သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လုံခြုံရေးတင်းကျပ်


ရန်ကုန်ဗလီကျောင်းတခု မီးလောင်မှုဖြစ်ပြီးနောက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား (၂ ဧပြီလ ၂၀၁၃)
ရန်ကုန်ဗလီကျောင်းတခု မီးလောင်မှုဖြစ်ပြီးနောက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား (၂ ဧပြီလ ၂၀၁၃)
ရန်ကုန်မြို့က အစ္စလာမ် ဘာသာရေး ကျောင်းတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် လုံခြုံရေးကို ဒီကနေ့အထိ ဆက်လက်ပြီး တင်းတင်းကျပ်ကျပ် ချထားပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံအနှံ့ မြို့အတော်များများမှာ ဘာသာရေး အခြေခံတဲ့ တိုက်ခိုက်မှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့အတွက်လည်း ရန်ကုန်တမြို့လုံးမှာ အရင်ကထက် လုံခြုံရေးတွေ တိုးမြှင့်ချထားတာပါ။ ရန်ကုန်မြို့က နောက်ဆုံးအခြေအနေ
တွေကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန် ဗိုလ်တထောင်မြို့နယ်ထဲက အစ္စလာမ် ဘာသာဝင် ကလေး ၁၃ ယောက် သေ ဆုံးတဲ့အထိ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာ ဖြစ်ပါတယ်။

ဒီလိုပဲ ပြီးခဲ့တဲ့လထဲမှာ မိတ္ထီလာမြို့က စလိုက်တဲ့ ဘာသာရေး အခြေခံ အကြမ်းဖက် တိုက်ခိုက်မှုတွေ တခြားမြို့တွေကိုပါ ပျံ့နှံ့ခဲ့သလို၊ ရန်ကုန်မှာလည်း ဆူပူမှုတွေ ဖြစ် ပွားအောင် လှုံ့ဆော်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် မြို့အနှံ့ လုံခြုံရေးတွေ သိသိသာသာ တိုးချထားတာ တွေ့ရတဲ့အကြောင်း ရန်ကုန်မြို့က စာရေးဆရာ မောင်သွေးသစ် က ပြောပါတယ်။

“ရန်ကုန် အခြေအနေကတော့ အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ လုံခြုံရေးက ကနေ့အထိ ချထားတုန်းပဲ။ သိမ်ဖြူလမ်းကနေပြီး ဟိုဘက် ဗိုလ်မြတ်ထွန်းလမ်း အထိကတော့ လမ်းကို ပိတ်ထားတယ်ပေါ့။ ၄၈ လမ်းရဲ့ လမ်းဦးတိုက် နေရာပေါ့ဗျာ။ လုံခြုံရေးကတော့ သူတို့အပြည့်အ၀ တာဝန်ယူထားတယ်၊ စဖြစ်တဲ့အချိန်ကနေ ကနေ့အထိပေါ့နော်။ အခင်းမဖြစ်ခင် ကာလကတည်းက သူတို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း လုံခြုံရေးတွေကို တိုးမြှင့်ချထားတာကို ကျနော်တို့ မြင်တွေ့နေရတယ်လေ။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာတဲ့ ဂယက်နဲ့ နောက် ဆက်တွဲတွေက ရန်ကုန်ကို ကူးစက်မှာ သူတို့ဘက်ကလည်း စိုးရိမ်တာပေါ့။

နောက်တခုက သင်္ကြန်အခါတော် ပွဲကလည်း နီးလာပြီလေ။ နီးလာပြီဆိုတော့ အဲ့ဒါကို ကြိုတင်လက်ဦးမှုရအောင် ဆိုတဲ့အနေနဲ့ လုံခြုံရေးကို၊ သူတို့အင်အားကိုပေါ့ဗျာ ယခင်ချထားတဲ့ အင်အားထက်ကို ၂ ဆလောက် တိုးပြီးတော့ အင်အားကို တိုးချဲ့ထားတာတွေရှိတယ်။ အင်အားတိုးချဲ့တဲ့ နေရာမှာ လှည့်ကင်းလည်းရှိတယ်၊ ရပ်ကင်းလည်းရှိတယ်၊ လျှပ်တပြတ်ကင်းလည်း ရှိတာပေါ့ဗျာ။ အဲ့ဒီတော့ ကင်း ၃ ကင်း နဲ့ သူတို့ လှည့်လည်နေတာတော့ရှိတယ်။ ညဘက်တွေရော၊ မနက်ရော၊ နေ့ခင်းရောပေါ့။ ဆိုတော့ သူတို့ဘက်ကတော့ ကြိုတင်ပြင်ဆင် ကာကွယ်ပြီးတော့ လက်ဦးမှုရအောင် ယူထားတဲ့ သဘောမျိုးတော့ ရှိပါတယ်။”

ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ စောင့်ကြပ်နေစဉ်
ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ စောင့်ကြပ်နေစဉ်
မန္တလေးတိုင်း မိတ္ထီလာမြို့နဲ့ တခြား မြို့တွေက အကြမ်းဖက်မှုတွေကြောင့် တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်က ဗလီကျောင်းမှာ မီးလောင်မှု ဖြစ်ခဲ့ တာကြောင့်လည်း သံသယတွေ စိုးရိမ်မှုတွေ ထွက်ပေါ်နေကြတာပါ။ ဒါပေမဲ့လည်း ပြဿနာကို မီးထိုးပေးသလို မဖြစ်ရလေအောင် အစိုးရရော လူထုကပါ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ရန်ကုန်မြို့က ခရစ်ယာန်ဘာသာဝင် တဦးဖြစ်တဲ့ ဦးသိန်းအောင် တို့လို လူတွေက လိုလားနေကြပါတယ်။

“အဲ့ဒီလို ဖြစ်လာတာကတော့ မကောင်းဘူး။ ကောင်းကောင်း ငြိမ်းချမ်းပြီး နိုင်ငံတော် က ကောင်းကောင်းမှန်မှန် နေပြီးတော့မှ ပြည်သူတွေနဲ့ အားလုံး ချစ်ချစ်ခင်ခင်နဲ့နေဖို့ ဘုရားက ကောင်းချီးပေးပါ၊ မစပေးပါ ဆိုပြီးတော့ ဆုတောင်းခြင်း အားဖြင့်ပဲ ကျနော်တို့ ခရစ်ယာန်တွေက မေတ္တာပွားရတာပါခင်ဗျ။”

မကြာသေးခင် သီတင်းပတ်တွေအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးပြီး ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အိုးအိမ် အများအပြား မီးလောင်ပျက်စီးမှုတွေ ကြုံခဲ့ရတယ်လို့ တရားဝင် ပြောဆိုထားတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ရန်ကုန် ၄၈ လမ်းထဲက ဗလီကျောင်း မီးလောင်မှုဟာ ဆက်နွယ်မှု မရှိဘူးလို့ အစိုးရ တာဝန်ရှိသူတွေကတော့ ချက်ခြင်းဆိုသလို တုံ့ပြန်ပြောဆိုထားကြတာပါ။

ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအပေါ် လူထုက ယုံကြည်မှု နည်းပါးလေ့ရှိတဲ့ အစဉ်အလာအရ သံသယတွေကတော့ ရှိနေကြဆဲ ဖြစ်ပါတယ်။

“သူများပြောတာ နားထောင်ရတာကိုး၊ အဲ့ဒီအခါကျတော့ ဟုတ်နိုးနိုး၊ မီးတွေ ပစ်တယ် ဘာညာ၊ ရှို့တယ်ဆိုတာ ဟုတ်နိုးနိုး။ သတင်းက ကြေညာတယ် ဆိုတော့၊ သတင်းကလည်း ထာဝစဉ်က အစိုးရသတင်းကို မယုံတာက များလာပြီဆိုတော့ အခုကတော့ တိတိကျကျ တကယ် အစစ်အမှန် ကြေညာတာ။ ဒါပေသည့် ခုနပြောသလိုပေါ့ လူတွေက ကောလဟလဆိုတော့ နည်းနည်းလေးတော့ ဒွိဟဖြစ်တာပေါ့။ မမြင်ရတဲ့ အခါကျတော့ ဒွိဟဖြစ်တာပေါ့။”

ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေကတော့ ရန်ကုန်မြို့က အစ္စလာမ် ဘာသာရေး
ကျောင်း မီးလောင်မှုဟာ မီးအားမြှင့်စက် အပူလွန်ရာက စတင်ခဲ့တာဖြစ်ပြီး၊ ကလေး
ငယ် ၁၃ ယောက် သေဆုံးရတာဟာလည်း အဝင်တံခါးပေါက်ကို သော့ခတ်ထားတဲ့ အတွက် အချိန်မီ ထွက်မပြေးနိုင်တာကြောင့်လို့ အစောပိုင်း စုံစမ်းမှုတွေအပေါ် အခြေခံ ပြောဆိုထားတာပါ။ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး နောက်တနေ့မှာပဲ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကိုလည်း ဖွဲ့စည်းလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ ကော်မရှင်ကိုတော့ အများပြည်သူကြား သံသယတွေ ပိုရှင်းစေဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ကပြောပါတယ်။

“မနေ့က အဲ့ဒါကတော့ တိုင်းဒေသကြီးအစိုးရက သတင်းစာရှင်းလင်းပွဲ လုပ်သွား တယ်။ နောက် အဲ့ဒါနဲ့ပတ်သက်ပြီး သူတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဖြေကတော့ ထွက်နေပြီ။ သို့သော် သံသယကင်းအောင်လို့ ဒီအဖွဲ့ဖွဲ့ပြီးတော့ လုပ်နေတာ။ ဒီအဖွဲ့က စစ်ဆေးချက် အစီရင်ခံစာ ထွက်လာရင်တော့ သူတို့မီဒီယာတွေရော ဘာရော အများသိအောင် လုပ်မှာပါ။”

ရန်ကုန်က မီးလောင်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြသလို၊ အဖြစ်မှန် ပေါ်ပေါက်အောင် ဖော်ထုတ်ဖို့ တိုက်တွန်း မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အခုနောက်ဆုံး ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်အနေနဲ့ ကတော့ တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေကို ၁ လအတွင်း အစီရင်ခံဖို့လည်း တာဝန်ပေးအပ် ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG