သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီဒေသ တိုက်ပွဲကြောင့် ကျောင်းတွေ ပိတ်ထားရ


ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် မန်စီက စာသင်ကျောင်းတချို့ ပိတ်လိုက်ရသလို ဒေသခံရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ကချင်လက်နက်ကိုင်အဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အကြား တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေချိန်မှာပဲ အခုလို တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေနဲ့ ဒေသတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

စက်တင်ဘာ ၂၅ ရက်နေ့ညကစလို့ ဒီကနေ့အထိ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲမှာ မြန်မာစစ်တပ်ဘက်က ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေ တပ်စခန်းချထားတဲ့ နေရာတွေကို ဆက်တိုက် ပစ်ခတ်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် မန်စီမြို့နယ်ထဲက စာသင်ကျောင်းတွေ ပိတ်လိုက်ရပြီးတိုက်ပွဲတွေဖြစ်ပွားရာဒေသတွေဖြစ်တဲ့ မန်စီမြို့နယ် အတွင်း ကျေးရွာတွေနဲ့ မိုင်းခေါင် ကျေးရွာထဲမှာ လုံခြုံရေး အထူးစိုးရိမ်စရာဖြစ်နေတယ်လို့ မိုင်းခေါင် ကျေးရွာ စခန်းတာဝန်ရှိသူ ဦးဇဘောင်နော်က ဗွီအိုအေကို ပြောပါတယ်။

"မနေ့ညက ၁၂နာရီကနေ ဗန်းမော်ဘက်ကနေ စစ်ကြောင်းတက်လာပြီးမှ မန်စီမှာ ဝင်သွားပါတယ်။ ညကြီးထဲမှာ နေရာယူပြီးမှ မနက်ကျတော့ မန်စီရွာထဲမှာ ဘုရားကုန်းရှိတယ်။ အဲ့ဒီ့မှာ လက်နက်ကြီး ထားပြီးမှ အဲ့ကနေ လက်နက်ကြီး ထု တယ်။ ကေအိုင်အေ ရှိတဲ့နေရာ တပ်ရင်း (၁) ဟုတ်တယ် ကေအိုင်အေ တပ်ရင်း(၁) အဲ့နားမှာ ရွာထဲ မန်စီအကျော် မှာ ထိုင်ထားတဲ့ ဂိတ်ကို အစိုးရတပ်ဘက်က လက်နက်ကြီး ထုလို့ ။ အဲ့ဒီ့ဘက်ကို တနေကုန် လက်နက်ကြီး ထုပါတယ်။ အဲ့တော့ ကေအိုင်အေ ဌာနချုပ် ဂိတ် ထွက်ပြေးသွားရပါတယ်။

"အခုချိန်အထိ ကချင်လက်နက်ကိုင်စခန်းရှိရာနေရာတွေကို မြန်မာတပ်ဘက်က စစ်အင်အားတွေ တိုးချဲ့ချထားပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေဆဲပဲဖြစ်လို့ ဒေသခံတွေက သူတို့ရဲ့အသက်အန္တရာယ်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကချင်ဒေသခံ ဦးဇဘောင်နော်က ပြောပါတယ်။

"အပြန်အလှန် တိုက်ခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ အစိုးရစစ်တပ်ဘက်က အကြိမ်ပေါင်းများစွာ လက်နက်ကြီးထုတဲ့အတွက် ရွာသားတွေ မခံနိုင်တဲ့အတွက် အခုက ရွာသားတွေ အကုန် ထွက်ပြေးကုန်ပြီ။ ကျောင်းနံဘေးမှာ ပျဉ်းကတိုး စိုက်ခင်းရှိတယ်။ ပျှုဉ်းကတိုးစိုက်ခင်းကနေလည်း လက်နက်ကြီးနဲ့ ထု။ ပြီးတော့ ရွာသစ်ကုန်းကနေ လက်နက်ကြီးနဲ့ထု၊ ဒီကုန်းကနေလည်း လက်နက်ကြီးနဲ့ထု ရွာသားတွေက မခံနိုင်တဲ့အတွက် ကြောင့် ဒီမန်စီမြို့နယ်ထဲမှာ စာသင်ကျောင်းကို ပိတ်ထားရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။"

အခုဆို ဒုက္ခသည်စခန်းတွေကို လာရောက်ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေ ထောင်ချီနေပြီဖြစ်ပြီး စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်တွေ့နေကြ ရတယ်လို့ ပြောပါတယ်။

"အဲ့တော့ ကျနော့် စခန်းမှာကတော့ လူဦးရေ တစ်ထောင်နဲ့ လေးရာလောက်ရှိနေပါပြီ။ ပြီးတော့ ကျနော်တို့ မိုင်းခေါင်ကျေးရွာမှာလည်း တအား ဒုက္ခရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရစစ်တပ်က ကျနော်တို့ ကမ့်နဲ့ အစိုးရစစ်တပ်က နံရံပဲ ခြားတာဆိုတော့ လက်နက်ကြီးက စခန်းနားကနေ ထုတယ်ဆိုတော့ ကျနော်တို့ စခန်းတွင်းမှာလည်း တော်တော်လေး ပြဿနာ ရှိနေပါတယ်။ ပြီးတော့ ရွာထဲ မိုင်းခေါင်ကျေးရွာ အုပ်စု ရပ်ကွက် (၁) မှာလည်း အစိုးရစစ်တပ်က သွားထိုင်ထားတယ်ဆိုတော့ ရွာသားတွေက တအား ဒုက္ခရောက်နေပါတယ်။ ပြီးတော့ အဲ့မှာလည်း မအိပ်ရဲ မနေရဲ။ ပြီးတော့ ဒီမနက်လည်း ပုဂ္ဂိုလ် တယောက်ကို ဒီအစိုးရစစ်တပ်ဘက်က ဖမ်းပြီးမှ ခြေချုပ်ပြီးမှ ဒီအတိုင်းပဲ ခေါ်ဆင်းလာတာမျိုး ဖြစ်နေပါတယ်။ အဲ့လိုမျိုးတွေဖြစ်နေတော့ ကျနော်တို့လည်း ဘယ်လိုအနေအထားဖြစ်လာမယ်ဆိုတာ အသေအချာ အတိအကျ မသိရသေးဘူး။ အခုက တအား ဒုက္ခရောက်တာက အပြင်မှာလည်း ရှာစားလို့လည်း မလွယ်တော့ဘူး အခုက အကုန်လုံး သူတို့က အင်အားဖြည့်ထားတာဆိုတော့ သူတို့ သွားလာရေးအတွက် တော်တော်လေး ပြဿနာ ရှိနေပါတယ်။ "

စစ်တပ်ဘက်က နယ်မြေစိုးမိုးရေးအတွက် စစ်တပ်အင်အားတွေ တိုးချလာသလို အခုလိုတိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး စစ်ရေး တင်းမာလာနေမယ်ဆိုရင် မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ် အချို့ ရွေးကောက်ပွဲ ဖျက်သိမ်းပစ်နိုင်တဲ့အထိ လုံခြုံရေး စိုးရိမ်ဖွယ်ရာဖြစ်လာနေတယ်လို့ ကချင့်အရေးလှုပ်ရှားသူ မခွန်ဂျာက သုံးသပ်ပါတယ်။

"အခုလောလောဆယ် အနေအထားနဲ့ဆို မန်စီမြို့ထဲ မန်စီမြို့နားကို ရောက်လာတယ်လို့တောင် ယူဆလို့ရတယ်။ မြို့ထဲကို ရောက်လာ တယ်ဆိုတာ ကေအိုင်အိုက ရောက်လာတာမဟုတ်ဘူး။ သို့သော်လည်းပဲ မန်စီမြို့ရဲ့ ဈေးနားက စစ်တပ်ကနေပြီးတော့မှ ကေအိုင်အိုရှိရာ အရပ်လို့ ယူဆလို့ရတဲ့ နေရာတွေကို ရမ်းပြီးတော့မှ အမြောက်တွေနဲ့ ပစ်နေတာပေါ့နော်။ အဲ့တော့ မော်တာကြီးတွေနဲ့ ပစ်နေတဲ့အခါကျတော့ အကယ်လို့များ ပြန်ပစ်တယ်ဆို မြို့ဘက်ကို ရောက်လာမှာပေါ့။ အဲ့တော့ ဒီအခြေအနေတွေကို ကြည့်မယ်ဆိုရင် တပ်မတော်ဘက်က လုံးဝ ငြိမ်းချမ်းရေးကို မလိုချင်ဘူး။ ပြီးလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲအတွက်လည်း အများကြီး စိုးရိမ်ပါတယ်။ ရွေးကောက်ပွဲ မဖြစ်အောင်ဘဲ လုပ်သလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ State of Emergency ဖြစ်သွားတယ်ဆိုပြီး Martial law declared လုပ်လိုက်ရင် ဒီနေရာတွေက ရွေးကောက်ပွဲ ဖြစ်တော့မှာမဟုတ်ဘူး။ ဒီလိုတိုက်ပွဲကြားမှာ ဘယ်ပြည်သူမှလည်း မဲလာထည့်ကြမှာ မဟုတ်ဘူး။"

အခုလို မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေတိုးချဲ့ချလာပြီး ကချင်တပ်တွေနဲ့တိုက်ပွဲတွေဖြစ်တဲ့အပေါ် ဒေသခံတွေဘက်က ကချင်လက်နက်ကိုင် တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ဆိုပြီး တပြည်လုံး အတိုင်းအတာနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး အမှန်တကယ် ဖော်ဆောင်နိုင်ပါ့မလားဆိုတာကိုလည်း စိုးရိမ်နေကြပါတယ်။ အခုဆိုရင် မြန်မာစစ်တပ်နဲ့ လက်ရှိ ကချင်တပ်အပြင် ရှမ်းပြည်နယ်နဲ့ တိုင်းရင်းဒေသအချို့မှာပါ စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

XS
SM
MD
LG