သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးဒုက္ခသည်အရေး ကုလထံ သူရဦးရွှေမန်းစာပေးပို့


လတ်တလောဖြစ်ပေါ်နေတဲ့ လှေစီးဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှု မရှိစေဖို့နဲ့ မြန်မာပြည်အတွင်း လူမျိုးရေးပဋိပက္ခတွေ မကြီးထွားစေဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက မှန်မှန်ကန်ကန် ပြောဆိုဆောင်ရွက်ကြစေဖို့ ပြည်ထောင်စုလွှတ်တော်နာယကက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီဥက္ကဌဆီကို ဒီကနေ့ စာရေးသား ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ လုံခြုံရေးကောင်စီ ဥက္ကဌဆီကို လိပ်မူပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပေးပို့တဲ့စာဟာ လတ်တလော လှေစီးပြေး ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အပေါ် နိုင်ငံတကာက ဝေဖန်တာတွေ မြင့်တက်နေချိန်မှာ ပေးပို့လိုက်တာ ဖြစ်ပါတယ်။

စာပါအချက်အလက်တွေကိုတော့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူရဦးရွှေမန်းက အခုလို ဖတ်ကြားပြခဲ့ပါတယ်။

“ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြုမူ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံခြင်းဖြစ်ပါသည်။

(၂) ယခုအခါ လူကုန်ကူးခြင်းကိစ္စ၊ လှေစီးဒုက္ခသည်များကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံအတွင်း လူမျိုးစုအရေး ပဋိပက္ခများ မကြီးထွားစေရန် ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက အထူးအလေးပေးစေလိုပါသည်။”

ကုလသမဂ္ဂအတွင်းရေးမှူးနဲ့ လုံခြုံရေးကောင်စီဥက္ကဌဆီကို ပေးပို့တဲ့စာမှာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြဿနာတွေကို ဘက်မလိုက်ဘဲ ဓမ္မဓိဌာန်ကျကျ ချဉ်းကပ်ဖို့နဲ့ အပြုသဘောနဲ့ ဆောင်ရွက်ကြဖို့ကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယကက ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သူ့အမြင်ကို အခုလို ပြောဆိုပါတယ်။

“နိုင်ငံတကာမှာ ပိုမိုပြီးတော့ ကောင်းမွန်တဲ့ နေထိုင်မှုဘ၀ အခွင့်အရေးတွေ၊ နောက် အလုပ်အကိုင် အခွင့်အရေးတွေကို ရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ သိထားပါတယ်။ ဒါကို ခပ်မန်ဒူးမြို့မှာကျင်းပတဲ့ အစည်းအဝေးတခုမှာ သက်ဆိုင်ရာဝန်ကြီးချုပ်က ဖွင့်ဟပြီး ဝန်ခံသွားတာကိုလည်း ဖတ်လိုက်ရပါတယ်။ ဆိုတော့ ထိုင်းမှာကျင်းပတဲ့ အစည်းအဝေးမှာကတော့ တခြားနိုင်ငံတွေက ကျနော်တို့ မြန်မာနိုင်ငံအပေါ်ကို ပုံချချင်တာပေါ့နော်။ အဲဒါကို ကျနော်တို့က သတိပေးတဲ့သဘောပါ။ ကောင်းပါတယ်။”

ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကတော့ ဒီလိုစာပေးပို့တာကို ကြိုဆိုကြောင်း ပြောပါတယ်။

“နာယကကြီးပေးပို့တာကိုတော့ လက်ခံကြိုဆိုပါတယ်။ ခက်တာကဗျာ ကမ္ဘာကြီးကလည်း အင်အားများတဲ့ဘက်ကို ပါနေကြတာကိုး။ ကုလသမဂ္ဂကိုတောင် ကျနော်တို့ သာမန်လူသားတဦးအနေနဲ့ ယုံကြည်မှု သိပ်မရှိတော့ပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ နော် မျက်နှာကြီးရာ ဟင်းဖတ်ပါနေတာကိုး။ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးကြတယ်ဆိုတဲ့ သတင်းလည်း ကျနော်တို့ ကြားပါတယ်။ နောက် Oslo Conference ကိုလည်း ကျင်းပတာပေါ့ဗျာ။ အကြောင်းရင်းကိုလည်း ကျနော်တို့သိပါတယ်။ မြန်မာ့နိုင်ငံရေး ဒီမိုကရေစီ အပြောင်းအလဲကာလမှာ ဒါမျိုး ဖိအားပေးတာမျိုးက ကြိုတင် ကြံစည်ပြီးမှ တပြိုင်နက်တည်း ဖောက်ခွဲတဲ့ပုံစံမျိုးဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် လုံခြုံရေးကောင်စီနဲ့ ပတ်သက်လို့ တံခါးပိတ်အစည်းအဝေး ကျင်းပတာ၊ ကုလသမဂ္ဂ အထွေထွ အတွင်းရေးမှူးချုပ်ဆီကို ဖြစ်စဉ်ရဲ့ ဇစ်မြစ်ကို လေ့လာဖို့ ပြည်ထောင်စုလွှတ်တော် နာယကကြီးရဲ့ တင်ပြတဲ့အပေါ်မှာ ကျနော်တို့ ချွင်းချက်မရှိ ထောက်ခံပါတယ်။”

မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာတော့ မကွေးတိုင်းဒေသကြီးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လှေစီးပြေး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ မူဝါဒတရပ် ချမှတ်ဖို့အတွက် အရေးကြီးအဆို တင်ပြခဲ့တာကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ ဦးလှဆွေရဲ့ တင်ပြချက်မှာ လှေစီးပြေးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် မြန်မာရေပိုင်နက်မှာ ရောက်လာရင် အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံမှာလို ပစ်ခတ်ရှင်းလင်းဖို့၊ ဒါမှမဟုတ် လူသားချင်းစာနာမှုအရ စားနပ်ရိက္ခာထောက်ပံ့ပြီး နိုင်ငံတကာ ရေပိုင်နက်ကို ပြန်လည်စေလွှတ်ဖို့နဲ့ ရေပြင်ကနေ ကုန်းမြေမှာ လက်ခံထားရရင်လည်း ရက်ကန့်သတ်ပြီး လက်ခံဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့လ ၂၁ ရက်နေ့က မြန်မာရေပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးပြေး ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို မေလ ၂၉ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အနီး ပင်လယ်ပြင်မှာ လှေစီးပြေး ၇၀၀ကျော်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း၊ လောလောဆယ်မှာတော့ မြန်မာရေတပ်က ထိန်းသိမ်းထားတဲ့ လှေစီးပြေး ၉၀၀ ကျော်လောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည် လွဲှပြောင်းဖို့အတွက ်ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမှာ စောင့်ရှောက်ထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG