သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းဒုက္ခသည်တွေ ရွာမပြန်ရဲသေး


တရုတ်နယ်စပ်မှာ ရှမ်းဒုက္ခသည်တွေ (၃၁ သြဂုတ် ၂၀၀၉)
တရုတ်နယ်စပ်မှာ ရှမ်းဒုက္ခသည်တွေ (၃၁ သြဂုတ် ၂၀၀၉)
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ဘက်မှာ မြန်မာတပ်မတော်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန် လာဖို့ ဒေသခံ မြန်မာအာဏာပိုင်တွေကနေ ညွှန်ကြား ခဲ့တယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

နေရပ် ပြန် လာမယ့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေက အာမခံချက် ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပေမဲ့ လက်ရှိ တင်းမာနေဆဲဖြစ်တဲ့ စစ်ရေး အခြေအနေတွေကြောင့် ပြန်ဖို့ မဝံ့ရဲသေးဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ခဲ့ပါတယ်။

စစ်ရေး တင်းမာမှုကြောင့် တရုတ်နိုင်ငံ နောင်တောင်းမြို့ဘက်ကို တိမ်းရှောင်နေကြရတဲ့ ထောင်ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နမ့်ခမ်းမြို့နယ် မြန်မာအာဏာပိုင်တွေကနေ ဆွေးနွေးခဲ့ကြပါတယ်။ မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲကနေတဆင့် စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မြန်မာ အာဏာပိုင်တွေကနေ တိုက်တွန်းခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းအုန်းကျော် က ပြောပါတယ်။

“ကျွန်တော်တို့ မနက်ကတော့ ရွာသူရွာသားတွေ ပြန်လာနိုင်ဖို့ အဲ့ဒါ သွားဆွေးနွေးတာ။ G1 ကြီးလည်း လာတယ်။ နောက် ဌာနဆိုင်ရာတွေလည်း လာတယ်။ ဌာနဆိုင်ရာဆိုတာက ပြည်သူ့ရဲရယ်၊ လဝကရယ်၊ နောက် SB ရယ်ပေ့ါနော။ သူတို့ ရွာသူရွာသားတွေ အမြန်ပြန်လာနိုင်ရေး အဲ့ဒါ ဆွေးနွေးကြတာပါ။ ဆွေးနွေးပြီးတော့ အဲ့ဒါ သဘောတူညီမှု ရသွားပြီး ဗျူဟာမှူးကလည်း ဒီဘက်ကို ညွှန်ကြားတယ်။ လာလို့ ရပြီ ဒီနေ့ပေါ့။ ပထမဦးဆုံးတော့ ဆယ်အိမ်ခေါင်းနဲ့ ရွာအုပ်ချုပ်ရေးမှူးတွေ တရွာ (၅) ယောက် လက်ရှိ တာဝန်ရှိနေတဲ့ တပ်ရင်းမှူးတွေနဲ့ သွားတွေ့ပြီးတော့ လူချင်းရင်းနှီးပြီးမှ နက်ဖြန်ကြမှာပေါ့။ ဖြေးဖြေးတော့ ခေါ်လို့ရမယ်။”

စစ်ဘေးရှောင် ရွာသားတွေအနေနဲ့ စိုးရွံ့ထိတ်လန့်နေတဲ့ အခြေအနေမှာ ရှိနေတာကြောင့် နေရပ်ပြန်ဖို့ အချိန်ယူနေရဦးမယ်လို့လည်း ဒေါက်တာ စိုင်းအုန်းကျော် က ပြောပါတယ်။ မေလ (၉) ရက်နေ့တုန်းက တောင်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ နမ့်ခမ်းမြို့နယ်ထဲက (၇၀၁) တပ်စခန်းကို မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နောင်မကျေးရွာအုပ်စုက ကျေးရွာ (၁၉) ရွာက ထောင်နဲ့ချီတဲ့ ရွာသားတွေဟာ တရုတ်ပြည်ဘက်ကို စစ်ဘေးတိမ်းရှောင်ရင်း ဒုက္ခသည်အဖြစ် သောင်တင်နေကြရပါတယ်။

အခုဆိုရင် ဒီစစ်ပြေးဒုက္ခသည်တွေ နေထိုင်ဖို့အတွက် တရုတ်ပြည်သူ့စစ် အဖွဲ့တွေအပြင် တရုတ်ပြည် နောင်တောင်းမြို့မှာ နေထိုင်နေတဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေကနေ ယာယီနေထိုင်ဖို့ တဲတန်းလျားတွေ ဆောက်လုပ်ပေးနေပြီ ဖြစ်ပါတယ်။

စစ်ဘေးတိမ်းရှောင်တဲ့ ရွာသားတွေ နေရပ်ပြန်ဖို့ လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေကနေ အာမခံချက် ပေးထားတယ်လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းအုန်းကျော် က အခုလို ဆက်ပြောပါတယ်။

“သူတို့က အာမခံတယ်။ ဗျူဟာမှူးကလည်း အာမခံတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း အာမခံတယ်။ ပြန်လာပါ ဘာမှမလုပ်ပါဘူးပေါ့ နော။ ကျွန်တော်လည်း ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အာမခံတယ် လာပါပေါ့။ တခုခုဖြစ်ရင် ကျွန်တော့်ကို ချက်ချင်း အကြောင်းကြား။ ကျွန်တော်လည်း ဒီအောက်ခြေမှာ ညှိနှိုင်းလို့ မရလို့ရှိရင် ကျွန်တော် လွှတ်တော်အပိုင်းအနေနဲ့ရော၊ နောက်ပြီးတော့ ကာကွယ်ရေးအထိလည်း တင်ပြလို့ ရပါတယ်။ ဒါပေမဲ့ အောက်ခြေမှာ အရင်ညှိမှာပေါ့ဗျာ။ ပြေလည်သွားရင်လည်း အကောင်းဆုံးပေါ့။”

နေရပ်ပြန်ဖို့ အာဏာပိုင်တွေရဲ့ ခေါ်ဆိုမှုအပေါ်မှာတော့ စစ်ပြေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်လာဖို့ မဝံ့ရဲသေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း နန့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။

“ဆွေးနွေးပြီးတဲ့နောက်ပိုင်းကျတော့ ဟိုဘက် နောင်ဖိုင်းရွာမှာတော့ ယောကျာ်းတွေက တရုတ်ပြည်ဘက်ခြမ်းက မထွက်လာသေးဘူး။ မိန်းမတွေပဲ အိမ်ပြန်ခိုင်းလိုက်တယ်။ နေ့ခင်းပိုင်းကြတော့ လူတွေ အိမ်ပြန်လာပြီးတော့ အလုပ်လာလုပ်တယ်။ ညမှာတော့ တရုတ်ခြမ်းမှာ ပြန်ပြီးတော့ အိပ်ကြတယ်။ ဒီဘက်ခြမ်းမှာ မအိပ်ရဲဘူး။ နောင်မရွာမှာ (၇၀၁) တပ်ရင်းရှိတဲ့အတွက် လူက မလာရဲသေးဘူး အခုထိ တိတ်ဆိတ်နေတုန်းပဲ။”

ဒါ့အပြင် လက်ရှိ နမ့်ခမ်းမြို့တွင်းမှာလည်း ပစ်ခတ်မှုတွေ ရှိနေဆဲလို့လည်း အဆိုပါ ဒေသခံကပဲ ဆက်ပြောပါတယ်။

“မနေ့ကတော့ ဗုံးပေါက်တယ်။ သေနတ်ပစ်တယ်။ နမ့်ခမ်းမှာပဲ။ နမ့်ခမ်း ပရိယတ္တိ စာသင်တိုက်အောက်မှာ။ ရဲတွေ ဆောက်ထားတဲ့နေရာ ကွမ်းယာဆိုင်မှာပေါ့။ အဲ့ဒီမှာ ပစ်တယ်။ ပြီးတော့ ပိုက်လိုင်းထားတဲ့နေရာ။ ပိုက်လိုင်းကားတွေ တူးတဲ့နေရာ။ ဘုန်းကြီးကျောင်းမှာ အဲ့ဒီမှာ တစ်နေရာပစ်တယ်။ အဲ့ဒီပိုက်လိုင်းနေရာမှာတော့ အရပ်သား (၄) ယောက် ဒဏ်ရာရတယ်။ နှစ်ယောက်သေတယ်။ ဒီရဲနှစ်ယောက် သေတာကျတော့ သတင်းပေးမထွက်ဘူးခင်ဗျ။ ဘယ်သူ့လက်ချက်လဲ အခု ဘာမှမသိရသေးဘူး။”

ရှမ်းပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်တို့ စစ်ရေး တင်းမာနေတဲ့ အခြေအနေမှာပဲ စစ်ရေးအရှိန် လျော့ဖို့အတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့တွေနဲ့ RCSS ခေါင်းဆောင်တို့ဟာ မနေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချတာမျိုးမရှိဘဲ အကြိုသဘော ဆွေးနွေးမှု ဖြစ်တယ်လို့လည်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောခဲ့ပါတယ်။

အခုလို နှစ်ဘက် ဆွေးနွေးမှု လုပ်ဆောင်နေတဲ့ အနေအထားမှာပဲ နမ့်ခမ်းမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း RCSS ရဲ့ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆိုင်မိန်း က ပြောပါတယ်။

“မနေ့ကတော့ ကြိုကြားကြိုကြားမျိုးတော့ သေနတ်တွေ ပစ်သံ ကြားနေရတယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ အစီရင်ခံစာ တင်လာတာတော့ မရှိသေးဘူးပေါ့နော်။ ထပ်ပြီးတော့ ဖြစ်တဲ့တိုက်ပွဲ။”

အခုလို မရေရာသေးတဲ့ ဆွေးနွေးမှု အနေအထားကြောင့် စစ်ပြေးဒုက္ခသည်တွေအနေနဲ့ ဒေသတွင်း လုံခြုံရေးကို စိုးရိမ်နေရသလို နေရပ်ကို အပြီးပြန်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း စစ်ပြေးဒုက္ခသည်တွေက ပြောပါတယ်။
XS
SM
MD
LG