သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ SEA GAMES မှာ တင်းနစ် နဲ့ ကျွမ်းဘား ပယ်ထုတ်


မြန်မာနိုင်ငံမှာ အခုနှစ်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အိုလံပစ် အားကစား နည်း တချို့ကို ဖယ်ထုတ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံတွေက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ တင်းနစ်နဲ့ ကျွမ်းဘားလို ကမ္ဘာ့ထိပ်တန်း အားကစားနည်းတွေကို ဖယ်ထုတ်လိုက်တာဟာ အိမ်ရှင်မြန်မာနိုင်ငံအတွက် အသာစီးရအောင် လုပ်လိုက်တာဖြစ်တယ်လို့ ကျန်အဖွဲ့ဝင် နိုင်ငံတွေက စွပ်စွဲပါတယ်။ အခုလို ထိပ်တန်း ကစားနည်းတွေကို ဖယ်ထုတ်လိုက်တာ ဘယ်လိုကြောင့်ပါလဲ။ ဒီလို ဖယ်ထုတ်လိုက်တဲ့အတွက် ဘယ်လို အကျိုးဆက်တွေရှိလာနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်နှောင်းပိုင်းကျရင် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကမ္ဘာ့ထိပ်တန်း အိုလံပစ်အားကစားနည်း ၂ ခုဖြစ်တဲ့ တင်းနစ်၊ ကျွမ်းဘားနဲ့ အင်ဒိုနီးရှားသိုင်း အားကစားနည်းကို ထည့်သွင်းမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံက ပြောလိုက်ပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် အင်္ဂါနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖယ်ဒရေးရှင်း ကောင်စီရဲ့ ဒုတိယအကြိမ် အစည်းအဝေးအတွင်း အခုလို သဘောတူ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ တင်းနစ်နဲ့ကျွမ်းဘားလို ကမ္ဘာ့ထိပ်တန်း ကစားနည်း ၂ ခုကို ဖယ်ထုတ်လိုက်တဲ့အပေါ်မှာ မြန်မာ့လက်ရွေးစင်တင်းနစ် ကစားသမားဟောင်း ဦးထွန်းအောင်က အခုလို ပြောပါတယ်။

“ဖယ်ထုတ်လိုက်တာတော့ ကျနော်တော့ မကောင်းဘူးထင်ပါတယ်။ ဘာလို့တုန်းဆိုတော့ ပြည့်စုံတာက ကောင်းပါတယ်။ တင်းနစ်စ်က အိုလံပစ်မှာ အခု ထည့်ထားပီးသား တော်တော်အရေးကြီးပါတယ်။ လူစိတ်ဝင်စားမှုကလည်း တော်တော်ကြီးမားပါတယ်။ နောက်ပြီး ကျွမ်းဘားကတော့လေ ကမ္ဘာမှာတော်တော့်ကို စိတ်ဝင်စားတယ်။ မွန်ထရီရယ်လ် (Montreal) အိုလံပစ်ကို ကျနော် သွားဖူးပါတယ်။ အဲဒီတုန်းကဆိုရင် ကျွမ်းဘားနော်၊ နာဒီယာတို့၊ ဘာတို့ဆိုရင် လက်မှတ်တောင် ဝယ်လို ့မရဘူး။ အဲဒီလောက်အထိကို ကြည့်ကြပါတယ်။ အာရှမှာလည်း ကျွမ်းဘားကို တော်တော်လေး ဝါသနာကြီးကြပါတယ်။


အစောပိုင်းမှာတုန်းကတော့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းအားကစားပြိုင်ပွဲမှာ တင်းနစ်နဲ့ ကျွမ်းဘားအပြင်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်နဲ့ ဟော်ကီပြိုင်ပွဲ စတာတွေကို ပြိုင်ပွဲကနေ ဖယ်ထုတ်ဖို့ မြန်မာနိုင်ငံဘက်က စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် အပါအ၀၀် တခြားအဖွဲ့ဝင် နိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက် နေပြည်တော်မှာ အင်္ဂါနေ့က အပြီးသတ် ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ကြက်တောင်၊ စားပွဲတင် တင်းနစ်နဲ့ ဟော်ကီကစားနည်းတွေကို ပြန်လည်ထည့်သွင်းခဲ့တာပါ။ မြန်မာဘက်ကတော့ တချို့ အားကစားနည်းတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိသလို အကျိုးမရှိစေတဲ့ ကစားနည်းတွေဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဒါပေမဲ့လည်း ကျန်အဖွဲ့ဝင်နိုင်ငံတွေကတော့ အခုလို ဆုံးဖြတ်ခဲ့တာဟာ အိမ်ရှင် မြန်မာနိုင်ငံကို အသာစီးရစေဖို့အတွက် လုပ်တာဖြစ်တယ်လို့ မကျေမနပ်ပြောဆိုပါတယ်။

တင်းနစ်ပြိုင်ပွဲကို ဖယ်ထုတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ တင်းနစ်ကွင်း ကောင်းကောင်း မရှိတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံက ပြောပါတယ်။ ဒါပေမဲ့ ထိုင်းအိုလံပစ်ကော်မတီရဲ့ ဒု-ဥက္ကဋ္ဌကတော့ တင်းနစ်ဟာ အိုလံပစ်အားကစားပွဲဖြစ်တဲ့အတွက် ထည့်သင့်ကြောင်း၊ မြန်မာနိုင်ငံက မထည့်တာဟာ ကွင်းကြောင့်မဟုတ်ဘဲ ကစားသမားမရှိတာကြောင့်ဖြစ်တယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက တင်းနစ်ကွင်းအခြေအနေနဲ့ ပတ်သက်ပြီး ဦးထွန်းအောင် ပြောတာကတော့-

“တင်းနစ်ကွင်း ကြည့်ပြီးရုံတင် မကပါဘူး။ ကျနော် သိမ်ဖြူကွင်းမှာရိုက်ခဲ့ပါတယ်။ နောက်ပြီး တက္ကသိုလ်ကွင်းမှာလည်း ရိုက်ခဲ့ပါတယ်။ ကွင်းတွေ အခြေအနေကတော့ ကမ္ဘာ့အဆင့်တော့ မမီသေးဘူးပေါ့။ ပစ်ထားတာပေါ့လေ။ အသေအချာတော့ လုပ်ထားတာ မတွေ့ဘူး။ ကွင်းပြင်ပေ့ါလေ အဲဒါက အဆင့်အတန်းမမီသေးပါဘူး။ ဒါပေမဲ့ အဲဒါက လုပ်လို့ရပါတယ်။ အခုက နှစ်စပဲ ရှိသေးတာပဲ။”

တင်းနစ်ကစားနည်းကို ဖြုတ်ချဖို့ စီစဉ်တာဟာ တင်းနစ်ကွင်းမရှိတာထက် နိုင်နိုင်ခြေမရှိ တာကြောင့်ဖြစ်တယ်လို့ ဦးထွန်းအောင်က ပြောပါတယ်။ အခုလို ကစားနည်းတွေ ဖြုတ်ချ လိုက်တာကြောင့် တခြားနိုင်ငံတွေကလည်း အလားတူလုပ်လာပြီး အားကစားပွဲကို ထိခိုက်လာနိုင်တယ်လို့ ဦးထွန်းအောင်က သုံးသပ်ပါတယ်။

“အထူးသဖြင့်က နောက်လုပ်မယ့်နိုင်ငံက ဟား- ဗမာနိုင်ငံကတောင်မှ တင်းနစ်နဲ့ ကျွမ်းဘားကို ဖယ်ထားတာပဲ။ တို့လည်း နိုင်ခြေမရှိတဲ့ဟာကို ဖယ်မယ့်ဥစ္စာကို အကြောင်းတွေ ပြလာမှာ၊ အစဉ်အလာဖြစ်လာမယ့်အကျိုးဆက်က ရှိပါတယ်။”

၁၉၅၉ ခုနှစ်က ကျင်းပတဲ့ ပထမဆုံးအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကျင်းပခဲ့တာဖြစ်ပြီး နောက် ၂ နှစ်ကြာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခါမှာ ထိုင်းနိုင်ငံက အတွေ့အကြုံတွေကို ယူပြီး မပြည့်စုံတဲ့ကြား ကပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်လို့ အဲဒီတုန်းက အတွေ့အကြုံကို ဦးထွန်းအောင်က ပြောပါတယ်။

“ဗမာပြည်မှာလုပ်တုန်းကတော့ သိမ်ဖြူကွင်းမှာလုပ်ပါတယ်နော်။ အဲဒါလည်း ကျနော်တို့ ထိုင်းနိုင်ငံက အတွေ့အကြုံကို ရလာပြီးတော့ စည်းရုံးပြီးလုပ်လိုက်တော့ အောင်မြင်သွားပါတယ်။ အဆင်ပြေပါတယ်။ court number one မှာ ယာယီစင်ကြီးထိုးပေးပါတယ်။ အကြီးကြီး ပါပဲ။ ဘေးမှာတော့ အရံကုတ်တွေ ရှိပါတယ်။ အဲဒီမှာလည်း ယှဉ်ပြိုင်ပြီးကစားကြပါ တယ်။ နောက်ပြီး ဗော်လန်တီယာတွေပေါ့လေ။ ဝိုင်းဝန်းကူညီ လုပ်ကြတဲ့အတွက် အောင် လည်း အောင်မြင်ပါတယ်။”

ပထမဆုံး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် တင်းနစ် ကစားသမားဟောင်း ဦးထွန်းအောင် ပြောပြသွားတာ ဖြစ်ပါတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကို ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင် စတဲ့မြို့တွေမှာ ကျင်းပမှာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံအနေနဲ့ တတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၆၁ ခုနှစ်မှာတော့ ရွှေ ၃၅ ခုအပါအဝင် ဆုတံဆိပ်စုစုပေါင်း ၁၀၄ ခုရပြီး ၁၉၆၉ ခုနှစ်မှာတော့ ရွှေ ၅၇ ခု နဲ့ စုစုပေါင်း ၁၄၉ ခု ရရှိခဲ့ပါတယ် ခင်ဗျာ။
XS
SM
MD
LG