သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း လိင်အကြမ်းဖက်မှုတွေ အရေးယူဖို့ ကုလ တိုက်တွန်း


မုဒိမ်းကျင့် အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
မုဒိမ်းကျင့် အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

မြန်မာ့တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကျယ်ကျယ်ပြန့် ပြန့် ဆက်ပြီး ဖြစ်နေတယ်လို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ တားဆီးနိုင်ဖို့ အတွက်နဲ့ ကျူးလွန်သူတွေကို တရားဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူဖို့ လည်း မြန်မာ အစိုးရကို ကုလအတွင်းရေးမှူးက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံ တွင်းက အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တားဆီးနိုင်ဖို့ အလားအလာတွေနဲ့ပတ်သက်ပြီး မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပဋိပက္ခ ဖြစ်ရပ်တွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်တာမှာတော့ ပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရဆဲ ဖြစ်တယ် လို့ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသတွေက ပဋိပက္ခဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ၊ အမျိုးသမီးတွေကို အတင်းအဓမ္မ လက်ထပ်ခိုင်းစေဖို့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေတာဟာဆိုရင် ၂၀၁၄ ခုနှစ် အစပိုင်းကတည်းက တိုးမြင့်လာတယ်လို့လည်း ကုလ အတွင်းရေးမှူးရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီလို တိုင်းရင်းဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ တိုးလာရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေသတွင်း ပဋိပက္ခတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေလည်း ပါဝင်ပါတယ်။မြန်မာ အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ၊ ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူတွေကို အကာအကွယ်ပေးဖို့နဲ့ ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတယ် လို့ စွပ်စွဲခံရတဲ့ လုံခြုံရေး တပ်သားတွေကိုလည်း တရားဥပဒေ အရ အရေးယူနိုင်ဖို့ ကိုလည်း ကုလ အတွင်းရေးမှူးက တိုက်တွန်းပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ အခု အစီရင်ခံစာ အပေါ် မြန်မာနိုင်ငံတွင်းက အမျိုးသမီး အရေး လှုပ်ရှားသူတွေကလည်း ထောက်ခံကြပါတယ်။ စစ်ရေး ပဋိပက္ခ ဖြစ်နေတဲ့ တိုင်းရင်းဒေသတွေမှာ လက်နက်ကိုင်တပ်တွေကို တရားဥပဒေ အရ ထိထိရောက်ရောက် ကိုင်တွယ်ဖို့က အရေးကြီးတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ မမေစပယ်ဖြူက ပြောပါတယ်။

"ဘာကြောင့်ဘဲ စစ်တိုက် စစ်တိုက် ဘယ်လို ရည်ရွယ်ချက်တွေဘဲ သူတို့မှာ ရှိရှိ အမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံဖို့ ဆိုရင် စစ်တပ်တွေဟာ အရပ်သားတွေ နေတဲ့ နေရာမှာလာပြီး တပ်ချတာတို့ တပ်စွဲတာတို့ မပြုလုပ်နိုင်မှဘဲ အဲဒါတွေကို ကျမတို့က ကာကွယ်နိုင်မလို ဖြစ်နေတယ်ပေါ့နော်။ ဘယ်လို ခေါ်မလဲ ကိုယ့်ရဲ့တပ်သားတွေပေါ့နော် အထူးသဖြင့် လက်နက်ကိုင်ထားတဲ့ ရဲ တို့ တပ်ကလူတွေရဲ့ အကြမ်းဖက်မှုတွေဟာ ဖြစ်ပွားလာတာ အခုမှတော့ မဟုတ်တော့ဘူး။ တော်တော်ကို ကြာနေပါပြီ။ ဖြစ်ပွားတဲ့ Case တွေကလည်း အများကြီးပါဘဲ။ အဲဒါတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးမှုတွေ အားနည်းတဲ့ အတွက်ကြောင့်မို့လို့လဲ ထပ်ထပ်ပြီးတော့ ဖြစ်နေတယ်လို့ ကျမတို့ကတော့ သုံးသပ်တယ်။ ပြစ်မှု ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။ အဲဒါတွေ အားနည်းတဲ့ အတွက်ကြောင့်မို့လို့လဲ ဒီလို ပြစ်မှုတွေ ထပ်ခါ ထပ်ခါ ဖြစ်နေတယ်လို့ ကျမတို့က သုံးသပ်တယ်။

တိုင်းရင်းဒေသတွေမှာမြန်မာ စစ်တပ်ဘက်က ကျူးလွန်မှုတွေ ရှိသလို တိုင်းရင်းသား လက်နက်ကိုင်တို့ဘက်ကလည်း အနည်းအကျဉ်း ရှိနိုင်တယ်လို့ မမေစပယ် ဖြူက ပြောပါတယ်။ ဒါပေမယ့် အများစုက မြန်မာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ ဖြစ်တယ်လို့လည်း မမေစပါယ်ဖြူက ထောက်ပြပါတယ်။

တချိန်တည်းမှာဘဲ မြန်မာ့ အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ ဗြိတိန် Burma Campaign UK က တော့ မြန်မာနိုင်ငံတွင်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ အပေါ် ကုလ သမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Burma Campaign UK က နမ့်ဇိုယာဖန်းက အခုလို ပြောပါတယ်။

" အခုလောလောဆယ်တော့ ကုလသမဂ္ဂ အနေနဲ့တော့ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး လုပ်လာဖို့ကတော့ ဘာမှတော့ ကျမတို့ မမြင်ရသေးဘူး။ သူတို့ အနေနဲ့က မြန်မာ အစိုးရ ကိုယ်တိုင်က စုံစမ်းပေးဖို့ အဓိက ထားပြီး တောင်းဆိုနေ တယ်။ ဒါပေမယ့် ကျမတို့ အနေနဲ့ကတော့ ဒီ UN ကနေ ဦးဆောင်ပြီးတော့ နိုင်ငံ တကာ ခေါင်းဆောင်တွေပေါ့နော် ဥပမာ UK အစိုးရရယ် European အစိုးရရယ် အစိုးရ အသီးသီးတွေ သူတို့အားလုံး ပူးပေါင်းပါဝင်ပြီးတော့ ဒီ စုံစမ်းစစ်ဆေးရေး တခု လုပ်ပေးဖို့ ကျမတို့က အဓိက ထားပြီးတာ့ Campaign လုပ်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ့ တိုင်းရင်းဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအပေါ် အစိုးရ အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ နှစ်စဉ်ဆိုသလို တိုက်တွန်းနေပေမယ့် ကုလ သမဂ္ဂဘက်က အရေးယူ လုပ်ဆောင်တာ မရှိသေးတဲ့ အကြောင်းလည်း Burma Campaign UK က ထောက်ပြပြောဆိုပါတယ်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ စစ်ရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာ့ တိုင်းရင်းဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ကြသူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေတွေ မရှိစေရေး အစိုးရ အနေနဲ့ သေချာအောင် အရေးယူ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကို ထည့်သွင်းဆွေးနွေးဖို့၊ ဒီလုပ်ငန်းစဉ် တလျှောက်လုံးမှာလည်းအမျိုးသမီးတွေ ထိထိရောက်ရောက်နဲ့ အစဉ်တစိုက် ပါဝင် လုပ်ဆောင်ခွင့်ရဖို့ကလည်း အရေးကြီးတယ်လို့လည်း ကုလ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG