သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်တုပ်ကွေး ဗိုင်းရပ်စ်သစ် တရုတ်မှာကူးစက်


တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေး ရောဂါပိုးသစ် ကူးစက်တာခံရသူ နောက်ထပ် ၄ ယောက်ကို ထပ်မံတွေ့ခဲ့ရတာမို့ အခုဆိုရင် ဒီရောဂါပိုး အကူးစက်ခံရသူ အားလုံးပေါင်း ၇ ဦး ရှိနေပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ်မှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး H7N9 အမျိုးစား ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်တာ တွေ့ရပြီး၊ အပြင်းအထန် ခံစားနေရတယ်လို့ ပြည်နယ် ကျန်းမာရေးဌာနက အင်္ဂါနေ့က ပြောပါတယ်။

ဒါပေမဲ့ အခု ဖြစ်ပွားသူ ၄ ဦးဟာ တဦးနဲ့တဦး ဖြစ်ပွားတဲ့ အနေအထား ဆက်စပ်မှု မရှိဘူးလို့လည်း ပြောပါတယ်။ တဦးက အသားငါး ခုတ်ထစ်တဲ့ လုပ်ငန်းလုပ်သူ ဖြစ်ပေမဲ့ ကျန် ၃ ဦးကတော့ ကြက်ငှက်တွေနဲ့ တိုက်ရိုက်ထိတွေ့မှု ရှိသူတွေ မဟုတ်ဖူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ ရှန်ဟိုင်းဒေသမှာ H7N9 ရောဂါပိုး ကူးစက်ခံရသူ ၃ ဦးတွေ့ရှိခဲ့ပြီး အမျိုးသား ၂ ဦးကတော့ ဒီ ငှက်တုပ်ကွေး ရောဂါပိုးကြောင့် သေဆုံးခဲ့ရတာပါ။

ဒီရောဂါပိုးဟာ အခုမှ လူသားတွေမှာ ပထမဆုံး ကူးစက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကမ္ဘာတလွှား လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့ရတဲ့ ငှက်တုပ်ကွေး ရောဂါပိုးကတော့ H5N1 အမျိုးအစား ဖြစ်ပါတယ်။

မွေးမြူရေးခြံက ရောဂါရှိတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ဆက်ဆံမှု ရှိသူတွေကိုသာ ဒီငှက်တုပ်ကွေး ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။

သုတေသန ပညာရှင်တွေကတော့ ဒီရောဂါပိုးဟာ ကုသမလွယ်တဲ့ အဆင့်ပြောင်းသွားပြီး လူတွေကြား ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြပါတယ်။
XS
SM
MD
LG