သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မပြုကျင့်မှုကို စစ်လက်နက်အဖြစ် မသုံးဖို့ တောင်းဆို


(credit: http://womenofburma.org/)
(credit: http://womenofburma.org/)
တိုင်းရင်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်က အဓမ္မပြုကျင့်မှုကို လက်နက်အသွင် အသုံးပြုနေတာတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

အဓမ္မပြုကျင့်မှု ကျူးလွန်သူတွေအပေါ် ဥပဒေအရ အကာအကွယ် ပေးထားတာကြောင့် တရားမျှတမှု ရှိဖို့နဲ့ ကျူးလွန်ခံရသူတွေအတွက် မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်စေဖို့ကိုလည်း တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အစိုးရနဲ့ တာဝန်ရှိသူတွေ ကြိုးပမ်းနေချိန်မှာပဲ တဘက်မှာလည်း မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်နေဆဲပါ။

အဲဒီစစ်ပွဲတွေအတွင်း ဒေသခံပြည်သူတွေဟာ စစ်ပွဲရဲ့ ဆိုးရွားတဲ့ဒဏ်ကို စစ်ပြေးဒုက္ခသည်တွေအဖြစ် အလူးအလဲ ခံနေရသလို အမျိူးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေကိုလည်း နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် ရင်ဆိုင်ခံစားနေရပြီး၊ အသက်နဲ့အရှက် လုံခြုံရေးအတွက် လုံးဝကို အကာအကွယ် မဲ့နေရတဲ့ အနေအထား ရောက်နေတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက အစီရင်ခံစာထုတ်ပြန်ပြီး ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“အရေးယူမှု ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့်စနစ်” လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာထဲမှာ စစ်ပွဲတွေအတွင်း တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို လက်နက်အဖြစ် အသုံးပြုနေတာကို ထောက်ပြထားသလို ကျူးလွန်သူတွေအပေါ် တစုံတရာ အရေးယူမှုမရှိဘဲ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုမရှိ ဖြစ်နေတဲ့အပေါ် စစ်မှန်တဲ့ တရားစီရင်ရေးနဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ဗွီအိုအေကိုပြောပါတယ်။

“ဒီလုပ်ပိုင်ခွင့် အာဏာတွေက လက်ရှိ အုပ်ချုပ်နေတဲ့ သူတွေမှာ၊ နောက်ပြီးတော့ တပ်မတော်ဆီမှာ ရှိတဲ့အတွက် အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်မှု မရှိဘဲနဲ့ ကျူးလွန်ခွင့်တွေကို ပေးထားတဲ့ အနေအထားတွေကတော့ လုံး၀ မဖြစ်ရဘူး ဆိုတာကိုတော့ ကျမတို့ တတ်နိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့မှ လက်ရှိ တာဝန်ရှိတဲ့သူတွေကို ပြောသွားမယ်၊ ညှိနှိုင်းသွားမယ်၊ ဆွေးနွေးသွားမယ်။ လက်ရှိ အစိုးရပေါ့နော်၊ ဦးသိန်းစိန် အစိုးရအနေနဲ့ကလည်းပဲ တကယ်ပဲ အဲဒီအပေါ်မှာ လေးလေးနက်နက် ထားမယ်လို့ ကျမအနေနဲ့ ယုံကြည်ပါတယ်။”

စစ်အစိုးရလက်ထက်ကနေ အခုအရပ်သား အစိုးရလက်ထက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်းမှာကို မငြိမ်းချမ်းနိုင်သေးတဲ့ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရာနဲ့ချီပြီး ဖြစ်နေတုန်းပဲလို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကာလကနေ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ စစ်တမ်းကောက်ယူချက်အရ စစ်တပ်ကနေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခဲ့တဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်က ပြောပါတယ်။

အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အုပ်စုလိုက် အနိုင်ကျင့် စော်ကားမှုတွေအပေါ် အရေးယူခြင်းမရှိဘဲ ကျူးလွန်သူတွေအပေါ် ကင်းလွတ်ခွင့်ပေးထားတဲ့ အနေအထားအပေါ်လည်း အမျိုးသမီးရေးလှုပ်ရှားသူ ဒေါ်စူဆန်နာ လှလှစိုးက အခုလို ပြောပါတယ်။

“တပ်မတော်မှာ ဥပဒေရှိတယ်။ ဒါပေမဲ့ ဒါတွေက အမြဲတမ်း ကင်းလွတ်ခွင့် ရနေတာလေ။ ကျူးလွန်တဲ့လူက ရိုးရိုးလူပဲဖြစ်ဖြစ်၊ စစ်တပ်ကလူပဲဖြစ်ဖြစ် ကျူးလွန်တဲ့အတိုင်း ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူစေချင်တယ်။ အဲဒါတခုပေါ့နော်။ နောက်ပြီးတော့ စစ်တပ်မို့လို့ အထူးအရေးပေးတာမျိုး၊ အဲဒါမျိုးကိုလည်း အန်တီတို့ မလိုချင်ဘူးပေါ့နော်။ ဒါတွေကို အန်တီတို့ Report အနေနဲ့ ထုတ်ခြင်းအားဖြင့် အရင်တုန်းက စစ်တပ်အုပ်ချုပ်မှုတုန်းကလည်း ကျူးလွန်တယ်၊ အခုအရပ်သားဘက်ကို ပြောင်းတယ်လို့ ပြောသော်လည်းပဲ ဆက်ပြီးတော့ ကျူးလွန်တာ ရှိတုန်းပဲပေါ့။ ဘယ်လိုပဲ ပြောင်းလဲလာပြီ ပြောပေမဲ့လည်း တိုင်းရင်းသား ဒေသတွေမှာ ဒါတွေက ရှိတုန်းပဲဆိုတာကို သိစေချင်တာပေါ့နော်၊ ကမ္ဘာကို။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးဖော်ဆောင်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ကြိုးပမ်းနေချိန် အခုလို စစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် အသက်နဲ့ဘဝတွေ ဆုံးရှုံးနစ်နာခဲ့ရသူတွေ အတွက်လည်း တာဝန်ရှိသူတွေဘက်က တရားမျှတမှုရှိစေဖို့ အမှုမှန် ဖော်ထုတ်ပေးဖို့ ဒေါ်တင်တင်ညိုက တောင်းဆိုပါတယ်။

“အခုလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ သွားနေပေမဲ့ အခုလို အဓမ္မပြုကျင့်မှုတွေက တော်တော်လေးကို ဆိုးရွားတယ်ပေါ့နော်။ ဒါဟာ လုံးဝမဖြစ်သင့်ဘူး ဆိုတဲ့ဟာကို ကျမတို့မြင်တယ်။ လက်ရှိအနေအထားမှာ ကျမတို့တတွေက တဘက်နဲ့တဘက် အပြန်အလှန် ငြိမ်းချမ်းရေးစကားတွေ ပြောနေကြတယ်၊ အပစ်အခတ်ရပ်စဲမှုတွေ ပြောနေကြတယ်။ နောက်ပြီးတော့မှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ တပြိုင်နက်တည်းမှာ အခုလို အကြမ်းဖက်မှုတွေက ပိုပိုပြီးတော့မှ ဖြစ်လာတဲ့ အနေအထားပေါ့နော်။ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဟန့်အတားတွေ ဖြစ်စေတယ် ဆိုတာမျိုးကို ကျမတို့က ထောက်ပြချင်တာပေါ့။”

တာဝန်အရ ဆောင်ရွက်ချက်များ ဆိုတာတွေနဲ့ ပတ်သက်လို့ အပြစ်ပေး အရေးယူမှု မရှိစေရ ဆိုပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၄၊ ပုဒ်မ ၄၄၅ အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များအခန်းမှာ ပေးထားတဲ့ ကင်းလွတ်ခွင့်ကလည်း စစ်တပ်က တာဝန်ထမ်းဆောင်ချိန်အတွင်း ကျူးလွန်ခဲ့တဲ့ လိင်အကြမ်းဖက်မှုတွေအပေါ် တစုံတရာ အပြစ်ပေး မခံရအောင် အကာအကွယ်ပေးထားတဲ့ အနေအထားဖြစ်တယ်လို့ အမျိုးသမီးဖွံ့ဖြိုးရေး ဆောင်ရွက်နေသူ ဒေါ်စူဆန်နာလှလှစိုး ကလည်း ထောက်ပြဝေဖန်ပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာလည်း အမျိုးသမီးတွေရဲ့ အခွင့်အရေး အပြည့်အဝရစေဖို့၊ အနိုင်ကျင့်စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့၊ မျှတတဲ့ တရားရေးစီရင်မှုတွေ အပြည့်အဝ ရစေဖို့နဲ့ အမျိုးသမီးတွေအပေါ် အကာအကွယ်ပေးတဲ့ နည်းဥပဒေတွေ ထည့်သွင်း ရေးဆွဲပေးဖို့ကိုလည်း အမျိုးသမီးရေး လှုပ်ရှားသူတွေဘက်က အကြံပြုပြောဆိုထားပါတယ်။
XS
SM
MD
LG