သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသစ် တိုင်းရင်းသားရေး ဦးစားပေးဖို့ မျှော်လင့်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်သို့ တက်ရောက်လာစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်သို့ တက်ရောက်လာစဉ်

ပြည်ထောင်စု အစိုးရသစ်ကို မကြာခင် ဖွဲ့စည်းတော့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို ဦးဆောင်မယ်ဆိုတဲ့ အပေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုပါတယ်။ အပြောင်းအလဲအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံက NLD ကို တခဲနက် ထောက်ခံခဲ့ကြတာဖြစ်ပြီး အပြောင်းအလဲအတွက် တခြား အနိုင်ရ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ အထူးသဖြင့် လက်နက်ကိုင် အရေး၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ရှမ်းပြည်နယ်တွင်း အခြေအနေတွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု အစိုးရသစ်ကို ဖွဲ့စည်းတော့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ရာထူးတွေကို ရယူမယ်လို့ ပြောဆိုထားတဲ့ အပေါ် ရှမ်းပြည်နယ်တွင်း လွှတ်တော်အမတ်နေရာ အတော်များများ ရယူထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ကြိုဆိုပါတယ်။ ဒါပေမယ့် တခြား အနိုင်ရ ပါတီတွေနဲ့ပါ ပူးပေါင်းဖို့ကိုလည်း တိုက်တွန်းတယ်လို့ SNLD ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

“ဒါ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်အရဆိုရင် သူတို့ မှန်တယ်ပေါ့နော်။ သူတို့ လုပ်ပုံ ကိုင်နည်းတွေ မှန်တယ်ပေါ့လို့ပြောရမှာပေါ့။ ဒါပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ ရူ့ထောင်ဘက်က ထည့်တွက်မယ်ဆိုရင်တော့ တခြားအနိုင်ရ တိုင်းရင်းသားပါတီတွေကိုတော့ သူတို့အနေနဲ့ participant လုပ်ဖို့ ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့တော့ လိုအပ်တာပေါ့နော်။”

NLD ပါတီဘက်ကလည်း အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုပိုင်းကို ပါတီက ရယူမှာ ဖြစ်ပြီး တခြား အနိုင်ရ ပါတီတွေနဲ့ အစိုးရ အဖွဲ့ကို ပူုးပေါင်းဖွဲ့စည်းမှာ ဖြစ်တယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။ အဓိက ကတော့ ရှမ်းပြည်နယ်မှာ လက်ရှိ တိုက်ပွဲတွေ၊ ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေ ရှိနေတဲ့အပြင် မူးယစ်ဆေးဝါး ပြဿနာကလည်း အင်မတန် ကိုင်တွယ်ရ အကဲဆတ်လိမ့်မယ်လို့လည်း SNLD ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

“ပထမဆုံး ကြီးကြီးမားမား သူတို့ရင်ဆိုင်ရမယ့် ပြဿနာ၊ သူတို့ကို စိန်ခေါ်မူအဖြစ် စောင့်စားနေတဲ့ ပြဿနာ ကတော့ တိုင်းရင်းသားပြဿနာ ပါပဲ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေလိုချင်နေတဲ့ တန်းတူညီမျှခွင့်နဲ့ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစရှိတဲ့ ကိစ္စတွေကို ဥပဒေတွေထဲက ပေးထားချက်တင်မကပဲနဲ့ နိုင်ငံရေးနည်းလမ်းအရပါ ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဖော်ဆောင်ပေးနိုင်မလဲ၊ လုပ်ပေးနိုင်မလဲ၊ လိုက်လျှောပေးနိုင်မလဲပေါ့နော်။ အဲဒါမှ မလုပ်ဘူးဆိုလို့ရှိရင် လက်နက်ကိုင် ပဋိပက္ခကို ထပ်ပြီး ကြုံရနိုင်တာပေါ့။ အဲဒါကြောင့်မို့လို့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပဲပြောပြော၊ တိုင်းရင်းသား သွေးစီးညီညွတ်ရေးလို့ပဲပြောပြော၊ အဲဒီကိစ္စကို ပထမဆုံး ကိုင်တွယ်သင့်တယ်။ နောက်တခါ မူးယစ်ဆေးဝါးပြဿနာ။ ဒီဟာကို ကူညီဖြေရှင်းခြင်းမပြုရင်တော့ ကျနော်တို့ အေးအေးငြိမ်းငြိမ်းနဲ့ နိုင်ငံတော်ကို ဦးဆောင်သွားနိုင်မယ့်ဟာ မဖြစ်နိုင်ဘူး။ ရှမ်းပြည်နယ်အရေးကို ကိုင်တွယ်သွားနိုင်ဖို့ဆိုတာလည်း မလွယ်လောက်ဘူးလို့မြင်တယ်။ နောက်ဆုံးတချက်ကတော့ တိုင်းရင်းသားတွေရဲ့ ပညာရေး ကိစ္စပါ။ တိုင်းရင်းသားတွေဖြစ်ချင်နေတဲ့ မိခင်ဘာသာစကားကို အခြေခံတဲ့ ပညာရေးကိစ္စကို မဖော်ဆောင်နိုင်ဘူးဆိုရင် ဒါဟာလည်းပဲ တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံတခုလုံးကို ဦးဆောင်တဲ့ ပါတီကို အမြင်စောင်းသွားနိုင်တာပေါ့နော်။ အဲဒါကြောင့် အဲဒီကိစ္စတွေကိုပဲ အရင်ဆုံး လုပ်စေချင်တယ်။ လုပ်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ။”

ရှမ်းပြည်နယ် အတွင်း လွှတ်တော်နေရာ အတော်များများ ရယူထားတဲ့ SNLD ပါတီ အနေနဲ့ကတော့ ပြည်နယ်တွင်း အပြောင်းအလဲ ဖော်ဆောင်မယ့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိပြီး အပြောင်းအလဲတွေ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် အရပ်သား အစိုးရသစ် လက်ထက်မှာ ရှမ်းပြည်တွင်းက တိုက်ပွဲတွေ ရပ်စဲမယ့် အလားအလာက မျှော်လင့်ချက် သိပ်မရှိဘူးလို့လည်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“ ဒါဟာ လူထုက တင်မြှောက်တဲ့ အစိုးရအဖွဲ့၊ လူထုက တင်မြှောက်တာဖြစ်လို့ရှိရင်တော့ ဘာမှပြောစရာမရှိဘူး။ ဒါပေမယ့် အစိုးရသစ်မို့လို့ ဘယ်သူပဲ တက်တက် ဒီ တပ်ရဲ့လုပ်ဆောင်ချက်တွေ၊ တပ်ရဲ့ဆောင်ရွက်မှုတွေကို ညှိနှိုင်းနိုင်မယ့် အစိုးရ မရှိဘူးဆိုရင်တော့ ကျနော်ထင်တာ တိုက်ပွဲကတော့ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်။”

တိုင်းရင်းသား အရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကတော့ တစိုက်မတ်မတ် ပြောဆို ထားတာပါ။ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ရှမ်းပြည်နယ်တွင်းမှာ အပစ်ရပ် RCSS/ SSA တပ်ဖွဲ့တွေနဲ့ အပစ်မရပ်ထားတဲ့ တအာင်း ပလောင်တပ်ဖွဲ့ TNLA တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရသလို ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း ရှမ်းပြည်နယ်တွင်းမှာ တပ်မဟာ ၆ ကို မကြာခင်က တိုးချဲ့ ဖွဲ့စည်းလိုက်တာပါ။ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ဘက်မှာလည်း စစ်ရေး မအေးတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာမို့ NLD အစိုးရသစ်က ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG