သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်ဖို့ ရှမ်းပါတီတွေ စတင်ပြင်ဆင်


SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလံ။
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလံ။

လာမဲ့ နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှမ်းနိုင်ငံရေးပါတီတွေကနေ ကြိုတင်ပြင်ဆင်နေကြပါတယ်။ ရှမ်းနိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲအလွန် လွှတ်တော်ထဲကနေ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး အပြင် ပြည်နယ်အစိုးရဖွဲ့နိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရှမ်းပြည်နယ်တခုလုံးနဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်းဒေသကြီးတွေမှာ ကိုယ်စားလှယ်ပေါင်း (၁၆ဝ) ကျော် ဝင် ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။ SNLD အနေနဲ့ကတော့ လွှတ်တော်အတွင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထားလုပ်ဆောင်သွားမယ် လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစိုင်းလိတ်က အခုလိုပြောပါတယ်။

“ကျနော်တို့ရဲ့အဓိကရည်မှန်းချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေသွားပြီးတော့ ပြင်ဆင်ဖို့ပေါ့နော်၊ ၂၀၁၆ မှာ တွေ့ဆုံမယ်လို့ ပြောထားတဲ့နိုင်ငံရေးဆွေးနွေးပွဲပေါ့။ အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတရပ် ကျင်းပတဲ့အခါမှာ လွှတ်တော်ကို ကိုယ်စားပြုမယ့်၊ နိုင်ငံရေးပါတီကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်များဟာ ဒီမိုကရက်တစ်အင်အားစုတွေ အများဆုံးပါဝင်ဖို့ လိုအပ်တယ်။ ဒါမှသာလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကျနော်တို့ တွန်းအားပေးနိုင်မယ်။”

SNLD အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့အားသန်ပြီး စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်ရွယ်ချက်ချင်းတူတဲ့ နိုင်ငံရေးပါတီတွေနဲ့ လက်တွဲညှိနှိုင်းသွားမယ်လို့လည်း စိုင်းလိတ်ကပြောပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲဝင် ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အနေနဲ့ကလည်း အထွေထွေရွေး ကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း ၄၃ မြို့နယ်အပြင် ကချင်ပြည်နယ် ၉ မြို့နယ်၊ စစ်ကိုင်းတိုင်း ၅ မြို့နယ်၊ မန္တလေးတိုင်း ၃ မြို့နယ်နဲ့ ကယား ပြည်နယ် ၅ မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေကို စိစစ်နေဆဲ ဖြစ်ပါတယ်။

ကျားဖြူပါတီကနေချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာပေါ်လစီကိုတော့ လွှတ်တော် ကိုယ်စားလှယ် နန်းဝါနုက အခုလိုပြော ပါတယ်။

“နံပါတ်(၁) ပေါ်လစီက ရှမ်းပြည်နယ်အစိုးရဖြစ်ရေးပေါ့နော်၊ နံပါတ် (၂) ဆိုလို့ရှိရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးပေါ့။ နံပါတ် (၃) ကတော့ ပြည်နယ် ပြည်ထောင်စု အဆင့်မှာပဲ နေရာရရှိရေးပေါ့။ အဲလိုမျိုးတွေတော့ ပေါ်လစီတွေတော့ ရှိတယ်လေ။”

၂၀၁၀ ရွေးကောက်ပွဲမှာ ကျားဖြူပါတီဟာကိုယ်စားလှယ်နေရာ (၅၇) ဦးရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီပြီးရင် ဒုတိယအများဆုံး အနိုင်ရထားပါတယ်။ ကျားဖြူပါတီအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးအတွက် တခြားတိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်အတွင်းမှာ ကြိုးပမ်းနေပေမဲ့ အခွင့်မသာခဲ့ဘူးလို့လည်း နန်းဝါနုက ပြောပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကာလမှာလည်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲ အတွက် ခက်ခဲတဲ့အခြေအနေမှာ ရှိနေဦး မယ်လို့လည်း နန်းဝါနုက အခုလိုသုံးသပ်ထားပါတယ်။

“ Military ပါဝါပေါ့၊ ဒါကတော့ တော်တော်လေးကို ကြီးမားနေတယ်ပေါ့နော်။ နောက်ပြီးရင် ပြည်ခိုင်ဖြိုးရဲ့ပါဝါကလည်း ကြီးမားနေတယ်။ ဒီပါဝါနှစ်ခုက တော်တော်လေး ကြီးမားနေသေးတဲ့အတွက်ကြောင့် ကျမတို့က အပြောင်းအလဲကိုတော့ အချိန်တော့ စောင့်ရမယ်။ နောက်ပြီးလို့ရှိရင် ကျမတို့က အားလုံးပူးပေါင်းပြီးတော့ ဆောင်ရွက်မှ ရမယ်ဆိုတဲ့အနေအထားလေးတော့ ရှိတယ်ရှင့်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲအနေအထားတော့ နည်းနည်း ခက်ခဲ့မယ့်အပိုင်းလေးတော့ ရှိနိုင်တဲ့အနေအထားလေး ရှိပါတယ်။”

တခြား နိုင်ငံရေးပါတီတခုဖြစ်တဲ့ရှမ်းနီ (တိုင်းလိုင်) နဲ့ မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ ကတော့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောဝင်းထွန်းက အခုလိုပြောပါတယ်။

“ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်ထဲကို ရာခိုင်နှုန်းများများရောက်လာရင် ပေါ့နော်၊ ဒီ- ဒီမိုကရေစီအင်အားစုများရဲ့စုပေါင်းအင်အားနဲ့ တပ်မတော်က သဘောမတူသော်ငြားလည်း အထိုက်အလျှောက်တခုတော့ အခု လက်ရှိ အခြေအနေထက် ပိုပြီးမှတွန်းအားပေးနိုင်မယ်၊ ဒီထက်ပိုပြီးမှ ထိရောက်တဲ့ဖြေရှင်းမှုတွေကို လုပ်နိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်ဗျ။”

မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီအနေနဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ကိုယ်စားလှယ် နေရာပေါင်း (၃ဝ) ကျော် ဝင်ရောက် အရွေးခံသွားမှာဖြစ်ပါတယ်။

လက်ရှိရှမ်းပြည်နယ်မှာ အင်အားကြီးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း တပြည်လုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်အရွေးခံသွားမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပြင် သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ အခါ၊ ပအိုဝ်း၊ လားဟူ၊ ဝ၊ ပလောင်၊ ကိုးကန့် အစရှိတဲ့ နိုင်ငံရေးပါတီတွေ ကလည်း လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

XS
SM
MD
LG