သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ မျှော်မှန်း


Carnegie Endowment for Internatioanl Peace အဖွဲ့က ကမကထပြုကျင်းပသည့် မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲတွင် တွေ့ရသည့် သူရဦးရွှေမန်း။ မေ ၁၊ ၂၀၁၅။
Carnegie Endowment for Internatioanl Peace အဖွဲ့က ကမကထပြုကျင်းပသည့် မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲတွင် တွေ့ရသည့် သူရဦးရွှေမန်း။ မေ ၁၊ ၂၀၁၅။

ရွေးကောက်ပွဲအပြီး နောက်တက်လာမယ့် အစိုးရသစ်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရွေးချယ်မယ်ဆိုရင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့အကြောင်း ဝါရှင်တန်မြို့တော်ကို ရောက်လာတဲ့ ပြည်ထောင်စု လွှတ်တော်နာယကလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက ပြောဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြန်စတာနဲ့ ဆက်လက် ဆောင်ရွက်မှာဖြစ်တဲ့အကြောင်းလည်း ဒီကနေ့ ဝါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မူဝါဒရေးရာတွေကို လေ့လာသုတေသနပြုနေတဲ့ Carnegie Endowment for International Peace အဖွဲ့က ပူးတွဲ ကမကထလုပ် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။ ဆွေးနွေးပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဒီနှစ်ကုန် မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို ဘယ်လောက် လွတ်လွတ်လပ်လပ် မျှမျှတတ ကျင်းပနိုင်မလဲဆိုပြီး နိုင်ငံတကာက စိတ်ဝင်စားနေတဲ့အချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စုကို ရောက်လာတာဖြစ်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ နောင်တက်လာမယ့် အစိုးရအဖွဲ့ထဲမှာ သူ့ပါတီက ရွေးချယ်မယ်ဆိုရင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုပြီး ပြောဆိုထားတဲ့အတွက်လည်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နိုင်ဖို့အတွက် မျှော်လင့်ချက် ရှိပါသေးသလား - ဒီမေးခွန်းက ဒီကနေ့ အခမ်းအနားမှာ အားလုံး စိတ်ဝင်စားတဲ့ မေးခွန်းတခု ဖြစ်ခဲ့ပါတယ်။

“နိုင်ငံတော်သမ္မတ ရွေးချယ်မှုကို ကျနော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီက ဦးစွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အကယ်လို့ ကျနော်က ပါတီကနေပြီးတော့ အမည်စာရင်း တင်သွင်းတာကို ပြည်သူ့ကိုယ်စားများဖွဲ့စည်းထားတဲ့ လွှတ်တော်က ရွေးချယ် အတည်ပြုပေးမယ်ဆိုရင်တော့ အဆွေတော်မေးတဲ့ မေးခွန်းအတိုင်းပဲ နိုင်ငံတော်သမ္မတအတွက် မျှော်လင့်ချက် ထားရမှာပေါ့။”

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက လက်ခံပြောဆိုပါတယ်။ တချိန်တည်းမှာ လွတ်လပ်မျှတဖို့ လိုအပ်တဲ့ လိုအပ်ချက်တွေကိုလည်း သူက အခုလို ပြောဆိုသွားပါတယ်။

“မှန်ပါတယ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ ကျနော်တို့ မြန်မာနိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ သတ်မှတ်ထားတဲ့အချိန်ဖြစ်တဲ့ နိုဝင်ဘာလ ပထမအပတ်၊ နိုဝင်ဘာလဦးပိုင်းမှာ ကျင်းပဖို့နဲ့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့လိုပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲ တရားမျှတပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် အဓိကကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍမှာ တည်ပါတယ်။ ထိုနည်းတူစွာပဲ လက်ရှိအစိုးရ၊ လက်ရှိ လွှတ်တော်အသီးသီးနဲ့ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကလည်း ပါဝင်ပူးပေါင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အစဦးပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ကတိပေး ထုတ်ပြန်ကြေညာချက် ပြုထားပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ဖို့နဲ့ စနစ်တကျ မဲပေးနိုင်ဖို့ကိစ္စကိုလည်း ရွေးကောက်ပွဲကော်မရှင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အသီးသီးက ရွေးကောက်ပွဲဝင်တဲ့နေရာမှာ ရွေးကောက်ပွဲဝင်တဲ့ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို နားလည်ဆောင်ရွက်ဖို့ လိုပါတယ်။ ထိုနည်းတူစွာပဲ မဲဆန္ဒပေးကြမယ့် ပြည်သူများအနေနဲ့လည်း မိမိမဲပေးရတဲ့နေရာမှာ မဲပေးနိုင်ဖို့အတွက် အခွင့်အလမ်းရရှိဖို့နဲ့ ဝင်ရောက် မဲပေးကြဖို့လည်း လိုအပ်ပါတယ်။”

ရွေးကောက်ပွဲကျင်းပပြီးလို့ ရလာတဲ့ ရွေးကောက်ပွဲရလဒ်က လက်ရှိ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ စစ်တပ်က မကြိုက်နှစ်သက်တဲ့ “အဖြေ” ဖြစ်ခဲ့မယ်ဆိုရင်ကော လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်မှုနဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ပါတယ်။

“ပြည်သူရဲ့ဆန္ဒကို ကျနော်တို့ အလေးထားရမယ်။ ပြည်သူ့ရဲ့ရွေးချယ်မှုကို ကျနော်တို့ အတည်ပြုပေးရမယ်။ ဒါမှ ပြည်သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဓိကမေးခွန်းထုတ်သူတွေ သိချင်ကြတာက ဖွဲ့စည်းပုံပြင်ဆင်ရေးပဲဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကပဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ရေးမှာ အဓိက အဟန့်အတား ဖြစ်နေပါတယ်။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ပြီး လွှတ်တော်စတာနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပေး ပြောဆိုပါတယ်။

“လွှတ်တော်ဆက်ပြီး ကျင်းပတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ဆက်ပြီး ကျနော်တို့ ကြိုးစားဆောင်ရွက်ပါမယ်။ ပြီးတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ (ခ) နဲ့ဆိုင်တဲ့ ကိစ္စများကတော့ လွှတ်တော်အတွင်းမှာ ဆက်လက် ဆောင်ရွက်ပြီး အကယ်လို့များ ၄၃၆ (က) များ ပါလာတယ်ဆိုရင်တော့ အမျိုးသားဆန္ဒခံယူပွဲ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီနဲ့ အလွန်ဆုံး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်ဖို့ မျှော်မှန်းထားရှိပါတယ်။”

မြန်မာနိုင်ငံရဲ့အနာဂတ်မှာ လက်ရှိ အများစု အနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းနိုင်မယ့် အလားအလာ ရှိပါသလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း အခမ်းအနားမှာ ရှိခဲ့ပါတယ်။

“နိုင်ငံအတွက် အများပြည်သူအတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော၊ မနက်ဖြန်ရော၊ အနာဂတ်အတွက်ရော ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။”

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ဂျွန်ဘေနာရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၃၀ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ တပတ်ကြာ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်အတွင်း လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာရှိတဲ့ ပါတီ ၂ ရပ်စလုံးက အထင်ကရ ခေါင်းဆောင်တွေကို တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG