သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘိုငလျင်ကြောင့် စဉ့်အိုးလုပ်ငန်းတွေ ဆုံးရှုံးမှုကြီးမား


မြန်မာနိုင်ငံမှာ အကြီးဆုံးစဉ့်အိုးကြီးတွေ ထုတ်လုပ်တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ နယ်ခွဲ အတွင်းက အိုးလုပ်ငန်းဟာ တနင်္ဂနွေနေ့က လှုပ်ခတ်သွားခဲ့ တဲ့ ရွှေဘိုငလျင်ကြောင့် ခန့်မှန်းခြေအားဖြင့် ကျပ်သိန်းပေါင်းများစွာ ထိခိုက် ပျက်စီး သွားခဲ့ရပါတယ်။ စဉ့်အိုးဖုတ်လုပ်ငန်း အဓိကလုပ်ကိုင်တဲ့ နွယ်ငြိမ်း၊ မလား၊ ရွှေခွန်၊ ရွှေတိုက်ကျေးရွာတွေက အိုးဖုတ်တဲ့ အကြီးစားဖိုကြီး ၇၀ လောက်ဟာ အားလုံးနီးပါးပျက်ဆီးခဲ့တာဖြစ်ပြီး ဒီလိုငန်းပြန်လည် နာလံထူဖို့ ဆိုရင် ၆ လလောက် အချိန်ယူပြီးပြန်လည်တည်ဆောက်ရမှာဖြစ်တယ်လို့ ဒေသခံ အိုးလုပ်ငန်းရှင်တွေ က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကျောက်မြောင်းမြို့နယ်က ပိဿာချိန် ၅၀ ဝင်ကနေ ၁၅၀ ဝင် စဉ့်အိုးကြီးတွေ အဓိက ထုတ်လုပ် တဲ့ ဒေသဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာပြည်နေရာအနှံကို စဉ့်အိုးကြီးတွေနဲ့ စဉ့်ပစ္စည်းတွေကို တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။

ဒီဒေသထွက် စဉ့်အိုးနဲ့စဉ့်ထည်ပစ္စည်းတွေဟာ အရွယ်အစားကြီးမားတာ၊ ခိုင်ခံ့တာကြောင့် ထင်ရှား သလို အိုးလုပ်ငန်းကို နှစ်ပေါင်းနှစ်ရာလောက် အစဉ်အဆက်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေဘိုမြို့မြောက်ဖက် ၄၅ မိုင်အကွာမှာ ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာ ၆.၈ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ချိန်မှာ ကျောက်မြောင်းဒေသက စဉ့်အိုးလုပ်ငန်းဟာ အားလုံးနီး ပါးလောက် ပျက်စီးခဲ့ရပါတယ်။

“အိုးလုပ်ငန်းကတော့ အားလုံးနီးပါး ပျက်စီးသွားတယ်ဗျ။ ဒီတနယ်လုံးမှာရှိတဲ့ ဖိုအားလုံးနီးပါး ပျက်စီးသွားတာ ပေါ့။ ခန့်မှန်းခြေ ကျနော့်အထင်ပေါ့နော် ခန့်မှန်းခြေ သိန်း တသောင်း ဝန်းကျင်လောက်တော့ ပျက်စီးမယ် ထင်တယ်။”

ကျောက်မြောင်းမြို့နယ်က စဉ့်အိုးလုပ်ငန်းရှင်တယောက်ပြောသွားတာဖြစ်ပါတယ်။
ကျောက်မြောင်းမြို့နယ်အတွင်းမှာ စဉ့်အိုးဖုတ်တဲ့ ဖိုကြီးပေါင်း ၇၀ လောက် ရှိတာဖြစ်ပါတယ်။ အခု ပျက်စီးဆုံးရှုံးတဲ့အထဲမှာ အိုးဖုတ်တဲ့ဖိုကြီးတွေ ပျက်ဆီးတာအပြင် အိုးလုပ်တဲ့ အလုပ်ရုံတွေ၊ တခြားဒေသကို တင်ပို့မယ့် စဉ့်အိုး၊ ပန်းအိုးစတဲ့ စဉ်ထည်ပစ္စည်းတွေနဲ့ မဖုတ်ရသေးတဲ့ အိုးတွေလည်း ပျက်စီး သွားတာ ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ဖိုတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ လုပ်ငန်းပြန်လည် လည်ပတ်ဖို့ဆိုရင် အနည်းဆုံး ၆ လ လောက် အထိ ပြင်ဆင်ဖို့ လိုမယ်လို့လည်း သူက ပြောပါတယ်။

“စဉ့်အိုးဖို တလုံးတလုံး လုပ်ရတာက တလနီးပါးလောက်ကြာတယ်ဗျ။ ကျနောတို့ဆီမှာ စဉ့်အိုးဖိုလုပ်တဲ့ ပညာရှင်က ၃ ယောက်ပဲ ရှိတယ်ဗျ။ စဉ့်အိုးဖိုတည်တဲ့ အုတ်တွေက သိပ်မရှိသေးဘူးခင်ဗျ။ အဲတော့ ဒီစဉ့်အိုးဖို တွေကို အားချင်းတည်ဆောက်ပြီးတော့မှ ကျန်တဲ့ process တွေက လုပ်လို့ ရတော့မှာ။ ပညာရှင်က ၃ ယောက်တည်း ရှိတယ်။ စဉ့်အိုးဖိုတဖိုတဖိုရဲ့ ကြာချိန်က တလနီးပါးလောက် ရှိတယ် ဆိုတော့ ကျနော်တို့ဆီမှာ စဉ့်အိုးဖိုက ၆၀ ကျော် ၇၀ လောက်ရှိတယ်။

အားလုံးပေါ့နော်။ နွယ်ငြိမ်း၊ ရွှေခွန်၊ ရွှေတိုက်၊ မလားအထိက။ အဲတော့ အဲဒီဟာတွေ ပြင်ဆင်ရမယ့် အချိန် အနည်းဆုံး ၆ လလောက်တော့ ရှိလိမ့်မယ်ထင်တယ်ဗျ။”

စဉ့်အိုးဖိုတည်ဆောက်ရာမှာ အသုံးပြုတဲ့အုတ်က သာမန်လူနေအိမ်ဆောက်တဲ့ အုတ်မတူဘဲ အိုးဖို အတွက် အမိုးခုံး တည်ဆောက်ရာမှာ တဖက်ချွန်း တဖက်ကားအုတ်နဲ့ ဘေးအဝိုက်တွေကိုတော့ တဖက်ထူ တဖက်ပါး အုတ် တည်ဆောက်ရတာဖြစ်တဲ့အတွက် အုတ်အလုံအလောက် ရရှိဖို့လည်း အခက်အခဲ ရှိနေတာဖြစ်ပါတယ်။

ကျောက်မြောင်းက အခြားစဉ့်အိုးလုပ်ငန်းရှင်တယောက်ကတော့ သူတယောက်တည်းတင် အနည်းဆုံး သိန်း ၁၀၀ ဖိုးလောက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

“ကျောက်မြောင်းမှာရှိတဲ့ လုပ်ငန်းရှင်မှန်သမျှ စဉ့်အိုးလုပ်တဲ့သူမှန်သမျှ အကုန်လုံး ထိခိုက်တယ်ဗျ။ အလုပ်ရုံ ထဲမှာ ထည့်ထားတဲ့ စဉ့်အိုးတွေဆိုရင် အကုန်လုံးနီးပါးပျက်ဆီးတယ်။ ကျနော်ဆိုရင် အနည်း ဆုံးပေါ့ ပြန်ပြုပြင် စရိတ်မပါဘဲနဲ့ ပျက်စီးသွားမယ်ဆိုရင် သိန်း ၁၀၀ ဖိုး အောက်ခံလောက်တော့ အနည်းဆုံးပဲပေါ့။ ပြန်ပြီးတော့ ပြုပြင်ရမယ့်ဟာတွေ မပါသေးဘူး။ ပြန်ပြီးသန့်ရှင်းရမယ့် စရိတ်တွေ မပါသေးဘူး။ နောက်လုပ်ငန်း ပြန်လည် ပတ်ရမယ့် အရင်းအနှီးတွေ မပါသေးဘူးပေါ့။ အခုလောလောဆယ် ခန့်မှန်းလို့ရတာပေါ့။ တကယ် တွက်ကြည့် လိုက်ရင်တော့ မကဘူးပေါ့။”

ကျောက်မြောင်းမြို့နယ်အတွင်းက အိုးအဓိက ထုတ်လုပ်တဲ့ နွယ်ငြိမ်း၊ ရွှေခွန်၊ ရွှေတိုက်၊ မလား စတဲ့ ကျေးရွာတွေမှာ အိုးလုပ်ငန်းနဲ့ အသက်မွေးသူ ၆၀၀ ကျော်ရှိပြီး လုပ်ငန်းပြန်လည် မစတင်နိုင်မီ အချိန်ထိ သူတို့ တခြား အလုပ်အကိုင်တွေကို ပြောင်းရွှေ့မသွားအောင်အတွက် ထိန်းသိမ်းထားဖို့ ဟာလည်း အခက်အခဲတခု ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ စဉ့်အိုးလုပ်ငန်းရှင်တွေဟာ ပျက်ဆီးသွားတာတွေကို ပြန်လည်သန့်ရှင်းနေကြပြီး လုပ်ငန်းပြန်လည် နလံထူဖို့ ဆောင်ရွက်နေကြပါ တယ်။ ဒီအခြေအနေမှာ အစိုးရဘက်က တစုံတရာ ထောက်ပံ့မှုပေးမယ်ဆိုရင်တော့ လုပ်ငန်း လည်ပတ်မှုမြန်ဆန်လာနိုင်ဖွယ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“အစိုးရဘက်က ကူညီပံ့ပိုးမှုဆိုတာကတော့ စောစောပိုင်းတုံးက ချေးငွေတွေဘာတွေ ထုတ်ပေးတယ် ဆိုရင် လည်း ကျနော်တို့ဖက်ကတော့ လုပ်ငန်းရှင်တွေနဲ့ ဒေသအပေါ်တော့ ပိုအဆင်ပြေ တာပေါ့နော်။ နိုင်ငံတော်ဘက်က ချေးငွေတွေ ဘာတွေ ထုတ်ချေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ဗျာ။ ပြန်လည်လုပ်ရတာ လုပ်ငန်းတွေမှာတော့ အားလုံးအဆင်ပြေနိုင်တာပေါ့။ ဒေသခံလူတွေရော ဘာတွေရော။”

တနင်္ဂနွေနေ့က ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဟာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက ငလျင်ဘေးသင့်တဲ့ ပြည်သူတွေကို သွားရောက်တွေ့ဆုံ အားပေးပြီး ကူညီထောက်ပံ့ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
ဒီ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာတော့ ဒေသအတွင်းမှာ ငလျင်ငယ်လေးတွေ အကြိမ်ကြိမ် ထပ်မံ လှုပ်ခတ် နေခဲ့ပြီး ဒီကနေ့မနက် ၈ နာရီ ၂၃ မိနစ်အချိန်လောက်ကလည်း နေပြည်တော် တောင်ဖက် ၃၅ မိုင်အကွာ၊ ဆွာမြို့အနောက်ဖက် ၁၄ မိုင်အကွာမှာ ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၈ ပြင်းအားရှိတဲ့ ငလျင်ငယ်တကြိမ် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG