းသူကျောင်းသား အလုပ်သမားတွေအတွက်တော့ ထိခိုက်နစ်နာတာပေါ့။”

ဒါ့အပြင် ဒီသစ်သားတံတားဟာ စံခလဘူရီအတွက်သာမက ထိုင်းနိုင်ငံအတွက်ပါ ထင်ရှားတဲ့ တံတားဖြစ်တဲ့အတွက် ခရီးသည်အများအပြား လာရောက်တဲ့နေရာဖြစ်လို့ အခုလို ပျက်စီးသွားတာဟာ ထိုင်းနိုင်ငံအတွက် ဝင်ငွေ ထိခိုက်သွားမယ်လို့ မွန်သမိုင်း လေ့လာသူ နိုင်အောက်ပိုင် က ပြောပါတယ်။
“ဒီသစ်သားတံတားဆိုတော့ စံခလဘူရီရဲ့ သင်္ကေတပေါ့နော်။ နာမည်အကြီးဆုံး တံတားလို့ပဲ ပြောရမယ်။ ထိုင်းနိုင်ငံချည်းပဲ မဟုတ်ပါဘူး။ တကမ္ဘာလုံးကသိနေကြပြီး ဧည့်သည်တွေပေါ့။ ဒီခရီးသွားဧည့်သည်တွေ။ ဒီတံတား ပျက်စီးခြင်းအားဖြင့် ခရီးသွားတွေအတွက် မြို့နယ်ဝင်ငွေတွေပေါ့။ မနည်းဘူး ထိခိုက်တယ်လို့ ယူဆရတယ်။”

ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး သစ်သားတံတားတခုဖြစ်တဲ့ စံခလဘူရီ သစ်သားတံတားဟာ လွန်ခဲ့တဲ့အနှစ် ၃ဝ လောက် ကတည်းက ဝင်းကမွန်ဆရာတော် အရှင် ဥတ္တမ ဦးဆောင်ပြီး ရပ်ရွာရဲ့ လူအင်အားနဲ့ပဲ တည်ဆောက်ထားတာဖြစ်သလို ထိုင်းဘက်ကမ်းနဲ့ မွန်ဘက်ကမ်းကို ဆက်သွယ်ထားတာကြောင့် သွားလာလွယ်ကူတဲ့ တံတားတခုအဖြစ်၊ မွန် နဲ့ ထိုင်း ချစ်ကြည်ရေး တံတားတခုလို့လည်း ဆိုကြပါတယ်။

လက်ရှိမှာတော့ ရေကြီးနေတဲ့ အခြေအနေကြောင့် တံတားကြီးကို ပြန်လည်ဆောက်လုပ်ဖို့ အချိန်ယူရဦးမယ်လို့ ဝင်းကမွန်ကျောင်း နာယကဆရာတော် အရှင် မဟာဆုချစ် က မွန်ဘာသာနဲ့ အခုလို မြွက်ကြားခဲ့ပါတယ်။

“ဒီမြစ်ရေ ခမ်းမှပဲ ပြင်လို့ရမယ်။ အခ ုရေပြည့်နေတော့ ပြင်ဖို့ ခက်တယ်။ ပြင်လို့ မရသေးဘူး။ ပြိုကျတဲ့နေရာက ရေနက်တဲ့ နေရာ၊ ရေများတဲ့နေရာ မြစ်မကြီးနေရာ ဆိုတော့ ပြင်ဖို့ မလွယ်သေးဘူး။”

ဒီသစ်သားတံတားကို လာမယ့် ပွင့်လင်းရာသီမှာ ဘယ်အဖွဲ့အစည်းရဲ့ အကူအညီမှ မယူဘဲ ဆရာတော် အရှင် မဟာဆုချစ် ကနေ ဦးဆောင်ပြီး ဒေသခံဒကာတွေနဲ့ပဲ ပြန်လည်တည်ဆောက်သွားမယ်လို့လည်း မြွက်ကြားခဲ့ပါတယ်။ တံတားတည်ရှိရာ အောက်ဘက် ကီလိုမီတာ ၄၀ ကျော်မှာရှိတဲ့ ထွန်ဖာဖွန် ရေကာတာ ရေတံခါးကနေ ရေကို ထိန်းသိမ်းထားခြင်း မရှိသေးတဲ့အတွက် ရေကာတာအထက်ပိုင်းကနေ ရေစီးအား ပြင်းထန်လို့ တံတားကျိုးပျက်ရတယ်လို့လည်း ကျေးရွာပြန်ကြားရေးအဖွဲ့က ထိုင်းရုပ်မြင်သံကြား အစီအစဉ်ကနေ ပြောပါတယ်။

တံတားပျက်စီးဆုံးရှုံးမှု တန်ဖိုး မခန့်မှန်းနိုင်သေးကြောင်း စံခလဘူရီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ တံတားပျက်စီးမှုအခြေအနေကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နဲ့ ဒေသခံ ထိုင်းအာဏာပိုင်တွေကနေ ဒီနေ့မနက်မှာ လာရောက ်ကြည့်ရှုခဲ့ပါတယ်။

ဒီတံတားမှာ ရက်သတ္တပတ်ကို ပျမ်းမျှ ခရီးသွား ၃၀၀၀ လောက် လာရောက်လည်ပတ်နေတယ်လို့လည်း စံခလဘူရီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီရက်ပိုင်းတွေမှာ ထိုင်းနိုင်ငံမှာ ရက် ဆက်တိုက် မိုးရွာသွန်းနေသလို ဒေသ အနှံ့အပြားမှာ ရေကြီးမှု ဖြစ်ပွားနေပါတယ်။
XS
SM
MD
LG