သုတအဖြာဖြာ / သိပ္ပံနဲ့နည်းပညာ

လက်တွေ့သုံးနေတဲ့ အစားထိုးစွမ်းအင် အပိုင်း (၂)

Solar Pumping in Seikphyu Magway Region
Solar Pumping in Seikphyu Magway Region

မီဒီယာ

အသံ
TEXT SIZE - +
ခင်မျိုးသက်

အစားထိုးလောင်စာ စွမ်းအင်တွေထဲက မြန်မာပြည်က နေရောင်ခြည် အစားထိုးလောင်စာ စွမ်းအင် သုံးစွဲတဲ့ အနေထားကို ဒီတပါတ်မှာ ပြောပြပါရစေ။

နေရောင်ခြည်ကနေ ယူတဲ့ စွမ်းအင်ကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ သုံး နေကြသလို မြစ်ကြီးနား၊ မုံရွာ၊ မိတ္ထီလာ၊ မကွေး၊ လားရှိုး၊ ပြည်၊ စစ်တွေ၊ ထားဝယ်နဲ့ ကော့သောင်လို နေရာတွေမှာ လက်တွေ့ သုံးနေကြတာပါ။  ဒီလက်တွေ့ သုံးစွဲမှု တွေကို  လေ့လာပြီး၊  ၂၀၀၈ ခုနှစ် ကမ္ဘာ့ သိပ္ပံ အင်ဂျင်နီယာနဲ့  နည်းပညာ စာစောင်မှာ မန္တလေး နည်းပညာ တက္ကသိုလ်က ဒေါ်သက်သက် ဟန်ရီနဲ့ အဖွဲ့က  မြန်မာနိုင်ငံမှာ  အစားထိုးလောင် စာ  တွေထဲက နေရောင်ခြည် စွမ်းအင်ကို သုံးစွဲရင်  ထိရောက်မှု ပိုရှိကြောင်း  အကြံပေးချက်ကို ဖေါ်ပြထား  ပါတယ်။  ဒါပေမယ့် မြန်မာနိုင်ငံမှာ  စံနစ်တကျ သုံးစွဲဖို့အတွက် မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဆိုလာပြားတွေ အလုပ်လုပ်ဖို့ အတွက်  အပူရှိန်နဲ့ နေရောင် ရရှိမှုက အဓိက ထိမ်းချုပ်ထားတာပါ။  ဧရိယာ စတုရန်းမိုင်  ၂သိန်း ၆သောင်းကျော်  ကျယ်ဝန်းတဲ့ မြန်မာ နိုင်ငံဟာ  အပူပိုင်း မုတ်သုန်ရာသီ ဥတု ရှိတဲ့  ဒေသမှာ ရှိပါတယ်။   ကမ်းရိုးတန်းဒေသက လွဲပြီး တနှစ်ပါတ်လုံး နေရောင်ကို ကောင်းကောင်း  ရသလို  အပူရှိန်လည်း များပါတယ်။ တနေ့ကို ပျမ်းမျှ ရနာရီကနေ ဆယ်နာရီလောက် အထိ နေရောင်ခြည်ကို ရတတ်သလို  မိုးရာသီမှာ ဆိုရင်တော့  တနေ့ကို ၃နာရီ ၄နာရီလောက်  ရတာပါ။

အခုလို နေရောင်ခြည် ကောင်းကောင်း ရနေတဲ့ မြန်မာနိုင်ငံမှာ  ပါတ်ဝန်းကျင် ညစ်ညမ်းမှု နဲပါးစေတဲ့ ဒီနေရောင် ခြည်စွမ်းအားကို ကျန်းမာရေး ၀န်ကြီးဌာန၊ ရေရရှိရေးနဲ့ ဆက်သွယ်ရေး ဌာနတွေမှာ အနဲအကျဉ်းသာ သုံစွဲကြပေမယ့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကပဲ  ဒီအစားထိုးလောင်စာ စွမ်းအင်အတွက် အဓိကလုပ်ဆောင်နေတာ တွေ့ရပါတယ်။  နေရောင်ခြည် စွမ်းအင်သုံး  ဆိုလာပြား လုပ်ကိုင်နေသူတွေ ထဲမှာ နေမင်းစွမ်းအင်လုပ်ငန်း  ရေတွင်းတွေမှာ သုံးတဲ့ ရေစုပ်စက်အတွက် ဆိုလာပြားတွေ တပ်ဆင်ပေးနေတာပါ။   ဒီလုပ်ငန်းက အင်ဂျင်နီယာ ဦးသိန်းမော်ကို ဆိုလာပြားတွေ ထုတ်လုပ်တာကစပြီး လက်ရှိသုံးစွဲနေတာတွေကို  သိရဖို့  မေးကြည့်တဲ့ အခါမှာ ရေစုပ်စက်အတွက် ဆိုလာပြား တပ်ဆင်ပေးဖို့  ဘာတွေ လိုအပ်တယ် ဆိုတာကို စပြီး အခုလိုပြောပါတယ်။

ပထမဆုံးကတော့  တွင်းရဲ့ အနက်ပေါ့နော်။ ရေကို ဘယ်လောက် အမြင့်အထိ စုပ်တင်ရမယ် ဆိုတာ ကျွန်တော်တို့ သိဖို့လိုတယ်။ နောက်ပြီးတော့ ရေထွက် ပမာဏ ဘယ်လောက်အထိ လိုအပ်တယ် ဆိုတာ သိဖို့လိုအပ်တယ်။ နောက်တချက်က ဘယ်ဒေသမှာ  တပ်မလဲပေါ့နော်။ ဒါအဓိက က  နေရောင်ရရှိဖို့ ဆိုလာပြားတွေကို  စောင်းထားရမယ့်  ဒီဂရီကွာသွားတယ်။  အဲဒါအပြင် ဘယ်နေရာမှာ တပ်မလဲ ဆိုတာလည်း ကျွန်တော်တို့က သိဖို့ လိုတာပေါ့။

ဆိုလာပြားတွေ တပ်တာ နေရာ အကျယ်ကြီးလိုပါသလား ဆရာ

တချို့ဆိုလာပြားက  ၃ပေx ၆ပေ အကျယ်လောက်နဲ့ပဲ လောက်တာပေါ့နော်။  တချို့နေရာတွေမှာ ကျတော့ အပြားတွေ အများကြီး တပ်ရမယ် ဆိုရင်တော့ အပြားများ ရင် များသလောက် နေရာကလည်း ပိုပြီး ကျယ်ကျယ်လိုတာပေါ့။အထူးသဖြင့် ရေကအရမ်းနက်တဲ့  ဒေသတွေမှာ  နောက်ပြီး ရေထွက်ကလည်း  ကောင်းကောင်း လိုချင်တဲ့ အချိန်မျိုးမှာ စွမ်းအင်မြင့်တဲ့ pump တွေ တပ်တဲ့ အခါမှာ ဆိုလာပြားတွေ အများကြီးလိုတယ်။ အဲဒီလိုနေရာမျိုးမှာ နေရာ ကလည်း ကျယ်ကျယ် ၀န်းဝန်း လိုတာပေါ့နော်။

နေရောင်ရဲ့ စွမ်းအင်ကို သိုမှီးထားနိုင်ဖို့  ဘာတွေ လုပ်ရပါလဲ

အခုကျွန်တော်တို့တပ်နေတဲ့ဆိုလာစံနစ်က တော့ နေရောင်ပြားကနေတိုက်ရိုက် ရေစုပ်ပမ့်တွေကို  မောင်းတင်တဲ့ စံနစ်ပေါ့နော်။  တကယ်လို့  စွမ်းအင်ကို ညပိုင်းမှာ သို့မဟုတ် နေရောင်မရတဲ အချိန်မျိုးမှာ  သုံးချင်တယ် ဆိုရင် တော့ သူ့ကို အဓိက အားဖြင့်  ဒီမှာ ဘက်ထရီ ထဲမှာ ထည့်ပြီး လှောင်ထား ရပါတယ်။  ဘက်ထရီ ကနေ ဒီစီပဲ ဖြစ်ဖြစ် အေစီပဲ ဖြစ်ဖြစ် ပြောင်းပြီးမှ  စွမ်းအင်ကို ပြန်ထုတ်ပေး  ရပါတယ်။

ဆိုလာပြား  တွေကို ဘယ်လိုလုပ်ထားတာ ပါလဲ

ဆိုလာပြားက အဓိကအားဖြင့် နည်းစံနစ် ၂မျိုး ရှိတယ်။  တမျိုးက ဟိုအရင်တုန်းက  ဆီးမန်းကုမ္ပဏီက ရှေးအဆက်ဆက်ကနေ ထွင်လာခဲ့တဲ့  နည်းစဉ်ပေါ့နော်။  သူကတော့ သံကြိုသလိုပဲ။ batch by batch တသုတ်ပြီးမှ တသုတ်  လုံနဲ့ ကျိုသလို ကျိုတယ်။ ကျိုပြီးမှ အင်းကော့ ဆိုတဲ့ သဲတုံးကြီးတွေ လုပ်ရတာပေါ့။ ဆီလီကွန် အတုံးကြီးတွေ။  အဲဒါကိုမှ လွှနဲ့ စိတ်ပြီး  ဝေဖာဖြစ်အောင် လုပ်ရတယ်။ အဲဒါတွေကိုမှ တခါ ပေါင်းစပ်ပြီးတော့  ဆိုလာမော်ဒျူးတွေကို တပ်ဆင်ရတယ်။

ဒုတိယနည်းစဉ်ကတော့  အငွေ့ဖြစ်အောင် လုပ်ပြီးမှ  တောက်လျှောက် ဆက်တိုက် ထုတ်တဲ့ နည်းစဉ်ပါ။ ဆက်တိုက် ဆိုတာက continuous process ပေါ့နော်။ အဲဒါကို  တချို့ ကုမ္ပဏီတွေက သုံးနေပါပြီ။ အဲဒီနည်းစဉ်ကတော့ ဆက်တိုက် ထုတ်တဲ့ အတွက်  ထွက်လာတဲ့ ဆိုလာပြားရဲ့ ဈေးနှုံးက ပိုပြီးတော့ သက်သာ သွားတာပေါ့နော်။ ဒါပေမယ့် အခုထက်ထိတော့ ဆီးမန်း နည်းစဉ်နဲ့ လက်ရှိ ကျယ်ကျယ် ပြန့်ပြန့် သုံးနေတာပါ။

နောက်ပိုင်းမှာတော့ အဲဒီလို သဲကို ကျိုချက်တဲ့ နည်းအစား  အောက်ခံပြား ပေါ်မှာ အလွှာတင်တဲ့ နည်းတွေနဲ့  တင်ပြီးတော့ အလွှာပါး ဆိုလာပြားတွေကို ထုတ်လာတာလည်း ရှိပါတယ်။ ဒီအပြားတွေကတော့ ခေါက်လို့ ကွေးလို့ ရတယ်။ ပုံစံ အတိအကျ ရှိစရာ မလိုဘူး။ တချို့ဆိုရင် အိတ်တွေ ဘေးမှာကပ် ထားပြီး အိတ်အထဲမှာ စွမ်းအင်လိုတဲ့ တယ်လီဖုံးလိုပစ္စည်းကို အားသွင်းတာမျိုး လုပ်တယ်။   သူက ပေါ့ပေါ့ ပါးပါးနဲ့ နေရာ တိတိကျကျ မလိုပဲ သုံးလို့ ရပါတယ်။  သို့သော် ဈေးနှုံးကတော့ ပုံစံအတိအကျနဲ့လုပ်ထားတဲ့ဆိုလာပြားတွေထက်  လောလောဆယ်မှာ ဈေးကြီးနေသေးတယ်။  နောက် မြန်မာပြည်မှာကလည်း တော်တော် အသုံးနဲနေသေးတယ်။

အခုဆရာတို့ လောလောဆယ် သုံးနေတာက ဆီမဲန်ကုမ္ပဏီကထုတ်တဲ့  တသုတ်ပြီးမှ တသုတ်ထုတ်တဲ့ နည်းပေါ့နော်။

ကျွန်တော်တို့ကတော့ လောလောဆယ်မှာ  ၂မျိုးစလုံးကို သုံးပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို လာတဲ့ ဆိုလာပြားအများစုက ဆီးမဲန်း နည်းနဲ့ ထုတ်တဲ့  အပြားတွေက များပါတယ်။  ဥပမာ ဒီနည်းစဉ်က နေ့ပိုင်း မှာပဲ ၈နာရီ ဆိုင်းနဲ့ ထုတ်ကြတယ်ပေါ့။  ဒုတိယပြောတဲ့ နည်းစဉ်ကတော့   ၂၄နာရီ သူက တောက်လျောက် ထုတ်နေရတယ်။ နားလို့ မရဘူးပေါ့လေ။ ဒီလို တောက်လျောက် ထုတ်နေတဲ့ အတွက် ထုတ်တဲ့ စားရိတ်က သက်သာတာပေါ့။

ဆိုလာပြားတွေရဲ့ ဈေးနှုံးကို ကြည့်ရအောင်ပါ။

ဒီမှာကတော့ one watt ကို ဘယ်လောက်လဲ ဆိုပြီး အရောင်းအ၀ယ် လုပ်ကြတာပေါ့။  တချို့ နံမယ်ကြီးတဲ့ အပြားတွေက  one watt ကို လက်ရှိ အချိန်မှာ လေးထောင်၊ ၅ထောင် အထိရောင်းနေတယ်။ တရုတ်က လာတဲ့ အပြားတွေ ကတော့ သူ့မှာ အာမခံချက် မပါဘူး။  သူတို့က one watt ကို ကျပ် တထောင်အောက်မှာ ရောင်းနေကြတယ်။ ဘက်ထရီကို အားသွင်းဖို့ လိုတဲ့ သူတွေ အတွက်ကတော့  တရုတ်ပြားတွေကို လွယ်လွယ်ကူကူ သက်သက်သာသာနဲ့  ၀ယ်သုံးကြတော့ တရုတ်ပြားတွေက ပိုပြီးတော့ အလုပ်ဖြစ်နေတာပေါ့။  လက်ရှိ အခြေနေမှာ။  သို့သော် ကျွန်တော်တို့  လို pump တွေကို  တကယ် အင်အား အပြင်းနဲ့ မောင်းတဲ့ အခါကျတော့  ပေါတဲ့ တရုတ်ပြားတွေ ၀ယ်သုံးဖို့ အဆင်မပြေဘူး။  စံချိန်မှီတဲ့ အပြားတွေကိုပဲ  ၀ယ်ပြီး သုံးမှပဲ  အဆင်ပြေတယ်။

ဦးသိန်းမော်ပါ။ နေရောင်ကောင်းကောင်းရတဲ့ မြန်မာနိုင်ငံအတွက်  အခုအချိန်ဟာ အစိုးရက ဖြန့်ဝေတဲ့ လျှပ်စစ်ဓါတ်အား ပေါ်မှာ  မှီခိုနေကြရပြီး  အစိုးရ ဓါတ်အားပေးလိုင်း လက်လှမ်းမမှီတဲ့ နေရာတွေမှာ  လျှပ်စစ်ဓါတ်အား မရကြတာထက်  လက်လှမ်းမီတဲ့ နေရာတွေမှာပါ  ဖြန့်ဝေ မပေးနိုင်တာမျိုးကို ကြုံနေရတာပါ။  တကယ်လို့ မြန်မာနိုင်ငံမှာ  ဆိုလာပြားတွေကို  ကိုယ်တိုင် ပေါပေါ များများ  ထုတ်နိုင်ပြီ ဆိုရင်တော့  ဆိုလာပြားဈေးနှုံးတွေ ကျဆင်းလာတာနဲ့ အတူ စွမ်းအင်အတွက် တဖက်တလမ်းက  စိတ်အေးရနိုင်တယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို  ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

This forum has been closed.
Comments
     
There are no comments in this forum. Be first and add one

နေ့ စဉ်တီဗွီသတင်းလွှာ (၀၅-၂၅-၂၀၁၃)

Loading
๑๒:๐๐:๐๐ / -:--:--
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဂျပန်စီးပွားရေးလုပ်ငန်းရှင်များနဲ့ အတူရန်ကုန်ရောက်၊လက်ပန်းတောင်းတောင်ရပ်တန့် ရေးဆန္ဒပြပွဲ ၆လပြည့်ဆုတောင်းပွဲ....စသည်

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--