သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် အဖွဲ့ပေါင်းစုံ စည်းဝေး


ရှမ်းပြည်နယ်မြေပုံ
ရှမ်းပြည်နယ်မြေပုံ

ပြည်တွင်း ရှမ်းနိုင်ငံရေးပါတီတွေ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရှမ်းလူမှု အဖွဲ့အစည်းတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ ရဲ့ နှစ်ပါတ်လည်တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းမြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ ရှမ်းပြည်ညီညွတ်ရေးတည်ဆောက်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးဖို့အတွက် မူဘောင်ရေးဆွဲဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ် လို့လည်း အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်ညီညွတ်ရေး တည်ဆောက်နိုင်ရေး အတွက် အခုတွေ့ဆုံပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်နဲ့ အခြေအနေကိုတော့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလျှောက်ပိန်ခမ်းက အခုလိုပြောပါတယ်။

" ရှမ်းပြည်မှာ နေထိုင်တဲ့ အမျိုးသား အားလုံးတွေ စည်းလုံးညီညွတ်ရေးပေါ့ အဲ့တာ နံပတ်တစ်ပေါ့။ နံပတ်နှစ်ကတော့ နိုင်ငံရေး ဆွေးနွေးဖို့ မူဘောင် စုပေါင်းရေးဆွဲဖို့၊ အဲ့နှစ်ခုပဲရှိတယ်။ ရှမ်းတွေရေးဆွဲတာကတော့ ဖက်ဒရယ်ပြည်ထောင်စု မူအနေနဲ့ သူတို့ ရေးဆွဲထားမယ်။ ဆွေးနွေးမှုဆိုတာ အဖွဲ့ပေါင်းစုံ ဆွေးနွေးပြီး ဘယ်လိုလုပ်နိုင်မလဲ ၊ ဘယ်လိုရေးနိုင်မလဲဆိုတဲ့ အကြောင်းပဲ။"

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေးမူဘောင် ရေးဆွဲဖို့ကိစ္စရပ်ကိုတော့ လာမယ့် (၆)လပါတ် အစည်းအဝေးမှာ ရေးဆွဲသွားမယ်လို့လည်း ဦးလျှောက်ပိန်ခမ်း ကပြောပါတယ်။

ပြီးခဲ့တဲ့ပြည်ထောင်စုနေ့တုန်းက တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကနေ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်ပြုချက် လက်မှတ်ရေးထိုးထားတဲ့အပေါ် ဝေဖန်မှုတွေရှိနေသလို ရှမ်းပြည်ညီညွတ်ရေးကော်မတီအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း သဘောတူမှသာ လက်မှတ်ရေးထိုးသင့်တယ်ဆိုပြီး အမြင်ရှိတယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ကိုယ်စားလှယ်တဦးကပြောပါတယ်။

ရှမ်းပြည်ညီညွတ်ရေး တည်ဆောက်နိုင်ရေးအတွက်နဲ့ ပတ်သက်ပြီး ကွဲပြားနေတဲ့ ရှမ်းအဖွဲ့အစည်းတွေအတွင်း မတူညီတဲ့ အမြင်သဘောထား နိုင်ငံရေးလမ်းစဉ် ကွဲလွဲချက်တွေကလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း ရှမ်းပြည်သူတွေ ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒ အတိုင်း တူညီတဲ့ ဘုံရည်မှန်းချက်တွေကို လက်တွဲ လုပ်ဆောင်ဖို့လိုတယ်လို့လည်း ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ တွဲဖက်အတွင်းရေးမှူး စိုင်းမောင်တင် ကပြောပါတယ်။

" အခုဆွေးနွေးတာကို ကျနော်တို့ အားပေးတယ်။ ရှမ်းပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးချင်တယ်ဆိုတာ ရှမ်းပြည်သူတွေရဲ့ ဆန္ဒကို ထောက်ရှု့ပြီးတော့မှ မတူညီတဲ့ဟာတွေကို ဘေးမှာ ခနထားပြီးမှ တူညီတဲ့ဟာတွေကို ကျနော်တို့ ဘယ်လိုလက်တွဲပြီး သွားမလဲဆိုတာနဲ့ ကျနော်ပြောတာ နှစ်ပါတီကိစ္စတင် မကဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေကိစ္စလည်း ဒီအတိုင်းပါပဲ။"

လက်ရှိမှာတော့ ရှမ်းပြည်နယ်ထဲမှာဆိုရင် ပြည်တွင်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ SNLDခေ ါ်ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျားဖြူပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဆိုပြီး အဓိကကျတဲ့ နိုင်ငံရေး ပါတီကြီး နှစ်ခုရှိပါတယ်။ ဒီပါတီနှစ်ခုလည်း ပေါင်းစည်းနိုင်ရေးအတွက် ရှမ်းပြည်သူတွေကနေ တွန်းအားပေးခဲ့ပေမဲ့ ပေါင်းစည်းနိုင်ခြင်း မရှိသေးပါဘူး။

အလားတူ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ထဲမှာလဲ တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် RCSS/SSA၊ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSA၊ ဦးလွယ်မောင်း ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရယ် NDAAESS မိုင်းလားတပ်ဖွဲ့ အစရှိတဲ့ လက်နက် ကိုင် တပ်ဖွဲ့တွေ မတူကွဲပြားစွာ ရပ်တည်နေပါတယ်။

အခုလိုမတူညီတဲ့ ရှမ်းအဖွဲ့အစည်းတွေကနေ ရှမ်းပြည်ညီညွတ်ရေး တည်ဆောက်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးကြတာဟာ ကောင်းတဲ့ လက္ခဏာ တခုလို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းအမျိုးသမီးအဖွဲ့က တာဝန်ရှိသူ တဦးဖြစ်တဲ့ ယိင်းဟန်ဖကအခုလိုပြောပါတယ်။

" ကျမတို့ ရှမ်းပြည်တခုလုံး ညီညွတ်ရေးကိုပေါ့နော် ကျမတို့မျှော်လင့်တယ်။ အနာဂတ်မှာ ပိုပြီး လုပ်ဆောင်နိုင်မယ်လို့။ ရှမ်းလူထုအခြေပြုအဖွဲ့ အနေနဲ့ ပြောရမယ်ဆိုရင် ကောင်းတဲ့လက္ခဏာလို့ ပြောရမှာပေါ့နော်။"

လက်ရှိ ရှမ်းပြည်နယ် အတွင်းမှာ မြန်မာတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ တအန်းပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ တို့နဲ့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီအနေနဲ့ အခုလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲကို ရပ်တန့်ဖို့ အမြင်ရှိတယ်လို့ ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလျှောက်ပိန်ခမ်းက အခုလိုပြောပါတယ်။

" ရှမ်းပြည်ညီညွတ်ရေးအဖွဲ့ အမြင်ကတော့ ငြိမ်းချမ်းရေးကို ပိုမိုအဆင်ပြေနိုင်ရန် အတွက် အဲ့ဒီ့စစ်ပွဲကို ရပ်တန့်စေချင်တာပေါ့။"

ဖေဖေါ်ဝါရီ ၂၅ နဲ့ ၂၇ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ရှမ်းပြည် ညီညွတ်ရေးကော်မတီ ရဲ့ နှစ်ပါတ်လည်တွေ့ဆုံဆွေးနွေးပွဲ ကို SNLDခေါ် ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦး စောသန်းမြင့် နဲ့ ဦးအောင်မြင့်ခိုင် မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒုတိယဗိုလ်ချုပ်ကြီးဆေထဲန်၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တက်ရောက်ခဲ့သလို တခြားလူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ရှမ်းပြည်ညီညွတ်ရေးကော်မတီကို ၂၀၁၃ခုနှစ်မှာ ဖွဲ့စည်းထားပါတယ်။

XS
SM
MD
LG