သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာချုပ်နဲ့ KNU ခေါင်းဆောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေး


တပ်တော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ငြိမ်းချမ်းရေးဆွေးနွေးမှုမြင်ကွင်း (ဓာတ်ပုံ/ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် fb)
တပ်တော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ငြိမ်းချမ်းရေးဆွေးနွေးမှုမြင်ကွင်း (ဓာတ်ပုံ/ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် fb)

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ငြိမ်းချမ်းရေး ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှု၊ နောက် တိုင်းရင်းသားတွေနဲ့ ဆက်ပြီးဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အပေါ် စိုးရိမ်ချက်တွေအပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နောက် နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် အမြင်တွေကို ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကနေ ရလာတဲ့ အမြင်သဘောထားတွေ အပေါ် မူတည်ပြီး အပစ်အခတ် ရပ်စဲရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ KNU က မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲဆိုတာကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကရင့်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနဲ့အဖွဲ့တို့ မနေ့က တွေ့ဆုံပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖြစ်ထွန်းမှုတွေ၊ ဆုတ်ယုတ်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ KNU ရဲ့ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“DKBA နဲ့တိုက်ပွဲဖြစ်တာတို့၊ နောက်ပြီးတော့ နောက်ပိုင်းမှာကချင်နဲ့ဖြစ်တဲ့ပြဿနာ၊ ဒါတွေလည်း ကျနော်တို့က စိုးရိမ်မှုကို တင်ပြတာပေါ့။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ဒီလိုဖြစ်ပွားမှုတွေက ပိုမိုကျယ်ပြန့်မှုမဖြစ်ဖို့အတွက် ကျနော်တို့တင်ပြဆွေးနွေးတယ်။ နောက်တချက်ကတော့ တပ်မတော်ကနေပြီးတော့ ငြိမ်းချမ်းရေးမူ (၆) ချက်နဲ့ပတ်သက်တာကိုလည်း- အဲဒီငြိမ်းချမ်းရေးမူ (၆) ချက်ထဲမှာ အချက်တချက်က ဖွဲ့စည်းပုံနဲ့ ပတ်သက်တာလည်း ရှိနေတဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့တွေကလည်း သံသယရှိမှု၊ တချို့တိုင်းသူပြည်သားတွေကလည်း ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ တပ်မတော်က လုံးဝပြင်လို့မရဘူးဆိုတဲ့အပေါ်မှာလည်း ကျနော်တို့က တင်ပြဆွေးနွေးတာပေါ့။”

မြန်မာ စစ်တပ်ဘက်က ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက် အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စိုးရိမ်မှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။ မြန်မာ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စစ်တပ်က ချမှတ်ထားတဲ့ မူ ၆ ချက်ကို လိုက်နာဖို့ မဟုတ်ဘဲ အလေးထားဖို့ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခု လွှတ်တော်က မဲခွဲ ဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲဆိုတာထက် အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ KNU ဘက်ကလည်း လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင်ဆိုတာထက် ပိုပြီးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လိုလားတယ်လို့ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ KNU ကတော့ အခုလက်ရှိမှာကျတော့ --ရမယ့်အနေအထားတော့ မရှိသေးဘူးပေါ့နော်၊ ကျနော်တို့ဖြစ်စေချင်တာကတော့ တကယ့်နိုင်ငံတော်ပြဿနာမှာကျ အကုန်လုံးပါဝင်နိုင်တဲ့ အစုအဖွဲ့တွေ ပါဝင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အခုပြောတဲ့ လေးပွင့်ဆိုင်တို့၊ ခြောက်ပွင့်ဆိုင်တို့၊ ဆယ့်လေးပွင့်တို့၊ ဘယ်နှစ်ပွင့်တို့ဆိုတာ ဒါ ပဏာမပျိုးတဲ့သဘောပဲဆောင်တယ်။ ဒါပေမယ့် ဆွေးနွေးရမယ်ဆိုလို့ရှိရင် ဒါထက်ပိုမိုကျယ်ပြန့်မယ်လို့တော့ ကျနော် မြင်တယ်လေ။ ဒါကြောင့်မို့လို့ ကျနော်တို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် တပြည်လုံးအပစ်အခတ်ရပ်စဲရေးကနေတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်သွားဖို့ အကုန်လုံးပါဝင်နိုင်တဲ့ နိုင်ငံရေးပြဿနာတွေကို ရှင်းဖို့ကတော့ ပိုမိုတော့ ကောင်းမွန်းတာပေါ့နော်။”

ကေအန်ယူဥက္ကဋ္ဌ မူတူးဆေးဖိုးနဲ့ ကေအန်ယူကိုယ်စားလှယ်အဖွဲ့က ဒီကနေ့မှာတော့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ ထပ်မံ ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“ရှေ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ပြီးဆောင်ရွက်နိုင်ဖို့နဲ့ Political Dialogue ဆီ ရောက်အောင်သွားနိုင်ဖို့ကိစ္စကို ချဉ်းကပ်တဲ့ပုံသဏ္ဍန်တွေကို ဝန်ကြီးဦးအောင်မင်းနဲ့ ညှိနှိုင်းတာပါပဲ။ အဲဒီတော့ ဘာရလဲလို့မေးရင်တော (၁) ကတော့ ကျနော်တို့ ဒီလိုဖြစ်စဉ်တွေကတော့ မကြာခဏတွေ့ပြီး ဆွေးနွေးနေရမှာဖြစ်တော့ ဒီနေ့လည်း KNU ရဲ့ခေါင်းဆောင် ၉ ဦးပါ ဖြစ်တဲ့အတွက် သူတို့အားလုံးနဲ့တော့ အမြင်ဖလှယ်ပြီးတော့ ရှေ့ကို ငြိမ်းချမ်းရေး ခရီးစဉ်တွေ ဆက်ပြီး မြန်မြန်တိုးတက်အောင်ပေါ့လေ- ဘယ်လိုများ ဆောင်ရွက်နိုင်မလဲဆိုတဲ့ အကြမ်းဖျင်းဟာတွေရပါတယ်။ ဒါတွေ ဆက်တော့ ဆွေးနွေးဖို့တော့ လိုပါသေးတယ်။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ကြား ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အခုလို ကရင့်အမျိုးသား လက်နက်ကိုင် အဖွဲ့ KNUနဲ့ တပ်မတော် ကာကွယ်ရေ ဦးစီးချုပ်တို့ကြား ဆွေးနွေးမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကနေ့မှာလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCCT ကိုယ်စားလှယ်တွေ စုစည်းကြပြီးမြန်မာအစိုးရနဲ့ ခိုင်မာပြီး က်တွေ့ကျတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး အကြို ညှိနှိုင်းနေကြပါတယ်ရှင်။

XS
SM
MD
LG