သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကဲစမ်းမှုများအပေါ် အမေရိကန်သံအမတ်ဖြစ်မည့်သူရဲ့အမြင်


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel အထက်လွှတ်တော်ရဲ့ကြားနာပွဲမှာ ထွက်ဆိုနေစဉ်
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel အထက်လွှတ်တော်ရဲ့ကြားနာပွဲမှာ ထွက်ဆိုနေစဉ်

မြန်မာနိုင်ငံမှာ လက်ရှိ အပြောင်းအလဲကာလကိုစောင့်ကြည့်ရမှာဖြစ်တာကြောင့်မြန်မာအပေါ်ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်လို့ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ သူ့အနေနဲ့ မမြင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်အဖြစ် သမ္မတအိုဘားမား အမည်တင်သွင်းထားတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel ကပြောကြားလိုက်ပါတယ်။

ဒါအပြင် စီးပွားရေး၊ ကျန်းမာရေးကဏ္ဍတွေအပါအဝင် ဆင်းရဲမွဲတေမှုနဲ့ ရောဂါကင်းစင်ရေး တိုက်ဖျက်ဖို့ ဆောင်ရွက်နေတဲ့ လူထုအခြေပြုအဖွဲ့တွေရဲ့ကဏ္ဍမြှင့်တင်ရေးမှာ အမေရိကန်ရဲ့ပံပိုးမှုတွေကို သူ့အနေနဲ့ ဆက်ပြီးတိုးမြှင့်လုပ်ဆောင်သွားဖို့ရှိကြောင်း အမေရိကန်လွှတ်တော်ကြားနားပွဲမှာ Scott Marciel ကပြောသွားပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်အဖြစ်ခန့်အပ်ဖို့ သမ္မတအိုဘားမားက အောက်တိုဘာလ (၂၀)ရက်နေ့က အဆိုပြုခဲ့တဲ့အပေါ် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက တနင်္လာနေ့က ကြားနာပွဲကျင်းပခဲ့ပြီး Scott Marciel က အထက်လွှတ်တော်အမတ်တွေရှေ့မှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရသစ်ဖွဲ့စည်းအုပ်ချုပ်လာမယ့်အပေါ် ပြည်တွင်းပြည်ပမှာ မျှော်လင့်ချက်တွေအများကြီးရှိနေကြောင်း ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel က ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလ သူ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်ရမယ်ဆိုရင် လက်ရှိမြန်မာအပေါ်ချမှတ်ထားတဲ့ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ သူရဲ့သဘောထားကို အခုလိုဖြေကြားခဲ့ပါတယ်။

“လက်ရှိအသွင်ကူးပြောင်းရေးကာလမှာ ကျနော့်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်တဲ့အပြင်၊ ဒီအရေးယူပိတ်ဆို့မှုနဲ့ပတ်သက်ပြီး သိသာတဲ့အပြောင်းအလဲလုပ်ဖို့ ကျနော်အကြံမပေးလိုပါဘူး။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလဘယ်လိုဖြစ်လာမလဲဆိုတာစောင့်ကြည့်ဖိုလိုပါတယ်။ ဒီပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျနော်အနေနဲ့ မြန်မာနိုင်ငံက အစိုးရသစ်အပြင် အမေရိကန်လွှတ်တော်နဲ့ နီးနီးကပ်ကပ်တိုင်ပင်ဆွေးနွေးမှာပါ။”

ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တာဟာ အရေးကြီးတဲ့ ရှေ့ခြေလမ်းဖြစ်ပေမဲ့ အများကြီး လုပ်စရာတွေရှိနေတယ်လို့ Mr. Marciel ကပြောပါတယ်။ အာဏာလွဲှပြောင်းရေးမှာ တပ်မတော်ပါဝင်မယ်ဆိုရင် ဟန့်တားမဲ့အစား အမေရိကန်အနေနဲ့အားပေးထောက်ခံဖို့လိုတယ်လို့ ကြားနာပွဲမှာ သူရဲ့အမြင်ကို ပြောသွားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်အဖြစ် အထက်လွှတ်တော်ကပါအတည်ပြုခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်အရေးမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းအခုလိုပြောသွားပါတယ်။

“ကျနော့်ကို အတည်ပြုခန့်အပ်မယ်ဆိုရင် ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်တွေအပါအဝင် ရိုဟင်ဂျာတွေနဲ့ အခြားလူ့အဖွဲ့အစည်းအားလုံးတိုးတက်ရေးအတွက် ကျနော်ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိတ်ဆွေကောင်းနိုင်ငံအဖြစ်ရပ်တည်ခဲ့တာပါ။ မကြာသေးခင်ကပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်တွေကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆယ်စုနှစ်ပေါင်းမာျးစွာအတွင်း ပိုလွတ်လပ်ပြီး ပိုပြီးဒီမိုကရေစီကျတဲ့ ပိုပြီးအောင်မြင်တိုးတက်တဲ့ အနာဂတ်ဖေါ်ဆောင်ခွင့်ရကြတော့မှာဖြစ်ပါတယ်။ ဒီအတွက်လည်း အမေရိကန်အနေဲ့ ပံပိုးကူညီသွားမှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ်အနေနဲ့လည်း ဒုက္ခသည်တွေအရေးအပြင်၊ ရွှေပြောင်းအလုပ်သမားတွေကိစ္စ၊ လူနည်းစုတွေရဲ့ အခွင့်အရေး စတဲ့ ဖြေရှင်းရမယ့်စိန်ခေါ်မှုတွေအများကြီးရှိနေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလို အရေးပါတဲ့ ကိစ္စတွေ အရင်ဆုံးဆောင်ရွက်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုဘက်က အဓိကပံပိုးပေးသင့်တဲ့ အပိုင်းတွေနဲ့ပတ်သက်လို့လည်း Scott Marciel ကအခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ အဓိကအကဲစမ်းမှုတချို့ကတော့ အစိုးရသစ်အနေနဲ့ နိုင်ငံရေးမှာ အဓိကပါဝင်နေသူတွေအထူးသဖြင့် တပ်မတော်နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။ တပ်မတော်ဟာ လွှတ်တော်မှာ ၂၅% ရှိနေတာပါ။ ဒါအပြင် ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးစတဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေဟာလည်း စစ်တပ်အောက်မှာရှိနေတာပါ။ ဒါကြောင့် အာဏာလွှဲပြောင်းရေးချော့မွေ့စေဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်အပြင် အခြားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို ကျနော်တို့ အဓိကပံပိုးပေးရမှာဖြစ်ပါတယ်။”

Scott Marciel ဟာ ၂၀၀၇ခုနှစ်ကနေ ၂၀၁၀ပြည့်နှစ်ထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအပြင် အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း မြန်မာနိုင်ငံကို အကြိမ်များစွာသွားလာခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၀ ကနေ ၂၀၁၃ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ၂၀၁၃ခုနှစ်က စတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ပတ်သက်လို့ တာဝန်အသစ်တွေခန့်အပ်ဖို့ သမ္မတအိုဘားမားအဆိုပြုထားတဲ့ အမည်စာရင်းတွေကို အောက်တိုဘာလ (၂၀)ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ နိုဝင်ဘာလ (၁)ရက်နေ့က သူတို့ထမ်းဆောင်မယ့် တာဝန်တွေနဲ့ပတ်သက်လို့ ကြားနာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

တကယ်လို့ လွှတ်တော်ကနေ အတည်ပြုခဲ့မယ်ဆိုရင် Scott Marciel ဟာ ၂၀၁၆ခုနှစ်မှာ ရာထူးသက်တမ်းကုန်ဆုံးမယ့် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နေရာမှာ ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်က သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် အမေရိကန်အထက်လွှတ်တော်ကနေ ၂၀၁၂ခုနှစ် ဇွန်လမှာ Derek Mitchell ကိုမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် အတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG