သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်းရဲ့ တရုတ်ခရီးစဉ် အပေါ် အမြင်တချို့


ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်နေပါတယ်။တရုတ်မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး မတည်မငြိမ် ဖြစ်နေချိန်မှာ မြန်မာ ခေါင်းဆောင်တဦးရဲ့ တရုတ်နိုင်ငံ ၅ ရက်ကြာ ခရီးစဉ်နဲ့ ပါတ်သက်ပြီး တရုတ်နိုင်ငံ ကူမင်းက မြန်မာ့အရေး သုံးသပ်သူ ဒေါ်လှကျော်ဇောကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စတင်ပြောပါတယ်။

“ဒါကတော့ သူတို့ ထည့်သွင်းဆွေးနွေးမယ့် အကြောင်းအရာဖြစ်မယ် ထင်တယ်။ အင်ဒိုနီးရှား ဘန်ဒေါင်းမှာ တရုတ်သမ္မတ ရှှီကျင့်ပင်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့တဲ့အခါမှာလည်း တရုတ်သမ္မတက မြန်မာသမ္မတ ဦးသိန်းစိန်ကို ပြောတဲ့ထဲမှာ ကိုးကန့်ကိစ္စ ရယ်လို့ အတိအကျ မပြောပေမယ့် အရှေ့မြောက်ဘက်မှာ ဖြစ်နေတဲ့ ပဋိပက္ခများကို နိုင်ငံရေးအရ အမြန်ဆုံး ဖြေရှင်းဖို့ ကျိုးစားသင့်တယ်လို့ ပြောသွားတာပါ။ အဲဒီတော့ ဒီကိစ္စက တော့ ပြောမှာပါ။

မေး - တရုတ်မြန်မာ နယ်စပ်မှာ အခြေနေတွေ တင်းမာနေတဲ့ အချိန်မှာ သူရဦးရွှေမန်းတို့ရဲ့ ခရီးစဉ် ဖြစ်လာတဲ့ အနေထားမှာ တရုတ်ပြည်ခရီးစဉ်ပေါ့နော်၊ ဒီခရီးစဉ်က ဘယ်လောက်အထိ ထူးခြား မှုရှိနေတယ် ဆိုတာ ဒေါက်တာလှကျော်ဇော ဘယ်လို သုံးသပ်ပါလဲရှင့်

ဖြေ - အခု ဦးသိန်းစိန်အစိုးရအနေနဲ့ သူတို့ ဒီမိုကရေစီပြောင်းလဲရေး ဆိုတာက လူတိုင်းလည်း သိပါတယ်။ ဒါက အပေါ်ယံကျော လုပ်နေတာဖြစ်တယ်။ အဲတော့ တရုတ်ပြည်ကို သူတို့ လာပြီး လေ့လာတယ် ဆိုတာ ဗိုလ်ချုပ်နေဝင်းခေတ်ထဲက လာလေ့လာနေ တာပဲ ။ ဘာမှ ထူးခြား မလာပါဘူး။ သူတို့ရဲ့ အခြေခံ စိတ်နေစိတ်ထား မပြောင်းလဲသရွေးတော့ဘာမှသိပ်ထူးခြားစရာ အကြောင်းမရှိဘူး။ ဟန်ပြအဖြစ်နဲ့ပဲ လာနေမှာပဲ။ သူတို့ တရုတ်ပြည်ကလည်း ဒီတနိုင်ငံထဲ ဆက်ဆံတာ မဟုတ်ဘူး။ နိုင်ငံပေါင်းစုံနဲ့ ဆက်ဆံနေတော့ သူ့ဘက်ကတော့ ဆက်ဆံနေမှာပဲ။ အဲတော့ ကျမတို့ဘက်ကတော့ မြန်မာပြည်ဘက်ကတော့ ထူးထူးခြားခြား ရလာဒ် ရစရာ အကြောင်း မရှိဘူးလို့ ထင်ပါတယ်။

မေး- အဲတော့ လက်ရှိ တရုတ်မြန်မာ နယ်စပ်အရေးနဲ့ ပါတ်သက်ပြီးတော့ ၂ နိုင်ငံအစိုးရ သဘောထား ပေါ့နော် အထူးသဖြင့် ဒီ တရုတ်အစိုးရရဲ့ သဘောထားက တင်းမာနေတယ်လို့ ပြောလို့ ရမလား

ဖြေ - တရုတ်က ပြောပြီးသားပဲ နယ်နိမိတ် ပြဿနာ အားလုံးကို ငြိမ်းချမ်းစွာပဲ ဖြေရှင်းချင်တယ်လို့ ပြောပြီးသား။ တင်းမာရတာကလည်း မြန်မာပြည်က ပထမ အကြီးအကျယ် ငြင်းနေတာလေ။ သူတို့ ဗုံးကြောင့် မဟုတ်ပါဘူးလို့ အတင်း ငြင်းနေလို့သာ တရုတ်က နဲနဲ ဘယ်လိုခေါ်မလဲ တင်းတင်းမာမာ ဆက်ဆံခဲ့တာ အခုဗမာပြည်က တောင်းပန် လိုက်တယ်ဆိုတော့ သူတို့လည်း ကျေလည်သွားတာပဲလေ။ ပြည်သူလူထုက မကျေမနပ်ဖြစ်နေ တာတောင် အစိုးရက ဝင်ပြီး ဖြောင်းဖြောင်း ဖျဖျ ပြောနေတာ တွေ့နေရတာပဲ။ အဲတော့ သူတို့ ပြည်တွင်း ပဋိပက္ခကတော့ ရှိတာပေါ့။ နယ်နိမိတ်မှာ ရှိတဲ့ ဒဏ်ခံရတဲ့သူတွေကတော့ ဘယ်လိုခေါ်မလဲ သူတို့ အစိုးရ လုပ်ပုံကိုင်ပုံ မသေသပ်လို့ မတိကျလို့ မတင်းမာလို့ ဒီလောက်ဖြစ်ရတယ်လို့ သူတို့ အစိုးရကို ပြန်ပြီး တော့ မကျေမနပ် ဖြစ်နေတာ ရှိတယ်။

မေး - အခု သူရဦးရွှေမန်းက တရုတ်နိုင်ငံ ခရီးစဉ် ပြီးပြီးချင်းမှာ အမေရိကန် နိုင်ငံကို သွားမယ် ဆိုတော့ တရုတ်အစိုးရရဲ့ သဘောထားပေါ့နော်၊ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး နီးစပ်လာတဲ့ အပေါ်မှာ တရုတ်က ပိုပြီး စိုးရိမ်နေတဲ့ အနေအထားတွေများ ဖြစ်လာ နိုင်မလားရှင့်

ဖြေ - အဲ ကျမတော့ မထင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ တရုတ်ကိုယ်တိုင်က အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင် ဟိုးတုန်းကတည်းက နအဖ ခေတ်ကတည်းက အနောက်နိုင်ငံက ဒဏ်ခတ်နေစဉ် ကတည်းက တရုတ်က အမေရိကန်နဲ့ ဗမာအစိုးရ ဆက်ဆံရေး ကောင်းဖို့အတွက် အများကြီး ကျိုးစားပေးခဲ့တာဖြစ်တယ်။ သူကိုယ်တိုင်လည်း အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင် ကျိုးစားနေတာဖြစ်တယ်။ အဲဒါကြောင့်မို့ ကျမတော့ မထင်ဘူး။”

မြန်မာ့အရေးသုံးသပ်သူ ဒေါ်လှကျော်ဇောပါ။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဦး ဆောင်ပြီး ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင် လွှတ်တော်အမတ်တွေ ပါဝင်တဲ့အဖွဲ့ဟာ လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေနဲ့ လာမယ့် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို ဆွေးနွေးနိုင်ဖွယ်ရှိတယ် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက VOA ကိုပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တွေတုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို တရားဝင် ခရီးစဉ်တွေ သွားရောက်ခဲ့သလို၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုရေးပါတီတို့ကြား ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ သူရ ဦးရွှေမန်းအနေနဲ့ ဒီလ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံကနေ ပြန်လည်ထွက်ခွာပြီး အမေရိကန် ပြည်ထောင်စုကိုဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG