သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင် ရှမ်းဒုက္ခသည်တွေအရေး ကုလ စိုးရိမ်


ရှမ်းပြည်နယ်အလယ်ပိုင်းမှာ အခုရက်ပိုင်းအတွင်း မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေနေပေါ် လွန်စွာမှ စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီက တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။

အခြေအနေပေးလာတာနဲ့အမျှ စစ်ပြေးဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေကို ဝေငှပေးသွားဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်းလည်း နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်က ဗွီအိုအေကို ပြောဆိုပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပခဲ့ပြီး နောက်နေ့တွေကစလို့ NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရတပ်တွေက ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ဝမ်ခွေရွာ အနီးဒေသမှာ မြန်မာအစိုးရတပ်က SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်တွေကို မနေ့တုန်းက ထိုးစစ်ဆင်တဲ့အခြေနေကို SSPP/SSA တပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းလက အခုလို ပြောပါတယ်။

“အခု သူတို့ လေကြောင်းနဲ့ ပြန်လာတိုက်တယ်လေ အခုနော်။ မနေ့က အဲဒီတိုက်ပွဲနေရာကို ပြန်တိုက်တာ လွယ်ဖွေးတောင်ပေါ့နော်။ ဒီနေ့တော့ အဲဒီ ရဟတ်က ၄ စီးလေ။ ဂျက်က ၂ စီး အခုထက်ထိတော့ ကြားနေတုန်းပဲ။”

အလားတူပဲ ရှမ်းပြည်နယ် မိုးမိတ်မြို့ တော်ကွန့်ရွာနားမှာ TNLA တအာင်းပလောင်တပ်တွေနဲ့ အစိုးရတပ်တွေကြား မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲ အခြေနေကို TNLA တပ်ပြောခွင့်ရသူ ဗိုလ်ကြီး တာအိုက်ကျော်က ပြောပါတယ်။

“ကျနော်တို့ဘက်က တပ်ရင်း ၅၂၇ နဲ့ အစိုးရတပ်ဘက်က တပ်မ ၇၇ တို့ မိုးမိတ်မြို့နယ် တော်ကွန့်ကျေးရွာအနီးမှာ ဖြစ်တာခင်ဗျ။ ကျနော်တို့ရှိတဲ့ နေရာဘက်တွေကို သူတို့တွေက လိုက်ပြီးမှ တိုက်တယ်။ တမင်တကာ တိုက်ပွဲဖြစ်အောင် ဖန်တီးတယ်လို့ပဲ မြင်ပါတယ်။”

ခုလို တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရှမ်းပြည်နယ် မိုင်းရှုး မိုင်းနောင် ကျေးသီးနဲ့ အခြားရွာတွေက ဒေသခံ အနည်းဆုံး ၆ ထောင်ကျော် မိမိတို့ အိုးအိမ်ကိုစွန့်ပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ အဲဒီ စစ်ဘေးဒုက္ခသည်တွေအတွက် အင်မတန်မှ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီက တနင်္လာနေ့က ပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လက်ထောက်ပြောခွင့်ရ ပုဂ္ဂိုလ် Mr. Faren Haq ပြောတာက

“မကြာသေးမီက ရှမ်းပြည်နယ်အလယ်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး ဒေသခံ ၆ ထောင်လောက် အိုးအိမ်စွန့်ပြီး ဒုက္ခသည်အဖြစ် ထွက်ပြေးနေရ တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီအနေနဲ့ များစွာစိုးရိမ်မိပါတယ်။ အဲဒီ ဒုက္ခသည်တွေ စစ်ဘေးလုံခြုံနိုင်ဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို လက်ခံရရှိနိုင်ဖို့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရော ဒေသခံအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။”

“ကုလသမဂ္ဂနဲ့ သူ့နဲ့လက်တွဲဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေဖြစ်တဲ့ ရေ ၊ အစားအစာ ၊ အဝတ် အထည် ခြုံစောင် ဆေးနဲ့ ယာယီတဲအိမ်တွေကို ကူညီသွားဖို့ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ ကုလသမဂ္ဂအဖွဲ့တွေက ဒုက္ခသည်တွေရဲ့ ဆွေမျိုး အသိုင်းအဝိုင်းနဲ့ သွားရောက်တွေ့ဆုံပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အခြေနေတွေ ငြိမ်သက်လာတာနဲ့ ကူညီထောက်ပံ့ မှုတွေ အမြန်ဆုံးလုပ်သွားဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်”

မစ္စတာ Faren Haq ပြောသွားတာပါ။ ရှမ်းပြည်နယ်မှာ NLD ပါတီပြီးရင် အများဆုံးအနိုင်ရတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကတော့ စစ်ပွဲတွေရပ်ဆိုင်းနိုင်ဖို့ နည်းလမ်းရှာနေသလို၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီသွားနိုင်ရေး လုပ်ဆောင်နေတယ်လို့ SNLD ပါတီဒုဥက္ကဌ စိုင်းစောအောင်က ပြောပါတယ်။

“လူတွေက ဒီအချိန်မှာ ဒုက္ခရောက်နေတယ်။ နေ့တိုင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲ့ဒီ့တော့ ဒီစစ်ပွဲကို ရပ်ပြီးတော့မှ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းမှသာလျှင် ဒါက ငြိမ်းချမ်းရေးကို ရမယ်ဆိုတာကို ကျနော်တို့ တစိုက်မတ်မတ် ယုံလည်း ယုံကြည်တယ် အားလည်း အားထုတ်ပြီးမှ လုပ်နေတာ။ ဒီနေရာမှာ ဒုက္ခရောက်နေတဲ့သူတွေက နေရာအနှံ့မှာ ရောက်နေတော့ ကျနော်တို့ ပါတီအနေနဲ့က လူမှုအဖွဲ့အစည်းတွေကို တတ်နိုင်တဲ့ဘက်က အကူအညီပေးဖို့ တတ်နိုင်သလောက် ပါဝင်လှူဒါန်းဖို့ ဒါကို ကျနော်တို့နေ့စဉ်နဲ့အမျှ လံှု့ဆော်ပေးနေတာ ရှိပါတယ်။”

ရှမ်းဒေသမှာ အခုလို အစိုးရက စစ်ပွဲတွေဆင်နေရတာဟာ နယ်မြေမတည်ငြိမ်အောင်နဲ့ အာဏာလွှဲပြောင်းရေး ကြံ့ကြာအောင် အချိန်ဆွဲဖို့ ပြင်ဆင်လိုတဲ့သဘောလို့ SSPP/SSA တပ် ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက သုံးသပ်ပါတယ်။

“အဲဒီတိုက်ပွဲတွေက သူတို့ ကြိုတင် ပြင်ဆင်ပြီးတော့ အဲဒီ ရွေးကောက်ပွဲရလဒ် ရှုံးနိမ့်သွားတော့ တိုက်ပွဲတွေ ဖန်တီးတာပေါ့။ အဲဒီ နယ်မြေ မတည်ငြိမ်အောင် ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့က အဲဒီ အာဏာလွှဲပြောင်းပေးမှုမှာ အချိန်ကြာအောင် တုံ့ဆိုင်းနေအောင် အဲ့ဒါ ဖန်တီးနေသလားလို့ပဲ ကျနော်တို့ သုံးသပ်ရတာပေါ့နော်။”

ဒီအတောတွင်း ကချင်ပြည်နယ် မိုးညှင်းမြု့ိအနီးမှာလဲ အစိုးရတပ်တွေက ကချင် KIA တပ်တွေကို လေကြောင်းတပ်အကူနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုးစစ်ဆင်နေပါတယ်။

XS
SM
MD
LG