သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကန်သံအမတ်သစ် အထက်လွှတ်တော် တခဲနက်အတည်ပြု


အမေရိကန်အထက်လွှတ်တော်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က မဲခွဲဆုံးဖြတ်နေစဉ်။
အမေရိကန်အထက်လွှတ်တော်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က မဲခွဲဆုံးဖြတ်နေစဉ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ သမ္မတ ဘရက်ခ် အိုဘားမား က အမည်စာရင်း တင်သွင်းခဲ့တဲ့ - အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Alan Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အထက်လွှတ်တော်ကနေ ကန့်ကွက်မဲမရှိ ဖေဖော်ဝါရီလ ၉ ရက် အင်္ဂါနေ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်-မြန်မာဆက်ဆံရေး ပိုမို ခိုင်မြဲစေဖို့ ရည်ရွယ်ချက်နဲ့ သမ္မတက အမည်စာရင်း တင်သွင်းခဲ့တဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Marciel ကို အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အထက်လွှတ်တော်မှာ - ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အမေရိကန်စံတော်ချိန် နေ့ခင်းပိုင်းမှာ မဲခွဲခဲ့ကြပြီးနောက် - “ထောက်ခံမဲ ၉၀၊ ကန့်ကွက်မဲ ဝ” နဲ့ အတည်ပြု လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကလည်း - အမေရိကန် အထက်လွှတ်တော်ရဲ့ အဖွဲ့ဝင် ၁၉ ဦးပါ ကော်မတီကနေ ဇန်နဝါရီလကုန်ပိုင်းမှာပဲ ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ပြီးနောက် - အခုတခါ အထက်လွှတ်တော်တရပ်လုံးရဲ့ အတည်ပြုချက်ကို ထပ်မံ မဲခွဲ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဆန်းမှာပဲ အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ Arkansas ပြည်နယ် Republican အထက်လွှတ်တော်အမတ် Tom Cotton ကတော့ အတည်ပြုထောက်ခံကြဖို့ မဲခွဲမဆုံးဖြတ်ခင်မှာပဲ ကျန်ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့တာပါ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်လက် ပေါ်ပေါက် လာစေဖို့ အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်တဲ့အတွက်လည်း အာရုံစိုက် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

“နှစ်ပေါင်း ၅၀ ကြာ အာဏာရှင်စနစ်နဲ့ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့ပြီးနောက်၊ မြန်မာနိုင်ငံမှာ မကြုံဖူးလောက်အောင် အသွင်ကူးပြောင်းနေပါတယ်။ စစ်တပ်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားဆဲ ဖြစ်ပေမဲ့ အမေရိကန်ရဲ့ မူဝါဒတွေ တစိတ်တပိုင်းကြောင့် တဖြည်းဖြည်းချင်း ပြောင်းလဲလာနေပါတယ်။ ဒီအပြောင်းအလဲကို ကျနော်တို့ အနေနဲ့ အားပေးရမှာ ဖြစ်ပါတယ်။”

အာရှဒေသမှာ သြဇာချိန်ခွင်လျှာညှိတဲ့ မူဝါဒကို ကျင့်သုံးလာတဲ့ သမ္မတ Barack Obama အစိုးရကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ ဆက်ဆံရေးတွေကို တိုးမြှင့်ခဲ့တာပါ။ အထက်လွှတ်တော်အမတ် Cotton ကတော့ မြန်မာနိုင်ငံအနေနဲ့ ပထဝီဝင်နိုင်ငံရေးအရ အချက်အခြာ ကျတဲ့အတွက်လည်း အာရုံစိုက်ဖို့ လိုတယ်လို့ ပြောကြားသွားပါတယ်။

“တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ ပထဝီဝင်အနေအထားအရ မဟာဗျုဟာကျကျ အရေးကြီးပါတယ်။ အရှေ့တောင် အာရှနဲ့ အရှေ့အလယ်ပိုင်းရဲ့ လမ်းဆုံလမ်းခွမှာ ရှိနေတဲ့ အတွက်လည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အရေးပါပါတယ်။ အသုံးမပြုရသေးတဲ့ သဘာဝအရင်းအမြစ်တွေ ရှိနေတဲ့ မြန်မာနိုင်ငံဟာ ကုန်သွယ်ဖက်လည်း ဖြစ်လာနိုင်သလို၊ အမေရိကန်ရဲ့ ကမ္ဘာပေါ်ကဦးဆောင်မှု အခန်းကဏ္ဍမှာ မဟာဗျုဟာကျကျ အကျိုးသက်ရောက်မှု ရှိစေတဲ့ နမူနာတခုလည်း ဖြစ်ပါတယ်။”

ဒါ့အပြင် အမေရိကန်-မြန်မာဆက်ဆံရေး ပိုမို ခိုင်မာအောင် သံအမတ်ကြီးသစ်ဖြစ်လာမယ့် Scot Marciel က ဦးဆောင် ကြိုးပမ်းသွားမှာဖြစ်တယ်လု့ိ လည်း - မစ္စတာ Cotton က ဆက်ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရသစ် ပေါ်ပေါက်လာပြီဆိုပေမဲ့ အကဲစမ်းမှုတွေ စိန်ခေါ်မှုတွေ ရှိနေသေးတာကြောင့် သံအမတ်ကြီးသစ် Marciel က ဦးဆောင်ပြီး အမေရိကန်အနေနဲ့ ဆက်လက် ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ အပြောင်းအလဲကို ဆောင်ရွက်ရာမှာ အစပဲရှိပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာလည်း ရှိနေဆဲဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ အတိုက်အခံပါတီကနေ အာဏာရပါတီအဖြစ် အသွင်းပြောင်းရမှာဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပကခတွေကိုလည်း ဖြေရှင်းရမှာ ဖြစ်သလို၊ အာဏာရှင် လက်အောက်ကနေ လွတ်မြောက်လာတဲ့ တခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပြင် စီးပွားရေးပြုပြင် ပြောင်းလဲ မှုတွေကိုလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးအနေနဲ့ ကူညီပေးနေပါတယ်။ သံအမတ်ကြီးသစ် Marciel အနေနဲ့လည်း အခုလို အကူအညီပေးမှုတွေကို ဦးဆောင်ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုမို ခိုင်မာအောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။”

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ အဆင့်မြင့် အဖွဲ့ဝင်လည်းဖြစ်၊ မယ်ရီလန်းပြည်နယ် ဒီကရက်တစ်ပါတီ အထက် လွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ Ben Cardin ကလည်း - ဝါရင့်သံတမန်တဦးဖြစ်တဲ့ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်တာဟာ အသင့်တော်ဆုံး ဆုံးဖြတ်ချက်အဖြစ် ပြောကြားသွားခဲ့ပါတယ်။

“အသွင်ကူးပြောင်းနေတဲ့ တိုင်းပြည်တခုအဖြစ် မြန်မာနိုင်ငံမှာ စိတ်လှုပ်ရှားစရာ အခြေအနေတွေ တွေ့မြင်နေရပါတယ်။ အားရစရာတွေ တွေ့မြင်ရပေ မဲ့လည်း တိုင်းပြည်မှာ ကြီးမားတဲ့ စိန်ခေါ်ချက်တွေလည်း ရှိနေပါတယ်။ မြန်မာပြည်အခြေအနေအရ သံအမတ်ကြီးတဦး ခန့်အပ်ဖို့ ဝန်ကြီး Scot Marciel ထက် ပိုပြီးသင့်တော်တဲ့လူလည်း မရှိပါဘူး။”

အခု အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဝန်ကြီး Scot Marciel ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအပြင် အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိလည်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုလက်ရှိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုတော့ - ၂၀၁၃ ခုနှစ်မှာ စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း - မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် Derek Mitchell ကို ၂၀၁၂ ဇွန်လမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ၂၀၁၆ ဇွန်လမှာ တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် မစ္စတာ Mitchell ရဲ့နေရာကို ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Marciel က တာဝန်ယူရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အခု အထက်လွှတ်တော်က မဲခွဲအတည်ပြုပေးလိုက်ပြီး သံအမတ်ကြီးသစ် ဖြစ်လာတော့မယ့် Scot Marciel ကို အမေရိကန် အထက် လွှတ်တော်က ရီပတ်ဘလစ်ကန် လူများစုခေါင်းဆောင် Mitch McConnell ကလည်း ကြိုဆိုလိုက်သလို၊ သူ့အရင် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ရဲ့ စွမ်းဆောင်မှုတွေကိုလည်း ချီးကျုးခဲ့တာပါ။ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးတွေ ကို လမ်းညွှန်မှုကောင်းတွေ ပေးနိုင်ခဲ့သူအဖြစ် သံအမတ်ကြီး Mitchell ကို ချီးကျုးခဲ့သလို၊ သံအမတ်ကြီးသစ် Scot Marciel အနေနဲ့လည်း အပြောင်းအလဲသစ်တွေ တွေ့မြင်နေရတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု အတွက် ကိုယ်စားပြုနိုင်တဲ့ သံတမန်ကောင်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG