သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ချဉ်းကပ်မှု ပြန်သုံးသပ်ဖို့ ကန် အောက်လွှတ်တော် တိုက်တွန်း


အမေရိကန်ကွန်ကရက်လွှတ်တော်၊ ဝါရှင်တန်ဒီစီမြို့တော်၊
အမေရိကန်ကွန်ကရက်လွှတ်တော်၊ ဝါရှင်တန်ဒီစီမြို့တော်၊
မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေး အစီအစဉ်တွေကို လုပ်ဆောင်နေတယ် ဆိုပေမဲ့ ခိုင်ခိုင်မာမာ မရှိသေးတဲ့ အခြေအနေမျိုးမှာ ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်လာနေတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒတွေဟာ လက်တွေ့ကျရဲ့လား ဆိုတာကို အမေရိကန် အောက်လွှတ်တော်မှာ ကြာသာပတေးနေ့ က ဆွေးနွေးကြားနာခဲ့ကြပါတယ်။ အပြောင်းအလဲတွေ လုပ်နေတယ် ဆိုပေမဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို အတိမ်းအစောင်း မခံနိုင်သေးတဲ့ ပြဿနာတွေ ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အမေရိကန် အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်သင့်သလဲ ဆိုတာကို ကြားနာခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မအေးသန္တာကျော် ကပြောပြပေးမှာ ဖြစ်ပါတယ်။

အကဲဆတ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ကြီးထွားလာနေတဲ့ လူမျိုးရေးပြဿနာတွေကြားမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံဟာ သဲသဲကွဲကွဲ မရှိလှတဲ့အတွက် အမေရိကန် အစိုးရရဲ့ ချဉ်းကပ်မှုတွေ အပေါ်မှာ မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ အာရှ-ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီရှေ့မှောက် ကြားနာပွဲရဲ့ သဘာပတိဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ် Steve Chabot ကတော့ မကြာသေးခင်တုန်းက ဥရောပခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေကို အလွန်အကျွံ အကောင်းမမြင်ဖို့ သတိပေးချက်ကို ကိုးကားပြီး ပြောသွားခဲ့တာပါ။

“မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ အပြောင်းအလဲတွေကို စတင်လုပ်ဆောင်နေပြီဆိုတာကို အထင်အရှား တွေ့လာရတဲ့ အချိန်အထိ ထိတွေ့ဆက်ဆံမှုတွေကို လျှော့ချသွားဖို့ လိုမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အမေရိကန် အစိုးရရဲ့ မဟာဗျူဟာကိုလည်း ပြန်ဆန်းစစ်ရလိမ့်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေကို စစ်စစ်မှန်မှန် လုပ်ဆောင်နေတာကို မတွေ့ရသေးတဲ့အတွက် နောက်ပြန်ဆုတ်သင့်ပါတယ်။ ရှင်းလင်းတဲ့ လမ်းပြမြေပုံ မရှိတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ အမေရိကန်ရဲ့ ဥပဒေတွေနဲ့ ကိုက်ညီမှု ရှိပါ့မလားဆိုတာ မသေချာပါဘူး။”

ကြားနာပွဲမှာ ဆွေးနွေးခဲ့ကြသူတွေကတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ထောက်ပြပြီး အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံမှုတွေဟာ အလျင်စလို နိုင်လွန်းတယ်လို့ ပြောခဲ့ကြတာပါ။ အထူးသဖြင့် ကတော့ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်က စတင်ပြီး မြန်မာနိုင်ငံ မြို့အတော်များများကိုပါ ပျံ့နှံ့သွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲလွဲမှုတွေ အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေကို ထောက်ပြကြပါတယ်။

ပြည်ပမှာ ဖွဲ့စည်းထားတဲ့ ရခိုင်ရိုဟင်ဂျာ သမဂ္ဂရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ Dr Wakar Uddin ကတော့ လူပေါင်းရာဂဏန်းအထိ သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေမှာ တရားမျှတမှု ကင်းမဲ့မှုတွေကို အထင်အရှား တွေ့ခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“မကြာသေးခင် ရက်တွေအတွင်းမှာပဲ အသက် ၁၁ နှစ် ၁၂ နှစ် ကနေ ၆၀၊ ၆၅ နှစ် အရွယ်တွေ အပါအဝင် ရာဂဏန်းချီရှိတဲ့ ရိုဟင်ဂျာတွေကို တသက်တကျွန်း ပြစ်ဒဏ်တွေ၊ အနှစ် ၂၀၊ ၃၀ အထိ နှစ်ရှည်ထောင်ဒဏ်တွေကို ချက်ခြင်းဆိုသလို ချမှတ်ခဲ့တာပါ။ အကြမ်းဖက်မှုတွေ ကျူးလွန်မှု၊ လှုံ့ဆော်မှုတွေနဲ့ စီရင်ခဲ့တာ ဖြစ်ပေမဲ့ တကယ်တမ်းမှာ ဒီလူတွေဟာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ ဖြစ်ပါတယ်။”

တရားမျှတမှုတွေ မရှိပဲ ဖြစ်နေရတဲ့ ဒီလိုအခြေအနေတွေကို နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် နိုင်အောင် အမေရိကန်က ဦးဆောင် ကြိုးပမ်းဖို့လည်း သူက တိုက်တွန်းသွားတာပါ။ ဒီလို နိုင်ငံရေး၊ လူမှုရေးအရ စိမ်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီ ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အားလုံးနီးပါးကို ဖယ်ရှားပြီး၊ ကုန်သွယ်ခွင့် အထူးခံစားခွင့်တွေကို ပြန်လည်ပေးအပ်ခဲ့သလို၊ အထူးသဖြင့် စစ်ဖက်ဆိုင်ရာ အဆက်အဆံတွေကိုပါ အစပျိုး လုပ်ဆောင် လာနေတဲ့ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရရဲ့ မူဝါဒတွေအပေါ် မေးခွန်းထုတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကြားနာပွဲမှာ ထွက်ဆိုခဲ့သူ နောက်တဦးဖြစ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ဥက္ကဋ္ဌ Tom Andrews ကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အမေရိကန် အစိုးရအနေနဲ့ အဆင့်ဆင့် တုန့်ပြန်ဖို့ လိုမယ်လို့ တိုက်တွန်းခဲ့တာပါ။

“ပထမဆုံးကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတာတွေကို အဆုံးသတ်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြီးအကျယ် ကျူးလွန်ခဲ့မှုမှာ တာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ အထောက်အထားတွေ အခိုင်အမာရှိပါတယ်။ ဒီလူတွေကို တာဝန်ရှိတဲ့အတိုင်း အရေးယူရ ပါလိမ့်မယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက လူမဆန်တဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးရပါလိမ့်မယ်။”

ဒီလိုပဲ နိုင်ငံရေးမှာ စစ်တပ်က ချယ်လှယ်နေတာ၊ စစ်တပ်ကို အရပ်ဖက် အုပ်ချုပ်ရေးအောက်မှာ အပြည့်အ၀ ထားရှိတာတွေလို အခြေအနေမျိုးတွေ သိသိသာသာ တွေ့လာရတဲ့အထိ အမေရိကန်အနေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆိုင်းထားသင့်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ကြားနာပွဲအတွင်းမှာပဲ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Humpty Dumpty အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Ralph Cwerman ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ သက်တမ်းနုနယ်သေးတာကို သတိထားဖို့နဲ့ စိမ်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ မကြာသေးခင်နှစ်တွေအတွင်း တွေ့မြင်ရတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့လည်း လိုမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG