သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရွေးကောက်ပွဲ မျှတရေး ကန်အမတ် McConnell သတိပေး


အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell။
အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell။

မြန်မာနိုင်ငံမှာ ပြည်သူတွေ လက်မခံတဲ့ ရွေးကောက်ပွဲမျိုးသာ ကျင်းပခဲ့မယ်ဆိုရင် အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဆက်ဆံရေးကို ထိခိုက်နိုင်တယ် ဆိုပြီးတော့ သြဇာ တိက္ကမ လည်းရှိ၊ မြန်မာနိုင်ငံအရေးကိုလည်း မပြတ် အာရုံစိုက် စောင့်ကြည့်သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောဆိုလိုက်ပါတယ်။

ကြာသာပတေးနေ့က ဆီးနိတ် အထက်လွှတ်တော်မှာ မိန့်ခွန်းပြောဆိုရင်း Mr. McConnell က အခုနှစ်ကုန်ပိုင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှုရှိရမယ်၊ အများက လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ပြောဆိုသွားပါတယ်။

နိုင်ငံပိုင်မီဒီယာတွေကနေ ပြသတဲ့နေရာမှာ နိုင်ငံရေးမျက်နှာလိုက်မှု မရှိစေရဘူး၊ လွတ်လပ်စွာ ပြောဆို၊ ထုတ်ဝေခွင့်ရှိရမယ်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အာမခံရမယ်၊ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ မျှမျှတတနဲ့ ကြောက်ရွံ့မှု ကင်းကင်း နဲ့ လုပ်ဆောင်နိုင်ခွင့်ရှိစေရမယ်။ နိုင်ငံသားတွေအနေနဲ့ မဲဆန္ဒပေးဖို့အတွက် အနှောက်ယှက်မရှိ မှတ်ပုံတင်ခွင့် ရှိရမယ် မဲပေးခွင့် ပြုရမယ်လို့လည်းပြောပါတယ်။

" ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒသဘောထား ကို ရောင်ပြန်မဟပ်တဲ့ အတွက် မြန်မာပြည်သူ တွေက လက်မခံဘူးဆိုရင်၊ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ဖြစ်ဖို့အရေးမှာ အခက်အခဲတွေ ပိုမိုကြုံတွေ့ရပါလိမ့်မယ်။ ကျနော်တို့ အစိုးရ ဥပဒေပြုအဖွဲ့အတွက် အနေနဲ့ ဒါကို စိတ်ပူပါတယ်။"

ဥပမာ ဒီလိုမျိုး အခြေအနေဖြစ်လာမယ် ခဲ့မယ်ဆိုရင်၊ ရှေ့ဆက်တိုးမြင့် လုပ်ဆောင်ဖို့ရှိတဲ့ အမေရိကန်နဲ့ မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးကိစ္စ စတဲ့ ကဏ္ဍတွေကို အဟန့်အတားဖြစ်စေနိုင် မယ်လို့ လည်း Mr. McCornnell ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလှဲရေးလုပ်ဖို့ ကမ်းလှမ်းခဲ့ပြီးဖြစ်သလို၊ အပြောင်းအလဲတွေလည်း ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့တဲ့ အချိန်ကစလို့ မြန်မာနိုင်ငံအတွင်းက အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်၊ ဒီဖြစ်ထွန်းမှုဟာ အသေးမွှား မဟုတ်ပါဘူးလို့ လည်းသူ ကပြောပါတယ်။

အားရဖွယ်ကောင်းတဲ့ အနေအထားတွေကိုလည်း တွေ့မြင်နေရကြောင်း၊ အရင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေလို မဟုတ်ပဲ နိုင်ငံတကာကနေ လေ့လာသူတွေကို ဖိတ်ကြားထားကြောင်း၊ သံအမတ်ကြီး Derek Mitchell ဦးဆောင်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ကလည်း လေ့လာစောင့်ကြည့်ရာမှာ ပါဝင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဒါကြောင့် အဲဒီမှာ အခွင့်အရေးတွေ အခွင့်အလမ်းတွေရှိနေပါတယ်။ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လောက်တောင် တိုးတက်မှုတွေ ရှိနေပြီးလည်း ဆိုတာကို၊ ရှင်းရှင်းရှင်းလင်းလင်း မြင်သာအောင် ပြသနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သတင်းပတ်အနည်းငယ်တုံးက ဝါရှင်တန်ဒီစီကို အလည်အပတ်ရောက် ရှိလာတဲ့ မြန်မာပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့တွေ့ဆုံစဉ်မှာ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းက စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ Mr. McCornnell ကပြောပါတယ်။ စိန်ခေါ်မှုတွေထဲမှာ ဆိုရင်တော့-

"အစိုးရအနေနဲ့ ကာလရှည်ကြာ ဒုက္ခရောက်နေတဲ့ လူနည်းစု ဘာသာဝင်တွေဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို တာဝန်ယူမှုပေးရမယ် ဆိုတာလက်ခံဖို့နဲ့၊ အကာကွယ်ပေးဖို့ လုပ်ပေးနိုင်စွမ်းရှိသမျှကို အစိုးရအနေနဲ့ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ထောင်နဲ့ချီတဲ့ ဒီလူတွေဟာ နှိပ်စက်ညှင်းပမ်းမှုကနေ လွတ်မြောက်ဖို့အတွက် ဖြစ်ကတတ်ဆန်း တည်ဆောက်ထားတဲ့ လှေတွေနဲ့ အလွန်အန္တရာယ်များတဲ့ ပင်လယ်ခရီးကို သွားနေကြရပါတယ်။"

Mr. McCornnell ပြောသွားတာဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ပြည်တွင်းပဋိပက္ခတွေ အဆုံးသပ်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေရရှိအောင် တိုင်းရင်းသား လူနည်းစု အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရအောင် လုပ်ဆောင်ဖို့ လိုသလို စစ်တပ်ကို အရပ်သားအုပ်ချုပ်မှု အောက်မှာ ရှိစေဖို့အတွက်လည်း အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါတွေနဲ့အတူ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ လွတ်လပ်တဲ့ သတင်းမီဒီယာ၊ လွတ်လပ်စွာ တွေးတောဆင်ချင် ပိုင်ခွင့်နဲ့ လွတ်လပ်စွာစုဝေးခွင့် တွေကို အကာကွယ်ပေးဖို့ လိုအပ်နေကြောင်း Mr.Mitch McCornell က အမေရိကန် အထက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်

XS
SM
MD
LG